Friday, November 28, 2014

ထို့ကြောင့် သည်နေ့မှစ၍ ကျွန်တော်အား သူပုန်ကြီးဟုခေါ်ပါရန် ===================================

ထို့ကြောင့် သည်နေ့မှစ၍ ကျွန်တော်အား သူပုန်ကြီးဟုခေါ်ပါရန် =================================== ကျွန်တော် တောခိုချင်တယ် မေမေ။ စိတ်ပုတီးနဲ့ ရိပ်ကြီးခိုတဲ့တောတော့ မဟုတ်ဘူးမေမေ။ သေနတ်ကြီး လက်မှာပွေ့ စီးကရက် ပါးစပ်မှာတေ့လို့ ယမ်းမီးခိုးတဝေ့ဝေ့နဲ့ပေါ့။ ရမ်ဘိုမင်းသားလို ဆံပင်ဖားလျား စစ်ဝတ်စုံ ပြောက်ကျားနဲ့ပေါ့။ သားကြားဖူးတယ် သူတို့တွေက လုပ်ချင်ရာ လုပ်လို့ရတယ်မေမေ။ မိန်းမတွေ ဟောတစ်ယောက်..ဟောတစ်ယောက် ကြိုက်သလောက်ယူ ကျသလောက် ရှင်းစရာမလိုဘူးတဲ့။ ငွေဆိုတာ ရေလိုပဲ လက်ဖြန့်ရုံနဲ့ လက်ထဲပြည့်စုံတယ်တဲ့မေမေ။ သူမကျေနပ်ရင် လူတွေသတ် ဘယ်လိုဒဏ်မှ မခတ်ခံရဘူးတဲ့ မေမေ။ ဟိုတစ်နေ့ကတောင် စစ်ဗိုလ်ကြီးတစ်ယောက် လည်လှီးဗိုက်ဖောက်ကြသတဲ့မေမေ။ သားအားကျလိုက်တာ သားသာ သူပုန်ဗိုလ်ဆို မေမေ့ကို တရုတ်ပြည်ပို့ ချမ်းချမ်းသာသာထားလို့ရမှာ။ ရွှေလိုသလား ငွေလိုသလား ကျောက်သံပတ္တမြားဆိုတာ လာထားဆိုရင် အလကားရသတဲ့မေမေ။ ဗျာ… နင်ရူးနေသလား မေးလိုက်တာလားမေမေ။ ကျွန်တော်မရူးဘူး ဘေးအိမ်က ကိုဖိုးထူး တပ်ထဲဝင်တာမှ ရူးတာ။ သူတို့တပ်က ကြယ်သီးစုံမတပ်ရင်တောင် ပြစ်ဒဏ်ခတ်လို့ရသတဲ့။ ရည်းစားဆိုလည်း တစ်ယောက်ပဲတဲ့။ နှစ်ယောက်တွဲထားလို့ ပေါက်ကွဲသွားပြီးတိုင်ရင် တပ်ကထုတ်ပစ်နိုင်သတဲ့။ ရှေ့တန်းဆိုလည်း ကိုယ့်ရိက္ခာကိုယ်ထမ်း သိပ်ပင်ပန်းသတဲ့။ ဗုံးသီးကျည်ဆန် အလေးအပင်မှန်သမျှ ဆန်တစ်ပိုင်းမကဘူးတဲ့မေမေ။ တစ်တောပြီးတစ်တော မောပြီးရင်းမောသတဲ့။ တစ်တောင်ပြီးတစ်တောင်ဆက် တက်ပြီးရင်းတက်သတဲ့။ မောကြီးပန်းကြီး လူကို အလေးကစီးသတဲ့။ ဒီအချိန်မှာ သူပုန်ကစီးကရက်ခဲ ဘီယာဘုတွေဖြန့်ကျဲလို့ သူတို့တက်အလာ အသာယာမိုင်းဆွဲ ချောင်းပြီးတော့ပစ်ရုံပဲတဲ့။ အတုန်းအရုန်း ကျဆုံးသူတွေ ခြေပြတ် လက်ပြတ် သွေးစက်လက်နဲ့သူတွေ အများကြီးပဲတဲ့မေမေ။ ကဲ ဘာလို့တပ်ထဲဝင်တော့မလဲ သူပုန်ပဲလုပ်မှာပေါ့မေမေ။ သူတို့ကလွတ်လပ်တယ် သူတို့က သေဆိုသေ သူတို့က ရှင်ဆိုရှင် ဒီဘက်ခေတ်ရှင်ဘုရင်တွေလေ။ ရပ်ကွက်ထဲက ပြောနေကြတယ်မေမေ။ ကိုဖိုးထူးတို့တပ်က သံဃာတွေသတ်သတဲ့။ ကိုဖိုးထူးတို့တပ်က ကျောင်းသားတွေသတ်သတဲ့။ ကိုဖိုးထူးတို့တပ်က ဆင်းရဲ ငတ်ပြတ်သတဲ့။ ကိုဖိုးထူးတို့တပ်က မုဒိန်းကျင့်ညစ်ပတ်သတဲ့။ ကိုဖိုးထူးက မမှန်ဘူးဘယ်လောက်ပြောပြော အရပ်တကြောကတော့ အက်ကြောင်းထပ်အောင် ပြောနေတာပဲမေမေ။ ဒီလောက်ဆင်းရဲ ဒီလောက်ဆိုဆဲခံရပြီး ဒီလိုတွေမုန်းတီးနေတဲ့တပ်ထဲ ဘာလို့ဝင်မလဲမေမေ။ လက်ညိုးညွှန်ရာငွေဖြစ်တဲ့ လက်ညိုးညွှန်ရာရွှေဖြစ်တဲ့ လက်ညိုးညွှန်ရာမိန်းမ လိုတိုင်းတ တတိုင်းရတဲ့ သူပုန်ပဲလုပ်မှာပေါ့မေမေ။ သူတို့လုပ်ချင်ရာ သူတို့လုပ် အနှောင်အချုပ်မှမရှိတာ သိပ်လွတ်လပ်တာပဲဗျာ။ လူတစ်ယောက်အသက်ဟာ ဖက်ရွက်အမှိုက်…။ လူတစ်ယောက်သွေးဟာ ခြေဆေးရေ..။ အခြေနေမကောင်းရင်ဆွေးနွေး အခြေနေကောင်းရင် ပစ်ပြေး အေးဆေးပဲတဲ့မေမေ။ သူတို့ကို ဘယ်သူမှ ဘာမှ မလုပ်ရဲကြဘူးထင်တယ်မေမေ။ သေသွားတဲ့စစ်ဗိုလ်ကြီးအမေ ခုဘယ်လိုနေမလဲ။ သေသွားတဲ့စစ်ဗိုလ်ကြီးအဖေ ခုဘယ်လိုဖြေမလဲ။ သေသွားတဲ့စစ်ဗိုလ်ကြီးညီမ ခု ဘယ်သူ့အကိုခေါ်ရမလဲ။ ရက်ရက်စက်စက် သူသတ်ခံရတဲ့အတွက် သူတို့တပ်က တရုတ်သိုင်းကားထဲကလို လက်စားချေလို့မရ လက်ပိုက်ကြည့်နေရသတဲ့မေမေ။ ငြိမ်းချမ်းရေးဆိုလား ဘာဆိုလား သားနားမလည်ပေမယ့် သူလိုမျိုးအဖြစ်ဆိုး ကျွန်တော်မတိုးချင်ဘူးမေမေ။ ဒါ့ကြောင့် ဒီနေ့ကစပြီး ကျွန်တော်သူပုန်ကြီးပဲလုပ်မယ်မေမေ။ ဒါ့ကြောင့် ဒီနေ့ကစပြီး ကျွန်တော့်ကို သူပုန်ကြီးလို့ ခေါ်ပါမေမေ။

သင် ဖားကန့်ရောက်ဖူးပြီလား?

ဖားကန့်မြို့၏ မှော်ရှန်ခေါ်သော ရပ်ကွက်တစ်ခု၌ ဖြစ်သည်။ 1B2 (မှော်ရှန်ရပ်ကွက် အမှတ် ၁၊ အိမ်နံပါတ် B2) ဆိုသော အနှိပ်ခန်းတစ်ခုသို့ KIA တပ်သားအချို့ သောက်စားပြဲရွဲနေသော အနေအထားဖြင့် ရောက်လာကြသည်။ ဖားကန့်ဒေသဆိုသည်က KIA တို့ ကြီးစိုးထားသော နယ်မြေဖြစ်သည်။ KIA သောင်းကျန်းသူတို့ကို မည်သူကမျှ မော်မကြည့်ဝံ့သော နယ်မြေဖြစ်သည်။ KIA ဆိုလျှင် လူကိုယ်တိုင်ကို မဆိုထားဘိ၊ KIA ဟူသော အမည်ကြားလျှင်ပင် ဒူးတုန်အောင် ကြောက်ကြရသည်။ ယခု KIA များကိုတော့ ဆိုင်ရှင်မှ KIA ဟု မထင်မိသဖြင့် "အခန်းမအားသေးလို့ ခဏစောင့်ပါဦး" ဟု ပြောလိုက်မိသည်။ ဤတွင် KIA တို့ ယမ်းပုံမီးကျကြသည်။ သူတို့ကို ဤသို့ပြောရပါမည်လားဆို၍ ဆိုင်ထဲရှိသမျှ ယောက်ျားသားမှန်သမျှ ဆွဲထုတ်၍ လမ်းမပေါ် ဝမ်းလျားမှောက်နေစေသည်။ ထို့နောက် သေနတ်နှင့်ချိန်၍ လက်သီးဆုပ် ဒိုက်ထိုးခိုင်းသည်။ ဤမြင်ကွင်းက ဖားကန့်ဒေသ၌ KIA မှ အရပ်သားပြည်သူများအပေါ် နိစ္စဒူဝ နှိပ်စက်ညှင်းပန်းနေသော မြင်ကွင်းများထဲမှ တစ်ခုသာဖြစ်သည်။ ဖားကန့်ဒေသ၌ အမှား/အမှန် ခွဲခြားခြင်းဟူ၍ မရှိ။ အမှား/အမှန်သည် KIA ၏ နှုတ်ထွက်စကားတစ်ခွန်းအပေါ် မူတည်သည်။ ဖားကန့်ဒေသ၌ တရားဥပဒေမရှိ။ တရားစီရင်မှုဆိုသည်မှာ KIA ၏ အဆုံးအဖြတ်သာ ဖြစ်သည်။ KIA မှ အပြစ်ရှိသည်ဟု ဆုံးဖြတ်လျှင် အမှုကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ သေဒဏ်နှင့် ပေးဆပ်ရသည်။ KIA မှ သံသယရှိလျှင် ဖမ်းဆီးခေါ်ဆောင်သွားခံရပြီး ထိုသူကို နောက်တစ်ကြိမ် ထပ်မံမမြင်တွေ့ရတော့ချေ။ တစ်နည်းအားဖြင့် တောတွင်းတရားစီရင်မှုဟု ခေါ်ဆိုနိုင်ပေမည်။ စီးပွားရေးလုပ်ကိုင်မှုအနေဖြင့်မူ ဖားကန့်ဒေသ၌ မည်သည့်စီးပွားရေးကိုမဆို KIA မှ လုပ်ကိုင်ခွင့် ပေးထားသည်။ သို့သော် KIA နှင့် အဆင်ပြေလျှင် ရှေ့ဆက်အသက်မွေးနိုင်ပြီး အဆင်မပြေလျှင် လုပ်ငန်းဖျက်သိမ်းခံရကာ အသက်ဆုံးရှုံးသည်အထိပင် ဖြစ်နိုင်သည်။ အထက်တွင် ဖော်ပြခဲ့သော 1B2 အနှိပ်ခန်းသည်လည်း KIA အား စကားတစ်ခွန်းမှားသွားသည့်အတွက် KIA မှ ဆိုင်ပိတ်သိမ်းခြင်းကို ခံလိုက်ရရှာသည်။ ဖားကန့်ဒေသ၌ KIA လက်ချက်ဖြင့် ယင်းကဲ့သို့သော နေ့မြင်ညပျောက် လူများ၊ ဆိုင်များကား ဒုနှင့်ဒေး။ တစ်လောကပင် ကျွန်တော့်မိတ်ဆွေတစ်ယောက်အား KIA မှ မသင်္ကာဟူ၍ ဖမ်းခေါ်သွားသည်။ ထိုသူမှာ ဘဝတက်လမ်းမျှော်လင့်ချက်ဖြင့် ရွာမှ ဖားကန့်သို့တက်လာပြီး ရိုးရိုးသားသား ကျောက်တူးနေသူ တစ်ယောက်ဖြစ်သည်။ KIA ဖမ်းခေါ်သွားပြီးချိန်မှစ၍ ထိုသူကို ဖားကန့်မြေ၌ ထပ်မံမမြင်တွေ့ရတော့။ KIA သတ်၍ သေသွားပြီဟုသာ မှတ်ယူလိုက်ကြရသည်။ KIA အနေဖြင့် လူတစ်ဦးတစ်ယောက်အား မသင်္ကာသည် ရှိခဲ့လျှင်သော်မှ ထိုသူသည် အရပ်သားပြည်သူလား၊ သူလျှိုလား သေချာအောင် စုံစမ်းသင့်သည်။ သို့သော် ဖားကန့်ဒေသတွင် KIA မှ မသင်္ကာဖြစ်ခံရသူမှန်သမျှ နေ့မြင်ညပျောက် ဖြစ်သွားကြသည်။ ထိုသို့အပြစ်တစ်စုံတစ်ရာမရှိပါပဲလျက် KIA မှ မသင်္ကာ၍ အသက်ပေးလိုက်ကြရသောသူများကား ဖားကန့်ဒေသ၌ မနည်းတော့ပြီ။ ဖားကန့်ဒေသ၌ KIA လက်အောက်နေရခြင်းသည် မြန်မာများ ဖက်ဆစ်ဂျပန်လက်အောက်နေရစဉ်ကထက် ပိုမိုဆိုးဝါးသည်ဟု နှိုင်းယှဉ်က လွန်အံ့မထင်။ ဖားကန့်ဒေသသည် ကျောက်စိမ်းထွက်သောနယ်မြေဖြစ်၍ လူပေါင်းစုံပြီး လုပ်ငန်းစုံသည်။ ထိုနယ်မြေ၌ လုပ်ကိုင်စားသောက်သူမှန်သမျှ ဝင်ငွေကောင်းသည်။ သို့သော် မိမိရသောဝင်ငွေ၏ ၁၀ ရာနှုန်းကို KIA အား ဆက်ကြေးပေးရသည်။ အခွန်ဟုလည်း ခေါ်ဆိုလိုက ခေါ်ဆိုနိုင်သည်။ မိမိတို့အနေဖြင့် ၁၀ ရာခိုင်နှုန်း ဆက်ကြေးပေးရခြင်းကို မကျေမနပ်မဖြစ်။ ပေးလည်းပေးနိုင်သည်။ ကြည်ဖြူသည်။ သို့သော် ဘဝင်မကျစရာက ဆက်ကြေးက ဆက်ကြေးသာဖြစ်ပြီး KIA တပ်ဖွဲ့ဝင်များ၏ မိုက်ကြေးခွဲမှုများကိုလည်း ပေးကြရသည်။ မူးမူးရူးရူးဖြင့် အိမ်ထိတိုင်လာ၍ မိုက်ကြေးခွဲကြသည်။ ၎င်းတို့နှင့် ပြသနာမဖြစ်ချင်၍၊ မဖြစ်ဝံ့၍ ငါးသောင်း၊ ခြောက်သောင်း ပေးလိုက်လျှင်လည်း မကျေနပ်တတ်။ "ငါးသောင်းလောက် ဘာလုပ်ရမှာလည်း... တသိန်းခွဲပေး... ငါ့ကို ဘာထင်နေလဲ" စသည်ဖြင့် ရစ်တတ်၊ အနိုင်ကျင့်တတ်သည်။ မိမိတို့အနေနှင့်လည်း မတတ်နိုင်။ ကြောက်တော့လည်း တောင်းသလောက် ပေးလိုက်ရသည်ချည်းဖြစ်သည်။ ဤသို့ဖြင့် မိမိတို့ ဖားကန့်ဒေသ၌ လုပ်ကိုင်စားသောက်နေသူမှန်သမျှ မည်သူမျှ စုမိဆောင်းမိသည်ဟူ၍ မရှိ။ KIA နယ်မြေထဲ ရသမျှငွေ KIA အား ဆက်ကြေးပေးရသည့်နှင့် ကုန်ကြရသည်ချည်း ဖြစ်သည်။ ဖားကန့်ဒေသ၌ မည်သည့် စီးပွားရေး၊ လူမှုရေးကိစ္စရပ်မဆို KIA မှ ပါဝင်စွက်ဖက်သည်ချည်း ဖြစ်သည်။ လုပ်ငန်းမှန်သမျှ ၁၀ ရာခိုင်နှုန်း ဆက်ကြေးပေးရသည်က ထုံးစံဖြစ်သည်။ ဈေးဆိုင်မှန်သမျှလည်း ဆက်ကြေးပေးကြရသည်။ ကွမ်းယာဆိုင်ပင်လျှင် ဆက်ကြေးပေးရသည်။ ထို့အပြင် ကျောက်ရောင်း လျှင်လည်းKIA ကို အခွန်ပေးရသည်။ ၁၀ ရာခိုင်နှုန်း အနည်းဆုံးပေးရသည်။ အကယ်၍ တစ်စုံတစ်ဦးမှ ကျောက်ကောင်းရသည် ဝါ ကျောက်အောင်ခဲ့သည် ဆိုပါလျှင် ထိုကျောက်ကို KIA ကို ရောင်းရသည်။ KIA က ထိုကျောက်ကို တန်ရာတန်ကြေးမပေး။ တန်ရာတန်ကြေးမပေး၍ မရောင်းလိုဆိုလျှင်လည်း ထိုသူမှာ နောက်နေ့တွင် ကျောက်ရော လူရော ပျောက်သွားမည်မှာ သေချာသည်။ ဖားကန့်ဒေသအနှံ့တွင် KIA သူလျှို သတင်းပေးများ ရှိသည်။ မိမိတို့မှာ ကချင်စကားပြောသံကြားလျှင်ပင် ကြောက်နေရသည်။ ဖားကန့်ဒေသတွင် နေထိုင်သူမှန်သမျှ ကျီးလန့်စာစား နေကြရသူချည်း ဖြစ်သည်။ လူမျိုးစုံ၊ ဘာသာစုံ၊ ပါတီစုံ ပါဝင်သည်။ ကျွန်တော်သိမိသလောက် ထိုအထဲတွင် ပညာတတ်များ၊ NLD ပါတီဝင်များလည်း ပါဝင်သည်။ ကျွန်တော်ဆိုလျှင်လည်း လက်ထဲမှ ပိုက်ဆံစုမိသည် မကြံသေး။ KIA များ နှိပ်စက်၍ ကုန်ပြန်ပြီ။ ဤသို့ လုံးချာလည်လိုက်နေသည်။ အိမ်ကို ပိုက်ဆံပို့ချင်လွန်း၍ နောက်လမှ ပေါင်းယူပါ တောင်းပန် တိုးလျှိုးတာတောင်မှ မရ။ တောင်းပန်မရတော့လည်း ပေးလိုက်ရသည်ပင်။ မပေးလို့ကလည်း မဖြစ်။ ဤဒေသ၌ ဆက်၍ လုပ်ကိုင်မစားရတော့မည် စိုးရိမ်ရသည်။ အဆင်မတော်လျှင် အသက်အန္တရာယ်ကိုပါ စိုးရိမ်ရသည်။ နီးရာဓား ကြောက်ရသည်။ KIA ကို အာခံလျှင် နောက်တစ်နေ့ နေထွက်သည်ကို မြင်ရလိမ့်မည်မဟုတ်။ မိမိတို့ ဖားကန့်ဒေသတွင် နေထိုင်သူမှန်သမျှ KIA ကို ရွံကြောက်ကြီး ဖြစ်ကြရသည်။ မချစ်သော်လည်း အောင့်ကာနမ်းနေရသည်။ မကျေနပ်ကြောင်း ပြောချင်လှပါသော်လည်း ကြောက်၍ မြိုသိပ်အောင့်အည်းထားကြရသည်။ ဖားကန့်ဒေသမှ လွတ်မြောက်ရာ ကိုယ့်ရွာ ကိုယ့်အရပ်ရောက်မှ မြိုသိပ်ထားသမျှ ဖွင့်ထုတ်ချကြရသည်။ အွန်လိုင်း၊ ပုံနှိပ် မီဒီယာများ၌ စစ်တပ်မကောင်းကြောင်း၊ အစိုးရမှ နှိပ်စက်အုပ်ချုပ်ကြောင်း၊ KIA သည် အစိုးရနှင့် စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေသော၊ ပြည်သူကို ကာကွယ်ပေးသော၊ တရားမျှတသော လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ကြောင်း ရေးသားသော သတင်းများ၊ ဆောင်းပါးများကို မမြင်ချင်အဆုံး တွေ့နေရသည်။ ကျွန်တော်မှ ထိုသတင်း၊ ဆောင်းပါးများကို ရေးသားသော သတင်းထောက်၊ ဆောင်းပါးရှင်၊ မီဒီယာသမားများကို မေးခွန်းတစ်ခုတော့ မေးကြည့်ချင်သည်။ သင် ဖားကန့်ရောက်ဖူးပြီလား? မျိုးမင်းသန့် (ခေတ္တ ဖားကန့်မြေ)

မိုးမောက်မြို့နယ်ဒုက္ခသည် စခန်းမှ ဒေသခံတိုင်းရင်းသားများ KIA အဖွဲ့၏ အတင်းအကြပ်လုပ်အားပေး စေခိုင်း ခြင်းခံနေရ

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ နှစ်ခြင်းခရစ်ယာန်ကျောင်းနှင့် မံပုံကက်သလစ်ဘုရားကျောင်းများရှိ ဒုက္ခသည် စခန်းများတွင် နေထိုင်လျက်ရှိသည့် ဒေသခံတိုင်းရင်းသားများအား နိုဝင်ဘာ ၂၃ ရက်နေ့မှစတင်ကာ ကချင်လွတ်မြောက် ရေးတပ်မတော်(KIA) အဖွဲ့က အတင်းအကြပ်လုပ် အားပေးစေခိုင်းနေကြောင်း ယင်းဒေသခံများထံမှ သိရ သည်။ အဆိုပါဒုက္ခသည်စခန်းများတွင် ဒဂေါ်ကျေးရွာနှင့် နန့်ဆိုင်းကျေးရွာများမှ ရွာသူ၊ ရွာသားများ နေထိုင်လျက်ရှိကြောင်း သိရသည်။ `` တစ်အိမ်ထောင်ကို ယောကျာ်းတယောက်ခေါ်တယ်၊ လွန်ခဲ့တဲ့ သုံးလေးရက်လောက်ကနေ စပြီးတော့ လမ်းတွေ ပြင်ခိုင်းနေတာပဲ၊ သူတို့စခန်းတွေကို သွားတဲ့လမ်းတွေ ပျက်နေလို့ဆိုလား ´´ ဟု ဒုက္ခသည်စခန်းမှ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။ KIA အဖွဲ့၊ တပ်ရင်း(၁)တည်ရှိသော အင်ဘာပါနှင့် ၀ဘော်စခန်းများသို့ သွားသည့်လမ်းများမှာ မိုးရာသီတွင် ရေ တိုက်စားမှုကြောင့် ပျက်စီးနေသဖြင့် ဒုက္ခသည်စခန်များမှ အမျိုးသားများအား လုပ်အားပေးခိုင်းစေကာပြုပြင်နေခြင်း ဖြစ်ကြောင်း သိရသည်။ `` တချို့လူတွေဆိုရင် စခန်းကို ပြန်မလာကြသေးဘူး၊ လမ်းပြင်ခိုင်းမယ်ပြောပြီး လူသစ်စုတယ်လို့လည်း ကြားနေတယ်၊ ဒုက္ခရောက်လို့ ဒုက္ခသည်စခန်းမှာ ခိုကပ်နေရတာကို အခုလိုထပ်ပြီး ဒုက္ခတွေပေးနေတာကတော့ မစဉ်းစားတတ်အောင် ပါဘဲ ´´ ဟု ယင်းစခန်းမှ ကချင်အဘွားအိုတစ်ဦးက ဆိုသည်။ မိုးမောက်မြို့ခံ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးကတော့ `` ဒုက္ခသည်စခန်းက တိုင်းရင်းသား aတွကို KIA အဖွဲ့ က လမ်းတွေပြင်ခိုင်းနေတာဆိုရင် လူ့အခွင့်အရေးချိုးဖောက်တာပါပဲ၊ လမ်းပြင်ခိုင်းရုံ တင်မကဘဲနဲ့ လူသစ်စုဖို့ တစ်ဖက် လှည့်လုပ်တာလည်းဖြစ်နိုင်တယ်၊ မှတ်တမ်းအထောက်အထား ဓာတ်ပုံတွေနဲ့ ဒေသခံတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံ နေရမှုတွေကို ဆောင်ရွက်ပေးသွားမှာပါ ´´ ဟု ပြောကြားသွားသည်။ နိုင်ဇော်

မြန်မာ့ ဂန္ထ၀င် ဘောလုံးသမားကြီး (ဗဟာဒူး)

မြန်မာ့ ဂန္ထ၀င် ဘောလုံးသမားကြီး (ဗဟာဒူး) ၁၉၆၂ မြန်မ့ာမြေပေါ်တွင် ကျင်းပသည့် ကျွန်းဆွယ်ပြိုင်ပွဲတွင် အိမ်ရှင်မြန်မာသည် ဗိုလ်လုပွဲတွင် မလေးရှားကို (၂-၀)ဂိုးဖြင့်ရှုံး၏။ ထိုအခါ အာဏာပိုင် တို့က လောင်းကစား သံသယဖြင့် ဗဟာဒူး၊ တင်ကြည်၊ ကိုကိုကြီး၊ ကျော်ဇောနှင့် ကျော်အေးတို့ငါးဦးကို ရာသက်ပန် ပွဲပယ်လေသည်။ နောက်မှ အယူခံဝင်မှ ကင်းလွတ်ခဲ့သည်။ အရွယ်အားဖြင့် အသက်(၄၀)နား ရောက်နေသော်လည်း ဗဟာဒူးမှာ အောင်မြင်ကျော်ကြားသော ကစားသမားတစ်ဦးအဖြင့် တောက်ပနေဆဲ။ ၁၉၆၅ခုနှစ် မာဒေးကားတွင် မြန်မာအသင်း တတိယ ရစဉ်က ပါဝင်ခဲ့ပြီး အသင်းဖော် ခင်မောင်ထွန်းနှင့်အတူ အာရှလက်ရွေးစင်အဖြစ် ရွေးချယ်ခံရသည်။ အင်္ဂလန်တွင် ရှက်ဖီးဝင်းစဒေး၊ ဖူလ်ဟမ်တို့နှင့်ခြေစမ်းရာတွင် ပါဝင်ကစားခဲ့သည်။ ၁၁ ကြိမ်မြောက် မာဒေးကားတွင် ချန်ပီယံဆုရပြီး အာရှလက်ရွေးစင် အတွက် (ဂိုး)တင်အောင်၊ မောင်မောင်တို့နှင့် အတူ ရွေးချယ်ခံရပြန်သည်။ အင်္ဂလန်မှ လက်စတာ၊ ဆောက်သမ်တန် တို့နှင့်ကစားရာ အရေးနိမ့်သော် လည်း ခြေစွမ်းပြ နိုင်ခဲ့သည်။ ယင်းနောက် အာရှအိုလံပစ် ရွှေတံဆိပ်ရ မြန်မာအသင်းမှ လူငယ်များ ဥရောပခြေစမ်းခရီးတွင် ပါဝင်သွားကြသဖြင့် ဗဟာဒူးမှာ လက်ရွေးစင်အသင်းကြီးအတွက် ကစားပေးရပြန်သည်။ တစ်ဘက်တွင် ဗဟာဒူးသည် တပ်မတော်သားတစ်ယောက် တာဝန်ကိုလည်း တိုင်းပြည်အတွက် ပေးဆပ်ရပြန်သည်။ နယ်ချဲ့တရုတ်ဖြူတို့ကို တွန်းလှန်ရာ တွင် ရှေ့တန်းစစ်မျက်နှာပြင်တွင် ကျည်ဆံများကြား ရုန်းကန်နေရသည်။ “ကျွန်တော်နဲ့ ရှမ်းပြည်နယ်ဂိုးသမား ဘားဗဟာဒူးတို့ဟာ တပ်စိတ်တစ်ခုတည်းပဲ။ အဲဒီတုန်းက ကျွန်တော်က အသက်ကလည်းငယ်သေးတော့ သေရမှာလည်း မကြောက်ဘူးလေ။ ကျွန်တော်တို့နှစ်ယောက် အတင့်ရဲလွန်းလို့ ဗိုလ်ကြီးက ဆူတာကို မကြာခဏခံနေရတယ်” ဟု ဗဟာဒူးက သူ့စစ်ရေးအတွေ့အကြုံကို အားပါးတရပြောရာ ဇနီးဖြစ်သူ ခင်သန်းမြင့်က ထိတ်လန့်အံ့သြစွာ နားထောင်နေရှာသည်။ဗဟာဒူးသည် သူ့ချစ်ဇနီးအား အင်္ဂလိပ်သတင်းစာတစ်စောင်မှ အားကစားသတင်းများ အားဖတ်ပြကာ ကောက်ချက်ချပြနေ သည်။“ဗဟာဒူးကမဆိုးပါလား အင်္ဂလိပ်သတင်းစာတောင် ကောင်းကောင်းဖတ်နိုင်သားပဲ” ဗဟိုသိမ်းဆောင်၏ အာရှဘောလုံးနှင့်မြန်မာ့ကြယ်ပွင့်များစာအုပ်မှ ရာစုခေတ်တွင်တစ်ယောက် ဆောင်းပါးပါ စာသားအချို့ကိုကောက်နှုတ်ပါသည်။ နွေရက်ဖြစ်၍ နေအပူရှိန်သည် ပျံ့လွင့်လျက်ရှိသည်။ လေကလည်းအိုက်စပ်သည်ကောင်းကင်ပြင် တွင်တိမ်ကင်းစင်ပြီးထင်လင်းတောက်ပနေသည်။ အောင်ဆန်းကစားပြိုင်ဝင်းအတွင်းရှိ ချော်မှုန့်ဆမ်းထား သာ ပြေးလမ်းသည်ပူပြင်းခက်ထန်သည့်နေရောင်အောက်တွင် တံလျှပ် တဖိတ်ဖိတ်ကြွနေသည်။ သဲသောင်ပြင်လို အပူငွေ့များဟပ်လျက်ရှိသည်။ အထူးတန်းဘက်မှ လူတစ်ယောက်ထွက်လာသည်။ အညိုရောင်အားကစားဝတ်စုံကို ၀တ်ဆင်ထားပြီး လက်ဝယ်တာထွက်ခုံတစ်ခုကိုကိုင်ဆွဲကာ မီတာ ၁၀၀ တာလွှတ်နေရာသို့ ဦးတည်လှမ်းခဲ့သည်။ ရောက်တော့ တာထွက်ခုံကိုပြေးလမ်းပေါ်ချထား လိုက်သည်။ရောက်တော့ တာထွက်ခုံကို ပြေးလမ်း ပေါ်ချထားလိုက်သည်။အကြောအခြင်လျှော့ပြီး သွေးပူလေ့ကျင့်ခန်းများပြုလုပ်သည်။ ပြီးတော့ တာထွက်ခုံကို နေသားတကျပြင်ဆင်လိုက်ပြီး သုံးလေးကြိမ်မျှ စမ်းသပ်တာထွက်ကြည့်လိုက်သည်။ ပြေးလမ်းပေါ်မှ အပြေးသမားတစ်ယောက်၏ လှုပ်ရှားမှုကို အထူးတန်းပွဲကြည့်စင်ပေါ်မှမိန်းမပျိုတစ်ယောက် က မျက်ခြေမပျက်စူးစိုက်ကြည့်နေသည်။ မိန်းမပျိုသည် အရပ်အမောင်းကောင်းပြီး ကိုယ်ဟန်ပြေပြစ် ကျော့ရှင်းသည်။အပြေးသမားသည် တာထွက်ခုံကို ကန်အားပြုပြီးအထွက်တွင် ပစ်စင်မှ တွန်းထွက်လာသော ဒုံးပျံကဲ့သို့အဟုန်ပြင်းလှသည် သူ့ခြေလှမ်းများမှာ လည်း ကွင်းလဟာပြင်ဝယ် ခြေကုန်ပြေးနေသော ငှက်ကုလားအုပ်ကဲ့သို့ သွက်မြန်လှသည်။ တာလွှတ်ရာမှပြေးလမ်းအဆုံးအ ထိ သုံးလေးကြိမ်ပြေးပြီးရပ်လိုက်တော့သည်။ တာထွက်ခုံကို ပြန်နုတ်ယူပြီး လာလမ်းအတိုင်း အထူးတန်းသို့ ပြန်ဝင်သွားတော့သည်။ အထူးတန်းပေါ်မှကြည့်နေသော မိန်းမပျိုလည်း လှေခါးထစ်များကို တလှမ်းချင်းလှမ်းကာ အောက်သို့ပြန်ဆင်းသွား တော့သည်။ အပြေးသမားကား အာရှလက်ရွေးစင် ဘောလုံးသမား မြန်မာ့ဘောလုံးအကျော်အမော် ဗဟာဒူးဖြစ်ပြီး မိန်းမပျိုမှာ ကြင်ဖက်ဖြစ်သောခင်သန်းမြင့်ဖြစ်သည်။ ထိုစဉ်က သူတို့ဇနီးမောင်နှံသည် ချစ်စ ကြင်စပျားရည်ဆမ်းပျော်မြူးချိန်ကာလဖြစ်သည်။ထိုသို့သောကြင်စဦးကာလတွင် ပျံ့လွင်လျက်ရှိသောအပူရှိန်ဝယ် တံလျှက်တဖိတ်ဖိတ်ကြွနေသည့်ပြေးလမ်းပေါ်တွင်အပြေးကျင့် နေသူ ခင်ပွန်းသည်အား ဇနီးဖြစ်သူက မျက်စိအောက်အပျောက်မခံဘဲ ကြည့်ရှုနေခြင်းဖြစ်သည်။ ”အခုလို အပူရှိန်ပြင်းလွန်းလှတဲ့ နေမွန်းတည့် အချိန်မျိုးမှာမှ ဘာကြောင့် အပြေးကျင့်ရတာတဲ့လဲ“ လူချင်းခင်မင်ရင်းနှီးလာခဲ့ကြသော တနေ့တွင် ကျနော်က ဗဟာဒူးကိုမေးစမ်းကြည့်မိသည်။ သူ့ဇနီး ခင်သန်းမြင့်လည်း အနီးတွင်ရှိရာဗဟာဒူးသည် ဇနီးဖြစ်သူကို တလှည့်၊ကျနော်ကို တခါကြည့်ပြီး မတောက်မပပြုံးလိုက်သည်။ခင်သန်းမြင့်ကမူ အမှတ်ထင်ထင်သတိရမှုကို အံ့သြနေသည်။ ”သဘောကတော့ ကျနော်တို့ပြေးပွဲတွေကို အခုလို အချိန်မျိုးမှ ပြုလုပ်တတ်တာမဟုတ်လား။ဒါကြောင့် အပူရှိန် လေတိုက်နှုန်းနဲ့ကိုက်ညီပြီး ကျင့်သားရအောင် ဒီအချန်မျိုးမှာ ကျင့်ခဲ့တာပါဘဲ” ကျနော်မှာသူ့အဖြေကို စိတ်အထာ မကျလှသော်လည်း ခိုင်းနှိုင်းချက်ကအခြေအနေနှင့်ကိုက်ညီ နေ၍အတွန့်မတက်ဘဲ နေလိုက်သည်။သူ၏ ကျင့်စဉ်ဘဲမှန်၍လား။ခြေစွမ်းပင် ထက်၍လားမသိ။ ဗဟာဒူးသည် မြန်မာ့အပြေးလမ်းကြောင်းတွင် အမြန်ဆုံး အပြေးသမားအဖြစ် စာရင်းဝင်နေပြီး မီတာ ၁၀၀ ကို ၁၁ စက္ကန့်ရအောင် ပြေးနိုင်စွမ်းရှိနေသည်။ ”နောင်တစ်ခုက သူက သူအပြေးကျင့်တာကို လူမြင်မှာ သိပ်ကြောင့်တာဘဲ။ပရိသတ်အကြားမှာ အောင်မြင်ကျော်ကြားလာတဲ့ နာမည်ကျော်ဘောလုံးသမား တယောက်ဖြစ်ပေမဲ့ ရှက်စိတ်ကအကြီးသား။ရုပ်ရှင်ကြည့်တာတောင်ဘယ်တော့မှ ရုပ်ရှင်မပြခင် ရုံထဲဝင်မထိုင်ဘူး။ရုပ်ရှင်ပြလို့ အတော်ကြာကာမှ ရုံထဲဝင်လေ့ရှိတယ်” ခင်သန်းမြင့်က ခင်ပွန်းသည်၏ အမူအကျင့်ကလေးများကို ဖော်လှစ်လာသည်။ဗဟာဒူးသည် ရှက်စိတ်ကြောင့်မျက်နှာ ရဲကနဲဖြစ်သွားပြီးဇနီးဖြစ်သူ ခင်သန်းမြင့်ကို မျက်စိသုန်စွာ ကြည့်လိုက်သည်။ ခင်သန်းမြင့်ကတော့ ပြုံးရယ်လျက်သာရှိသည်။ ”ကျနော်က နာမည်ကျော်ဘောလုံးသမား ဖြစ်ပေမဲ့ ရုပ်ရှင်ကျတော့သိပ်ဝါသနာပါတာဘဲ။ကားသစ်လဲတိုင်း ကောင်းကောင်းမကောင်းကောင်းကြည့်ချင်လိုက်တာ ။ဒီတုန်းက ကျနော်က တပ်ြကပ်ကြီးအဆင့်မှာဘဲ ရှိသေးတယ်။ကျနော်လခနဲ့ အထူးတန်းမှာချည်း အမြဲဘယ်ကြည့်နိုင်ပါမလဲ။ဒီတော့တစ်ကျပ်ခွဲတန်း ကဘဲကြည့်ရတယ်လေ။ ကျနော်ရုံထဲ ၀င်သွားရင် လူတွေက ကျနော့်ကို ၀ိုင်းပြီးကြည့်ကြတယ်။ နာမည်ကျော်လက်ရွေးစင်ဘောလုံးသမားကြီးဖြစ်ရက်နဲ့ ဒီအတန်မှာ လာကြည့်ရသလား ဆိုတဲ့ သဘောနဲ့ပေါ့။ဒါကြောင့် လူအမြင်မခံရအောင် မှောင်ချပြီး ရုပ်ရှင်ပြနေချိန်ရောက်တော့မှ အမှောင်ရိပ်ခိုလို့ ရုံထဲဝင်ခဲ့တာချည်းဘဲ” ဗဟာဒူး ၏ စကားဆုံးအတွင် ကျနော်ရော ခင်သန်းမြင့်ပါ မပြုံးဘဲ ၀ါးလုံးကွဲ ရယ်ပစ်လိုက်ကြတော့သည်။အမှန်မှာ ထိုခောတ်က ဘောလုံးသမားများကို စက်ရုပ်သဘွယ် စေခိုင်းခြင်းမှလွဲ ပြီး လူနေမှုဘ၀ အထောက်အကူနှင့် အာမခံချက်ပေးစွမ်းကြခြင်းမရှိ။ဘောလုံးသမားများကလည်းအသိတရားမရှိကြဘဲ ၀တ်ကြေတန်းကြေသာ ကစားကြမည်မဟုတ်လား။ တနေ့တွင်ကျနော်သည် ဘောလုံးအဖွဲ့ချုပ်ရုံးခန်းအတွင်းဝင်ရောက်သွားသည်။ ခင်သန်းမြင့်၏ လက်နှိပ်စက်သံသည် အဆက်မပြတ်ထွက်ပေါ်နေသည်။ ဗဟာဒူးအား ခင်သန်းမြင့်၏အနီးတွင် အင်္ဂလိပ်သတင်းစာတစောင်ကို ထိုင်ဖတ်နေသည်။ကျနော့် မျက်လုံးအစုံသည် မမြှော်လင့်သော မြင်ကွင်းကြောင့် ၀ိုင်းပြူးသွားတော့သည်။ ဗဟာဒူးသည် သူ့ချစ်ဇနီးအား အင်္ဂလိပ်သတင်းစာတွင်ပါရှိသော အားကစားသတင်းများကို ဖတ်ပြပြီး ကောက်ချက်ချနေသည်။ ”ဗဟာဒူးက မဆိုးပါဘဲလား။ အင်္ဂလိပ် သတင်းစာတောင်ကောင်းကောင်း ဖတ်နိုင်သားဘဲ” ကြိုးစားလေ့လာမှုပြုရင်းက တဆင့်ထက်တဆင့် တိုးတက်လာခဲ့ရတာပါ။သူက တန်းကုန်အောင်မသင်ခဲ့ရပေမဲ့ မဖြစ်မနေပြင်းပြတဲ့ဆန္ဒကြောင့်လဲ တကြောင်း၊ ကျမရဲ့အထောက်အကူလေးတွေကြောင့်လဲ တကြောင်းလို့ ဆိုပါတော့လေ” ဗဟာဒူးက ခင်သန်းမြင့်၏ စကားအဆုံးတွင် မလှုပ်တလှုပ်ရယ်မောလိုက်သည်။အစက အထင်သေးပြီး မျက်လုံးဝိုင်းပြူးခဲ့ရမှုတို့သည်အကြောင်းအကျိုးမှန်ကို သိရပြီးချိန်ဝယ် ပျက်ပြယ်ကင်းစင်သွားခဲ့ရတော့သည်။ သူ၏ကြိုးစားမှုကို ဖွင့်ထုတ်မချီးပလိုက်မိသော်လည်းစိတ်ထဲကတော့ကျိတ်၍ ချီးကျူးလိုက်မိသည်။ အမှန်တော့ ဗဟာဒူး၏ ဘ၀အစိတ်အပိုင်းများကို ကျနော်သိရှိထားရသမျှဆိုလျှင် သူသည် ဖတဆိုးလေးဖြစ်ခဲ့ရသည်။သူ၏ ဖခင်အမ်၊အက်စ်၊သာပါးသည် နာမကျန်းဖြစ်ကာ ဗဟာဒူး ရှစ်နှစ်သားအရွယ်တွင် သူတို့မိသားစုကို မျက်ကွယ်ပြုသွားသော အခါ ဗဟာဒူး တို့တတွေမှာ မုဆိုးမ မိခင်နှင့်အတူ မျက်နှာငယ်နှင့် ကျန်ရစ်ခဲ့ကြသည်။ဒုတိယ ကမ္ဘာစစ်မီးရှိန်နှင့် ပြည်တွင်းစစ်မီးရှိန်များကြောင့် ဗဟာဒူးမှာ တန်ကုန်အောင် ပညာမသင်ကြားခဲ့ရရှာဘဲရှိသည်။သို့ဖြစ်ရာ ကြိုးစားမှုကို အရင်းတည်ပြီး ဇနီး ဖြစ်သူထံတွင် အချိန်ပိုကျောင်းတက်ကာ ခေတ်ကို အပြေးအလွှားလိုက်ခဲ့ရရှာသည်သကား။ (၂) မြန်မာ့ဘောလုံးလောက သွေးသစ်လောင်းရေးအတွက် ၁၉၅၂ ခုနှစ်တွင် တိုင်းနှင့်ပြည်နယ် ဘောလုံးပြိုင်ပွဲကို စတင်ကျင်းပခဲ့ပြီးနယ်အသီးသီးမှ မီးခဲပြာဖုံးလူငယ်ခြေတက် ဘောလုံးသမားများကို ဖော်ဆောင်ပေးခဲ့သည်။ ပထမအကြိမ် တိုင်းနှင့်ပြည်နယ်ဘောလုံးပြိုင်ပွဲတွင်မြန်မာ့လက်ရွေး စင်ဘောလုံးအသင်းအတွက် ထူးချွန်ထက်မြက်သော အစွန်လူနှစ်ဦးပေါ်ထွက်လာခဲ့သည်။သူတို့နှစ်ဦးမှာ ရှမ်းပြည်နယ်အသင်းမှ ညာအစွန်လူ ဗဟာဒူးနှင့်စစ်ကိုင်းတိုင်းအသင်းမှဘယ်အစွန်လူ ထူးဝါးတို့ပင်ဖြစ်သည်။နှစ်ဦးစလုံး တိုင်းနှင့်ပြည်နယ်ပြိုင်ပွဲအပြီးတွင် ရန်ကုန်တွင်ကျန်ရစ်ကာ ပထမတန်းအသင်းများတွင် ဆက်လက်ကစားရသည်။ ရှမ်းပြည်နယ်အသင်း နောက်ဆုံးဗိုလ်ပွဲသို့ တက်ရောက်ခွင့်ရအောင် ဗဟာဒူးသည် ပွဲစဉ်တလျှောက်လုံး ခြေစွမ်းပြခဲ့သည်။ထက်မြက်သောတိုက်စစ်မှူးတစ်ဦး ဖြစ်သည်သာမက အသင်းအောင်နိုင်ရေးအတွက် ဂိုးများသွင်းပေးခဲ့သူဖြစ်သည်။ ကိုယ်တိုင် ၃ ဂိုးသွင်းပေးခဲ့ပြီး အခြားသူများ ဂိုးသွင်းနိုင်ခွင့်ရရန်လည်း အကွက်ဖော်ပေးခဲ့သည်။ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းအသင်းတို့နောက်ဆုံးဗိုလ်လုပွဲကစားပုံကို မြန်မာ့အသံကအောင်ဆန်းကွင်းမှတိုက်ရိုက်အသံ လွှင့်ပေးခဲ့သဖြင့် ဗဟာဒူး၏အမည်မှာလေလှိုင်းဝယ် ပျံ့လွင့်ခဲ့ရသည်။ ဒိုင်းကြီးကို ရှမ်းမြေမြင့်သို့ အပါသယ်ဆောင်သွားနိုင်ခြင်းမှာ ဗဟာဒူး၏ စွမ်းဆောင်မှုကြောင့်ဆိုလျင်မမှား။ ရှမ်းနှင့်စစ်ကိုင်းသည် ပထမအကြိမ်၁ ဂိုးစီသရေကျသည်။ ဒုတိယအကြိမ် ပြန်ကစားသောအခါ ရှမ်းက (၃-၂) ဂိုးဖြင့် စစ်ကိုင်းကို အနိုင်ရသွားသည်။ ရှမ်းရသည့် ၃ ဂိုးစလုံးမှာဗဟာဒူး၏ ထက်မြက်သောခြေစွမ်းကြောင့်ပင်ဖြစ်သည်။ ပထမအကြိမ် တိုင်းနှင့်ပြည်နယ်ပွဲအပြီးတွင် ဗဟာဒူးကား ညာအစွန်လူအဖြစ်အောင်မြင်ကျော်ကြားလာတော့သည်။တပ်မတော်သားတစ်ဦးဖြစ်၍ တပ်မတော်ကြည်းအသင်းတွင် ပါဝင်ကစားရန် ခေါ်ယူခြင်းခံရသည်။ " ကျွန်တော် ဘောလုံးကစားတာကို ရှမ်းစော်ဘွားအမျိုးအနွယ်တွေက သိပ်ကြိုက်တာပဲ။ သူတို့နဲ့ယှဉ်တွဲပြီး ကစားပြီးတဲ့နောက်ပိုင်းမှာ ရှမ်းပြည်နယ်လက်ရွေးစင်အဖြစ် မျက်စေ့ကျပြီး ရွေးခဲ့တာပါပဲ။ ကျွန်တော်မေမြို့သွားပြီး တပ်ရင်းအလိုက် ပြိုင်ပွဲကစားရာက ဗိုလ်ချုပ်ကြီးတွေ့လို့ သဘောကျသွားတယ်။ တပ်မတော်အသင်းအတွက်ခေါ်သုံးဖို့ အမိန့်ပေးသွားတယ်လို့ သိရတယ်။ရှမ်းပြည်နယ်အသင်းနဲ့ ပါလာပြီး ခြေစွမ်းပြကစားနိုင်တော့ ဆိုင်ရာကပိုသဘောကျကြတယ်။ ဒါနဲ့ပဲ တပ်မတော်အသင်းမှာကစားဖို့ တခါတည်းခေါ်ထားလိုက်တော့တယ်။" အောင်မြင်သော ဘောလုံးသမားဘ၀ စတင်လာပုံကိုပြောပြရာ အဟောင်းပုံပြင်သဖွယ် အကြောင်းကုန်စင်ဖြစ်သော်လည်း ထွက်ပြူခဲ့သောသူ့ဘ၀မှတ်တမ်းများဝယ်ပါဝင်ခြင်းမရှိသေးသဖြင့် စိတ်တွင်တေးမှတ်ထားလိုက်သည်။ တိုင်းနှင့်ပြည်နယ်ဘောလုံးပြိုင်ပွဲတွင် တောက်ပခွင့်ရခဲ့သော ဗဟာဒူးသည်တပ်မတော်အသင်းသို့ ကူးပြောင်းရောက်ရှိလာသည့်အခါ လှမောင်၊ဘကြူး၊ မောင်သောင်း၊ လှအေး၊ဂွမ်ရှိန်၊ဘရွှေ၊ဒေးဗစ်ကျော်ဇံတို့နှင့်တွဲ၍ကစားရရာပိုတောက်ပြောင်လာခဲ့ပြီး ခေတ်မီဘောလုံး ကစားနည်းကို ဂွင်ကျအောင် ကစားတတ်လာသည်။ မြန်မာပြည်တွင် ကျင်းပသော ဒုတိယအကြိမ်မြောက် လေးနိုင်ငံဘောလုံးပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ဘောလုံးသမားအဖြစ်ရွေးချယ်ခံရသည်။ပထမပွဲအဖြစ် သီရိလင်္ကာနှင့်ကစားရရာ ဗဟာဒူးသည် ညာတောင်ပံအစွန်လူအဖြစ် ဘောလုံးသမ္ဘာရင့်ထွန်းရှိန်နှင့် တွဲကစားရသည်။ မြန်မာရသော ၃ ဂိုးအနက် ၂ ဂိုးမှာ ဗဟာဒူးညာတောင်ပံမှတိုက်စစ်ဆင်ဖန်တီးပေးမှုကြောင့်ဖြစ်သည်။ထိုတစ်ပွဲတည်းနှင့် ဗဟာဒူးမှာ နိုင်ငံတကာဘောလုံးပြိုင်ပွဲတွင်စာမေးပွဲအောင်သွားတော့သည်။ ၁၉၅၄ ခုနှစ် ဒုတိယအကြိမ်အာရှအိုလံပစ် ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အသင်းသည် ရှုံးပွဲမရှိဘဲ တတိယ ရရှိခဲ့သည်။ မြန်မာ့ဘောလုံးသမိုင်းတွင် ထင်ရှားသော အောင်မြင်မှုမှတ်တိုင်ကို ဗဟာဒူးပါဝင်ပြီး စိုက်ထူနိုင်ခဲ့သည်။ ထိုနှစ်တွင်ပင် အမှတ်ပေးပွဲကစားရင်း ရဲအသင်းနောက်တန်းမှ ထွန်းဖေနှင့်ထိခိုက်မိပြီး ခြေကျိုးသွားခဲ့ရသည်။ ဘောလုံးကစားမှုနှင့် ကင်းကွာနေရချိန်မှာမှဘ၀ခရီးကိုအတူတွဲလျှောက်ရန် ကြင်ဖက်ကို တွေ့ရှိခဲ့ရသည်။ တပ်မတော်မှတ်တမ်းရုံးတွင် အရပ်သူစာရေး အဖြစ်အမှုထမ်းနေသည့် ရွှေမြိုင်သူခင်သန်းမြင့်နှင့် သံယောဇဉ် အမျှင်တန်းခဲ့ကြသည်။ (၃) နိုင်ငံတကာ ဘောလုံးပြိုင်ပွဲများတွင် မြန်မာ့လက်ရွေးစင်အသင်းသည် အောင်မြင်မှုမရဘဲ အရှုံးရေစီးကြောင်းတွင်မျောပါနေခဲ့သည်။ မြန်မာသည်လေးနိုင်ငံဘောလုံးပြိုင်ပွဲတွင် တတိယအဆင့်မှ စတုတ္ထအဆင့်သို့ လျော့ကျသွားခဲ့သည်။ ခြေကျိုးသွားသော ဗဟာဒူးသည် ၁၉၅၅ခုနှစ် နှစ်လယ်ပိုင်းသို့  ရောက်မှ ဘောလုံးပြန်ကစားနိုင်လာသည်။ လေးနိုင်ငံဘောလုံးပြိုင်ပွဲ၏ ဇာတ်သိမ်းဖြစ်သော စတုတ္ထအကြိမ်မြောက်ပြိုင်ပွဲတွင်ဗဟာဒူးသည် ဘောလုံးလောကသို့တစ်ကျော့ပြန်ဝင်ရောက်လာပြီး ခြေစွမ်းပြ ကစားခဲ့သည်။ ပြိုင်ပွဲအစအဆုံး တစ်ဦးတည်း (၄)ဂိုးသွင်းကာ မြန်မာအသင်း၏ ဂိုးသွင်းဘုရင်ဖြစ်လာခဲ့သည်။ဗဟာဒူး၏တွဲဖက်မှာ သူနှင့်အတူ တိုင်းဘောလုံးသမားဘ၀မှ လက်ရွေးစင်ဖြစ်လာသူ ထူးဝါးပင်ဖြစ်သည်။ အိန္ဒိယအသင်းမှ ပူရန်ဗဟာဒူးနှင့်အတူ ထင်ပေါ်ကျော်ကြားလာခဲ့သည်။ မြန်မာ့လက်ရွေးစင် ဘောလုံးသမားအဖြစ် ဗဟာဒူးသည် အတွင်းလူအမျိုးမျိုး၊အလယ်လူအဖုံဖုံတို့နှင့် တွဲဖက်ကစားဖူးခဲ့သည်။ထွန်းရှိန်၊ဆင်မြူရယ်၊အောင်ရှိန်၊ စတီးဝပ်၊ဒေးဗစ်၊ကျော်ဇံ၊ထူးဝါး၊စတိုင်တို့မှာ သူနှင့်တွဲဖက်ကစားရသော ညာအတွင်းလူများ ဖြစ်ကြသည်။ အလယ်လူများမှာ ဆင်မြူရယ်၊ဘရွှေ၊ဒေးဗစ်ကျော်ဇံ၊ဘကြူး၊အောင်မြင့်၊ဖေခင်၊ကိုကိုကြီး၊ထွန်းကြည်တို့ဖြစ်ကြသည်။စတိုင်မှာ ဗဟာဒူးနှင့်အများဆုံးသက်တမ်းအရှည်ကြာဆုံးတွဲဖက်ကစားရသောအတွင်းလူတစ်ဦးဖြစ်သည်။အတွဲညီလှ သည်။စတိုင်နှင့်ဗဟာဒူးမှာ လက်ရွေးစင်အသင်းတွင်သာမဟုတ်၊ တပ်မတော်အသင်းနှင့်တပ်ပေါင်းစု အသင်းများတွင်လည်း တွဲဖက်ကစားခဲ့ရသည်။ ဗဟာဒူးကား မြန်မာ့လက်ရွေးစင်ဘောလုံးသမား တစ်ဦးအဖြစ် သက်တမ်း(၁၄)နှစ်ရှိနေပေပြီအကောင်း ဆုံးဘောလုံးသမားအဖြစ် ၂ ကြိမ်သတ်မှတ်ခံရပြန်ကာ အမြင့်ဆုံးဆုကလပ်ကိုလည်း၁၉၆၆ ခုနှစ်အတွရရှိခဲ့သည်။ ဘ၀ကြမ္မာစေစားသဖြင့် ဗဟာဒူးတစ်ယောက် အကောင်းနှင့်ကြုံတွေ့ပြီးအောင်မြင်ခဲ့သလို အဆိုးနှင့်ဆုံ၍ သံသယဒွိဟ၀င်ခံရမှုများလည်း ရှိခဲ့ပေသည်။လောက၏ နိယာမဓမ္မတာဝယ် အကောင်းနှင့်အဆိုးသည်လွဲရှောင်မရသော တရားများပင်မဟုတ်ပါလား။ ၁၉၆၂ ခုနှစ် မြန်မာ့မြေပေါ်တွင် ဒုတိယအကြိမ်မြောက်ကျွန်းဆွယ်အားကစားပြိုင်ပွဲကျင်းပရာ ဘောလုံးပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ဘောလုံး အသင်းသည် အကြိုဗိုလ်လုပွဲမှ လွန်မြောက်ပြီး နောက်ဆုံးဗိုလ်လုပွဲရောက်အောင်ထိရောက်သော ကဏ္ဍမှပါဝင် စွမ်းဆောင်ခဲ့သည်။ နောက်ဆုံးဗိုလ်လုပွဲတွင် နိုင်သင့်နိုင်ထိုက်သော မလေးရှားအသင်းကို မြန်မာက ၂-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ရသည်။သို့ဖြင့် သက်ဆိုင်ရာ အာဏာပိုင်များက သွေးရိုးသားရိုးမဟုတ်ဘဲ လောင်းကစားမှု လောင်းရိပ်လွမ်းမိုးမှုကြောင့်ဟုဆိုကာ ဗဟာဒူး၊တင်ကြည်၊ကိုကိုကြီး၊ကျော်ဇောနှင့်ကျော်အေးတို့ ၅ ယောက်ကို မြန်မာ့ဘောလုံးလောကမှ ရာသက်ပန်ပယ်ခဲ့လေသည်။ နောက်မှ အယူခံဝင်၍အပယ်ခံဘ၀မှ ကင်းလွတ်ခဲ့ရသည်။ Credit (Suk Bahadur)