Friday, November 3, 2017

တန်ဆောင်မုန်းလပြည့် သာမည ဖလ အခါတော်နေ့ (ဝိဇ္ဇာ)

တန်ဆောင်မုန်း လပြည့်နေ့တွင် မြတ်စွာဘုရားက အဇာတသတ်မင်းအား သာမည ဖလသုတ္တန်ကို ဟောကြားတော်မူသောကြောင့် ဤနေ့တိုင်းတွင် သာမည ဖလ အခါတော်နေ့ အထိမ်းအမှတ်ကိုကျင်းပ ပြုလုပ်ရခြင်းဖြစ်ပါသည်။

၁။ သာမည ဖလ ဆိုသည်မှာ ရဟန်းပြုရခြင်း၏ အကျိုးဟုအဓိပ္ပာယ် ရပါသည်။

၂။ ရဟန်း ပြုရခြင်း၏ အကျိုးကို ဟောကြားသောနေ့ဖြစ်၍ ဤနေ့ကိုသံဃာတော်များ၏နေ့ဟု ခေါ်ဆိုနိုင်ပါသည်။

၃။ သာမည ဖလသုတ်သည် ဒီဃနိကာယ် သီလခန္ဓ၀ဂ္ဂ ပါဠိတော်၌ လာရှိပါသည်။

၎။ သာမည ဖလသုတ်သည် ရဟန်းသံဃာတော်များအဖို့ ကြေးမုံမှန်ချပ်ကြီးသဖွယ်ဖြစ်၍ ကိုယ်ကျင့်သီလရှိသည် မရှိသည်ကို ဤသုတ်ဖြင့် ထင်ဟပ်စေနိုင်ပါသည်။

၅။ သာမည ဖလသုတ်သည် လူဒါယကာများအဖို့ ပြဒါးချိန်ကြီးသဖွယ်ဖြစ်၍ မိမိတို့ကိုးကွယ်နေသော ဆရာသမားများ၏ ကျင့်ကြံမှု ဟုတ်မဟုတ်၊ မှန်မမှန်ကို ဤ သုတ္တန်ဖြင့် ချိန်ကိုက် ကြည့်နိုင်ပါသည်။

၆။ အဇာတသတ်မင်းသားသည် ဒေ၀ဒတ်ကိုဆရာတင်မိ၍ အပေါင်းမှားပြီး ဖခင်ဖြစ်သူဗိမ္မိသာရမင်းကြီးကို သတ်မိသောကြောင့် ကံကြီးထိုက်ပြီး အိပ်မပျော်သောဝေဒနာစွဲကပ်ခဲ့ပါသည်။

၇။ ယင်းဝေဒနာကိုကုစားရင်း အမတ်များ၏အကြံပြုချက်အရ တိတ္ထိဆရာကြီး ၆ယောက်တို့ထံ သွားရောက်ပြီး ရဟန်းပြုခြင်း (သာမညဖလ) ၏အကျိုးကို စုံစမ်းမေးမြန်းရာ ကျေနပ်လောက်သောအဖြေကို မရရှိခဲ့ပါ။

၈။ နောက်ဆုံး သမားတော်ကြီးဇီဝက၏ အကြံပေးချက်အရ ရာဇဂြိုဟ်မြို့အနီး ဇီဝကလှူထားသော သရက်ဥယျာဉ်တော်၌ သီတင်းသုံးလျက်ရှိသော မြတ်စွာဘုရားထံ သွားရောက်လျှောက်ထားသောအခါမှ သူသိလိုသော ရဟန်း ပြုခြင်းအကျိုး (သာမညဖလ)ကို သိရှိရပါတော့သည်။

၉။ အဇာတသတ်မင်းသည် သာမညဖလသုတ်တော်ကို ကြားနာရသည့်အချိန်မှ စပြီး ဗုဒ္ဓသာသနာတော်ကို သက်ဝင်ယုံကြည်လာပြီး ပုထုဇဉ်များထဲမှ ရတနာသုံးပါးကို အကြည်ညိုဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပါသည်။

၁၀။ အဇာတသတ်မင်းသည် သာမညဖလသုတ် တရားတော်ကို ကြားနာရ၍ သူ့အပြစ်ကို ကုစားခဲ့သောကြောင့် အပြစ်ကြီးလေးသော မဟာအ၀ီစိငရဲတွင် မကျရောက်တော့ဘဲ အပြစ်ဒဏ်ပေါ့သော လောဟကုမ္ဘီ ငရဲ၌သာကျရောက်ပြီးနောင်သောအခါ ၀ိဇိတာဝီမည်သော ပစ္စေကဗုဒ္ဓါဖြစ်၍ ကျွတ်တမ်းဝင်ရပါလိမ့်မည်။

၁၁။ ဤနေ့တွင်ဟောကြားသော သာမညဖလသုတ်တော်ကြောင့် အဇာတသတ်မင်းတရားသည် ပထမသင်္ဂါယနာတင်မင်းတရား အဖြစ်ခံယူခဲ့ခြင်း၊ မြတ်စွာဘုရား၏ ဓာတ်တော်များကို စုဆောင်းသိမ်းဆည်း၍ ဓာတ်တော်တိုက်ကြီး တည်
ထားခဲ့ခြင်း၊ ဗုဒ္ဓသာသနာနှစ်ကို အတိအကျသတ်မှတ်ခဲ့ခြင်း၊ သာသနာပြု လုပ်ငန်းကြီးသုံးရပ်ကိုလည်း လုပ်ဆောင်သွားခဲ့ခြင်းတို့မှာ ဗုဒ္ဓဘာသာဝင်များအတွက် ကျေးဇူး ကြီးလှပါသည်။

၁၂။ ပိဋကတ်တော်များ မပျက်စီးရအောင် သင်္ဂါယနာ အဆက်ဆက်တင်၍ ယနေ့ထက်တိုင် ထိန်းသိမ်းထားနိုင်ခြင်းမှာအဇာတသတ်မင်း၏ ကျေးဇူးဟု ဆိုထိုက်ပါသည်။

၁၃။ အဇာတသတ်မင်း စုဆောင်းထားသော ဓာတ်တော်များကို ရှာဖွေ၍ သီရိဓမ္မာသောကမင်းကြီးက စေတီပေါင်းရှစ်သောင်းလေးထောင် တည်ထား၍ သာသနာ ပြုခဲ့သောကြောင့် နှောင်းခေတ် ဗုဒ္ဓဘာသာဝင်တို့ ဖူးမြော်ခွင့် ရရှိနေကြခြင်း ဖြစ်ပါသည်။

၁၄။ ဗုဒ္ဓဘာသာဝင်တို့ သာသနာနှစ်ကို အတိအကျ သုံးစွဲခွင့် ရရှိနေသည်မှာ အဇာတသတ်မင်း၏ ကျေးဇူးနှင့်သာမညဖလသုတ်တော်တို့ ၏ အကျိုးဆက်ဟု ဆိုနိုင်ပါသည်။

တန်ဆောင်မုန်း လလို့ ခေါ်ဆိုရခြင်းရဲ့ အကြောင်းက မိုးလေကင်းလွတ် သီတင်းကျွတ် ပြီးပေမယ့် ကောင်းကင်မှာ ရေခိုးရေငွေ့ ကျန်သေးသလို အေးမြတဲ့ မြောက်လေ တိုက်ခတ်စ ပြုတဲ့ ဒီလဟာ မနက် ခင်း ဝေလီဝေလင်း အချိန် ရောက်တိုင်း မြေခိုး မြေငွေနဲ့ မြူငွေ့တို့ များပြား မှောင်မဲ နေလေ့ရှိလို့ မိုးတွင်း မဟုတ်တဲ့ ခါတိုင်းလများရဲ့ မနက် စော များ လို သဘာဝ အလင်းရောင်နဲ့ သွားလာလို့ မရဘဲ တန်ဆောင် ဆီမီးများ ထွန်းညှိပြီး သွားလာ ရတဲ့ အတွက် တန်ဆောင်တိုင်ခေါ် မီးတိုင်၊ မီးပုံးများကို ကိုင်စွဲ သွားလာ ရလေ့ ရှိပါတယ်။ ဒီလို ကိုင်စွဲ သွားလာ ရတာ မုန်းလာ လောက်အောင် ရိုးအီ လာအောင် ကိုင်ဆောင်ရလို့ တန်ဆောင်မုန်းလို့ ခေါ်တယ်လို့ မှတ်သားဖူးပါတယ်။

တန်ဆောင်မုန်း လပြည့်နေ့မှာ ဗုဒ္ဓမြတ်စွာ ဘုရားက သာမည ဖလ သုတ်တော်ကို ဟောကြားခဲ့လို့ နေ့ထူးနေ့မြတ် အဖြစ် သတ်မှတ်ခဲ့ပါတယ်။ တန်ဆောင်မုန်း လပြည့်နေ့ဟာ ကောင်းကျိုး အဖြာဖြာ ပေးတဲ့ နက္ခတ်၊ ကြယ်စုံတဲ့၊ အတွက်ရော ဆေးဖက်ဝင် နက္ခတ် တွေရဲ့ ရောင်ခြည်တွေက မယ်ဇလီပင်မှာ သွားစုတယ်လို့ ယုံကြည် ကြတဲ့ အတွက် ပါ ဆေးလက်သုတ် လို့ခေါ်တဲ့ မယ်ဇလီ ဖူးသုပ်ကို တန်ဆောင်မုန်း လပြည့်နေ့ ညတိုင်း လမွန်းတည့် ကြယ်မွန်းတည့်တဲ့ ညသန်းခေါင် ချိန်မှာ တကူးတက အလေးထား သုပ်စားကြတာ ရိုးရာကို အလေးအမြတ် ထားတဲ့ မြန်မာ တမျိုးသား လုံးရဲ့ ဓလေ့ပါ။ ဒါ့အပြင် မဉ္ဇူသက နတ်ပန်းပင်လို့ ခေါ်တဲ့ သစ်ပင်ဟာ တန်ဆောင်မုန်း လပြည့် ည တစ်ညပဲ လရောင်ကို ခံပြီး ပွင့်လေ့ရှိပြီး အာရုဏ် မတက်ခင် ကြွေလေ့ ရှိလို့ ညနေ ကတည်းက အပင်အောက် မှာ ပိတ်ဖြူ ခင်းပြီး အသင့်စောင့် ရလေ့ ရှိပါတယ်။ အဲဒီ ပန်း နှစ်မျိုးလုံးက အင်မတန် ဆေးဖက်ဝင်လို့ ပရဆေး ဖော်စပ်တဲ့ မြန်မာ့ ရိုးရာ သမားတော်များက တန်ဖိုးထား ကြပါတယ်။

ဒါ့အပြင် နက္ခတ်ကောင်း ပေါင်းစုံတဲ့ တန်ဆောင်မုန်း လပြည့်ညမှာ နက္ခတ် ဗေဒင် ပညာရှင်များက ဓန သိဒ္ဓိ နက္ခတ် နဲ့ စန်းယှဉ်ချိန်ကို စောင့်ပြီး ပထ၀ီ ဇယ မန္တာန်ကို ရွတ်ရင် ရတနာ ရွှေမိုးငွေမိုး ရွာသလို ကောင်းကျိုး ရတယ်လို့ ယုံကြည် စောင့်ဆိုင်း ကြသလို လောကီ အစီအရင်တွေ၊ အထက်လမ်း ဂိုဏ်းတွေ စိတ်ဝင်စား လေ့လာ လိုက်စား သူ များ ကလဲ နက္ခတ်စုံချိန်ကို စောင့်ပြီး အစီအရင်တွေ ပြုလုပ်လေ့ ရှိကြပါတယ်။ အောက်လမ်းဂိုဏ်းသား စုန်းကဝေ များ ကလဲ ပညာ တက်လေ့ ရှိကြပါတယ်။

ပိုပြီး ထူးဆန်း အံ့သြဖွယ် ကောင်းတာက တန်ဆောင်မုန်း လပြည့်ည တွေ မှာ သိဒ္ဓိဝင် ကျောက်သံ ပတ္တမြား တွေဟာ သဘာဝ အလျောက် မိုးပေါ် ပျံတက်ပြီး နက္ခတ်များရဲ့ အငွေ့ အသက် ကို ခံယူပြီး အရည်အသွေး ပိုတက် တတ်ကြတယ်လို့ ပြောသံ ကြားဖူးသလို မိုးကုတ်ဒေသမှာ အဲဒီ မြင်ကွင်း ကို ကိုယ်တိုင် မြင်ဖူး သူများတောင် ရှိကြတယ်လို့ ကြားသိရပါတယ်။ ဒီလို အံ့ဖွယ် အဖြာဖြာ ပြည့်စုံနေတဲ့ တန်ဆောင် မုန်း လပြည့်ည၊ ၂၀၀၇ ခုနှစ်မှာ ဘယ်လို ထူးခြားမှု တွေ ဆောင်ကြဉ်း လာမလဲ လို့ ကြည့်ကြ ရအောင် ပါနော်။

#ခွန်မြလှိုင်

No comments: