Wednesday, November 1, 2017

"မန္တလေးတိုင်း NLD အား မန္တလေးတိုင်းသံဃနာယက ခေါ်ယူဆုံးမ" =

=======================================

စဥ့်ကိုင်မြို့တွင်ပြုလုပ်သည့် ဘာသာပေါင်းစုံဆုတောင်းပွဲနှင့်ပတ်သက်၍ တိုင်းဒေသကြီး သံဃနာယကအဖွဲ့မှ ပွဲစီစဉ်သူများနှင့် တာဝန်ရှိသူများကို 30.10.2017 ရက်နေ့ မွန်းလွဲ ၂း၀၀ နာရီအချိန်တွင် မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်ကြီးရှိ တိုင်းသံဃနာယကအဖွဲ့ရုံး၌ ခေါ်ယူဆုံးမသြဝါဒပေးခဲ့ပါသည်။
24.10.2017 ရက်နေ့က ပြုလုပ်ခဲ့သော စဥ့်ကိုင်မြို့နယ် လွတ်လပ်ရေးကျောက်တိုင်ကွင်း ဘာသာပေါင်းစုံဆုတောင်းပွဲ၌ သံဃာတော်များနှင့် သာမဏေများအား ဘာသာခြားများအောက်၌ နေရာချထားမှုနှင့်ပတ်သက်ပြီး ဆုံးမသြဝါဒပေးခြင်းဖြစ်ပါသည်။
အဆိုပါအခမ်းအနားသို့ တိုင်းသံဃနာယကအဖွဲ့ အကျိုးတော်ဆောင် မိုးကောင်းကျောင်းတိုက် ဒိုက်ဦးကျောင်းဆရာတော် ဘဒ္ဒန္တဇောတိကာဘိဝံသ ဘုရားကြီးတိုက် အလယ်တိုက်ကြီးဆရာတော် ဘဒ္ဒန္တဝါသဝ၊ ဒီပဲယင်းကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တဓမ္မဓဇနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်ဦးလှိုင်ဝင်း၊ တိုင်းဒေသကြီးသာသနာရေးဦးစီးမှူး ဦးခင်မောင်တင့် ခရိုင်သာသနာရေးဦးစီးမှူး ဦးတင်မောင်ဝင်း တိုင်းဒေသကြီး NLD ပါတီဥက္ကဋ္ဌ ဦးတင်ထွဋ်ဦး အတွင်းရေးမှူး ဦးတင်ကိုကို ခရိုင်အလုပ်အမှုဆောင်အဖွဲ့ဝင်ဦးတင့်ဆွေ စဥ့်ကိုင်မြို့နယ် NLD ပါတီဥက္ကဋ္ဌဦးကျော်ဝင်း အတွင်းရေးမှူး ဦးမြင့်ဆွေတို့ တက်ရောက်ခဲ့ကြပါသည်။
ဆရာတော်ကြီးများက ဆုံးမသြဝါဒပေးရာတွင် ကိုရင်ငယ်များအား နေရာချထားပေးမှုသည် သင့်တော်မှုမရှိကြောင်း ကိုရင်ဆိုသော်လည်း ကိုရင်သိက္ခာပုဒ်များရှိကြောင်း မလေးမစားမလုပ်သင့်ကြောင်း လေးစားရမည်ဖြစ်ကြောင်း ဘာသာခြားများနှင့် တန်းတူထား၍ မရကြောင်း ဘာသာ သာသနာနှင့် ပတ်သက်သည့်ကိစ္စရပ်များတွင် အမှုမဲ့အမှတ်မဲ့ဆောင်ရွက်၍ မရကြောင်း တတ်သိနားလည်သူများနှင့် ဆွေးနွေးညှိနှိုင်း တိုင်ပင်ပြီးမှ သတိပြုဆောင်ရွက်ရမည်ဖြစ်ကြောင်း ကိုယ်သိကိုယ်တတ်လုပ်၍ မရကြောင်း နောက်နောင် ဆင်ခြင်ဖို့ရန်လိုကြောင်း ဆုံးမခဲ့သည့်အပြင် ပါတီအဖွဲ့အစည်းဖြစ်သည့်အတွက် အတိုက်အခံများရှိမည်ဖြစ်ကြောင်းနှင့် အလုပ်လုပ်သည့်အခါ သတိဝီရိယကြီးကြီးထားပြီး ဆင်ဆင်ခြင်ခြင် လုပ်ဆောင်သင့်ကြောင်း တိုက်တွန်းခဲ့ပါသည်။
မန္တလေးတိုင်းNLD ပါတီဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးနှင့်အဖွဲ့က နောက်နောင် သတိဖြင့် ဆင်ခြင်လုပ်ဆောင် သွားမည်ဖြစ်ပါကြောင်း ပြန်လည်လျှောက်ထားခဲ့ကြပါသည်။
တိုင်းသံဃနာယကနှင့် တိုင်းအာဏာရပါတီတို့ ဆရာဒကာ ဆက်ဆံရေး အဆင်ပြေချောမွေ့သည့် နည်းအတူ ဆရာဆုံးမသည့်အတိုင်း ဒကာများက ကြည်ဖြူစွာလိုက်နာကြသောကြောင့် 31.10.2017 ရက်နေ့တွင်ကျင်းပသော မနောရမံကွင်း ဆုတောင်းပွဲ၌ ဘာသာခြားများနှင့် ရောနှော နေရာချပေးခြင်းများ လုံးဝမရှိတော့ပါ။
ဤသည်မှာ အနာဂတ်အတွက် ကောင်းသောလက္ခဏာတစ်ရပ်ပင် ဖြစ်ပါသည်။
.
Credit:
ဝီရသူ(မစိုးရိမ်)
1.11.2017
PM 1:08

No comments: