Friday, November 17, 2017

တန်ဖိုးမျှတအိမ်ရာ တိုက်ခန်းပေါင်း ၃၄ဝ လာမည့်ဘဏ္ဍာနှစ်တွင် ပုသိမ်ကြီးမြို့နယ်၌ တည်ဆောက်မည်


==========

မန္တလေး    နိုဝင်ဘာ   ၁၆

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ဘိုတက် ကုန်းကျေးရွာအနီးတွင်  တန်ဖိုးမျှတအိမ်ရာ  တိုက်ခန်း ပေါင်း ၃၄ဝ ကို လာမည့်ဘဏ္ဍာနှစ်တွင် အကောင်အထည် ဖော် တည်ဆောက်ရန် စီစဉ်နေပြီဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးသက်နိုင်က ပြောသည်။

အဆိုပါတိုက်ခန်းများအား မြေခုနစ်ဧကပေါ်တွင် လေးခန်းတွဲ  ငါးထပ်တိုက် အလုံးရေ ၁၇ လုံး စုစုပေါင်း တိုက်ခန်း ၃၄ဝ ကို လာမည့်ဘဏ္ဍာနှစ်တွင် စတင်တည် ဆောက်ပြီး နိုင်ငံ့ဝန်ထမ်း၊ အငြိမ်းစားဝန်ထမ်း၊ ကုမ္ပဏီ ဝန်ထမ်းနှင့် ဝင်ငွေနည်း ပြည်သူတို့အား မဲစနစ်ဖြင့်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

''မန္တလေးတိုင်းဒေသကြီးမှာ အိမ်ရာလိုအပ်ချက်ရှိတဲ့ မြို့နယ်တွေမှာ မြေနေရာတွေတောင်းထားပါတယ်၊ အထူး သဖြင့်   မန္တလေးမြို့ပေါ်မှာက   အိမ်ရာလိုအပ်ချက် ပိုများတယ်၊  လက်ရှိအခြေအနေမှာတော့ နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာတွေကို  ဦးစားပေး  ဖော်ဆောင်နေပါတယ်''ဟု ၄င်းက ပြောသည်။

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်   မြရည်နန္ဒာအိမ်ရာအနီးတွင် မြရည်နန္ဒာအပိုင်း(၁) လေးခန်းတွဲ လေးထပ် ၂၇ လုံး အခန်းရေ ၄၃၂ ခန်းနှင့် မြရည်နန္ဒာ အပိုင်း(၂) ရှစ်ခန်းတွဲ ငါးထပ် အလုံး ၂ဝ အခန်းပေါင်း ၈ဝဝ စုစုပေါင်း ၁၂၃၂ ခန်းကို နိုင်ငံ့ဝန်ထမ်းများ၊ အငြိမ်းစားများ၊ ပုဂ္ဂလိကဝန်ထမ်း များနှင့် ဝင်ငွေနည်းပြည်သူများအား မဲစနစ်ဖြင့် ပြီးခဲ့သည့် မတ်လအတွင်းက  ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း  သိရ သည်။                  

မင်းထက်အောင်(မန်းကိုယ်ပွား)

No comments: