Wednesday, November 1, 2017

မရမ်းကုန်းမြို့နယ်ရှိ KBZ ဘဏ်တွင် ငွေထုတ်ရန် ရောက်ရှိနေသောမော်တော်ယာဉ်ပေါ်မှ ကုမ္ပဏီပိုင်ငွေများကိုယူဆောင်ပြီး မော်တော်ယာဉ်နှင့်အတူ ထွက်ပြေးတိမ်းရှောင်နေသူအား သက်သေခံ ငွေများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က (၇) ရက်အတွင်းဖမ်းဆီးရမိ

မရမ်းကုန်းမြို့နယ်ရှိ KBZ Bank(1) ဘဏ်တွင် ငွေထုတ်ရန်ရောက်ရှိနေသော မော်တော်ယာဉ်ပေါ်မှ ကုမ္ပဏီပိုင်ငွေ ကျပ် ‎၁၄၁၄၇၆၈၀၀ ကို ခိုးယူထွက်ပြေးသည့် ကုမ္ပဏီဝန်ထမ်းယာဉ်မောင်းအား ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က (၇) ရက်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၂၄ ရက်နေ့ နေ့လည် ၁၃၀၀ အချိန်ခန့်က Diamond Dragon Co.LTD မှ  ငွေထိန်းဝန်ထမ်းဖြစ်သူ မယွန်းဖြူ  နှင့် မဇင်မာလွင်တို့သည် ကုမ္ပဏီဝန်ထမ်းယာဉ်မောင်း ကျော်ဇင်ဦး (၃၀)နှစ်နှင့်
အတူ ကုမ္ပဏီပိုင် မော်တော်ယာဉ် 5D/5693 ဖြင့် ကုန်သည်များမှ စားအုန်းဆီဖိုးငွေအဖြစ် ပေးသွင်းထားသော ငွေများကိုဘဏ်များသို့သွားရောက်ထုတ်ယူခဲ့ပြီး မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်၊ ယုဇနလမ်းရှိ KBZ Bank (1) တွင် ငွေထုတ်ယူရန်ရောက်ရှိစဉ် အခြားဘဏ်များမှ
ထုတ်ယူလာသော ငွေများကိုယာဉ်ပေါ်တွင်တင်ထားပြီး မယွန်းဖြူနှင့် မဇင်မာလွင်တို့က ဘဏ်အတွင်းသို့ ငွေများသွားရောက်ထုတ်ယူရာယာဉ်မောင်းကျော်ဇင်ဦးက ယာဉ်ပေါ်တွင်ထားရှိသော ငွေကျပ် ‎၁၄၁၄၇၆၈၀၀ ကို ယူဆောင်၍ ကုမ္ပဏီပိုင် မော်တော်ယာဉ် 5D/5693 ဖြင့်
ထွက်ပြေးသွားသဖြင့် ဘုရင့်နောင်နယ်မြေရဲစခန်း (ပ) ၁၁၂၉/ ၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈၁ ဖြင့် အမှုဖွင့်စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အမှုမှ ပြစ်မှုကျူးလွန်သူ မောင်းနှင်ထွက်ပြေးသွားသော မော်တော်ယာဉ် အမှတ် 5D/5693 Toyota Wish  ကို အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက အနီးကပ်တိုက်ရိုက်ကြီးကြပ်ကာ ခရိုင်မြို့နယ်
အသီးသီးသို့ပိတ်ဆို့ဖမ်းဆီးရန် ညွန်ကြားခဲ့သဖြင့် အောက်တိုဘာ ၂၄ ရက်နေ့ ၁၉၃၀ အချိန်တွင် ပြစ်မှုကျူးလွန်သူ ကျော်ဇင်ဦး ခိုးယူမောင်းနှင်သွားသော 5D/5693 Toyota Wish မော်တော်ယာဉ်ကို အင်းစိန်မြို့နယ်၊
ရွှေပြည်သာတံတားအဆင်းနှင့် ၁၄ လမ်းဆုံကြားရှိ မြဧယာတိုက်တန်းရှေ့တွင် ရပ်ထားကြောင်းတွေ့ရှိ သိမ်းဆည်းရရှိခဲ့ပြီး ကျော်ဇင်ဦးမှာငွေများနှင့်အတူ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါသည်။

ထွက်ပြေးတိမ်းရှောင်နေသူ ကျော်ဇင်ဦးအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် နေထိုင်သွားလာတတ်သော နေရာများသို့ သွားရောက်စုံစမ်းခြင်း၊ ရန်ကုန်မြို့အတွင်း ပိတ်ဆို့ရှာဖွေခဲ့ခြင်း၊  ကျော်ဇင်ဦး သွားရောက်နိုင်သည့်နေရာများရှိ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ရဲတပ်ဖွဲ့များနှင့်ဆက်သွယ်ဆောင်ရွက်ခြင်း၊ ပြစ်မှုကျူးလွန်သူ ကျော်ဇင်ဦး၏ ဓာတ်ပုံကိုဖော်ပြ၍  ဖမ်းဆီးရမိရေးအတွက် အသိပေးကြော်ငြာခြင်းတို့ကို ဆောင်ရွက်ခဲ့သည့်အပြင်  ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ အစီအမံဖြင့် မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များက သတင်းကွင်းဆက်မပြတ် စေရေးအတွက် စဉ်ဆက်မပြတ်စုံစမ်းဆောင်ရွက်ခဲ့ရာ

ပြစ်မှုကျူးလွန်သူ ကျော်ဇင်ဦးသည် လှိုင်သာယာမြို့ နယ်၊ ရေဥက္ကံကျေးရွာအုပ်စု၊ စက်မှုဇုံ(၃)၊ ဗန်းမော်အတွင်းဝန်လမ်း၊ တိုက်(၂)၊ အခန်း(၁)ရှိ ဒေါ်မြမြဦးအဆောင်တွင်ငှားရမ်းနေထိုင်နေကြောင်း စုံစမ်းသိရှိရပြီး ကျော်ဇင်ဦးမှာ အဆောင်တွင်မရှိဘဲ သော့ခတ်ပိတ်ထားသဖြင့် ရဲတပ်ဖွဲ့ဝင်များက နေ့ညမပြတ်လျှို့ဝှက်စွာစောင့်ကြည့်လျက်ရှိစဉ်   အောက်တိုဘာ ၃၁ ရက်နေ့ နံနက်  ၀၅၀၅  
အချိန်တွင် ၎င်းငှားရမ်းနေထိုင်သည့်အဆောင်သို့ပြန်လာသဖြင့် အဆောင်ရှေ့လမ်းမပေါ်တွင် ကျော်ဇင်ဦးအား ဖမ်းဆီးရမိခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ အဆောင်အတွင်းသို့ ဝင်ရောက်ရှာဖွေခဲ့ရာ ခိုးယူလာသည့်ငွေများကိုအဆောင်အခန်းအတွင်း အိပ်ယာကွပ်ပျစ် အောက်တွင်သံသေတ္တာနှင့် လက်ဆွဲအိတ်တို့ဖြင့်ခွဲ၍ ဝှက်သိမ်းထားကြောင်းတွေ့ရပြီး ၎င်းခိုးယူလာသည့် ငွေများအနက် ကျပ် ၁၂၉၁ သိန်းနှင့် အခြားပစ္စည်းများကိုတွေ့ရှိသိမ်းဆည်းရရှိခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် Diamond Dragon Co.LTD ပိုင်ငွေများ ခိုးယူထွက်ပြေးသည့် ကုမ္ပဏီဝန်ထမ်းယာဉ်မောင်း ကျော်ဇင်ဦးအား အခင်းဖြစ်ပြီး နောက် (၇) ရက်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်းနှင့်
ပြစ်မှုကျူးလွန်သူအား ထိထိရောက်ရောက်အရေးယူဆောင်ရွက်နိုင်ရန် ဆက်လက် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ထံမှသတင်းရရှိပါသည်။

No comments: