Sunday, November 19, 2017

နဝတအစိုးရကို- ပြည်ခိုင်ဖြိုးအစိုးရတို့ကို ကလောင်သွားဖြင့် ထိုးနှက်ခဲ့သော နာမည်ကျော်ဆောင်းပါးဆရာ လက်စောင်းထက်၏ လက်ရှိအစိုးရအပေါ်သုံးသပ်မှု


--------------
အစိုးရအနေဖြင့် မျက်မှန်စိမ်းကို ဖြုတ်ရမည့် အချိန်ရောက်ပြီ
---------------
- လက်စောင်းထက်
စစ်အစိုးရလက်ထက်တွင် နိုင်ငံတကာမှ ပိတ်ဆို့ထားသော်လည်း အောက်ခြေမှစ၍ လူတန်းစားအားလုံး စားဝတ်နေရေး အဆင်ပြေခဲ့ကြသည်။ အဓိကမှာ အလုပ်အကိုင်အခွင့်အလမ်းများ ပြည်တွင်း၌ ရှိနေသောကြောင့် ဖြစ်သည်။ ထိုစီးပွားရေး အဆင်ပြေမှုသည် ဦးသိန်းစိန်အစိုးရလက်ထက်တွင်လည်း ဆက်လက်တည်မြဲခဲ့သည်။ သို့သော် ယခုအစိုးရလက်ထက်တွင် စီးပွားရေးလုပ်ငန်းများ ရပ်တန့်သည်ကရပ်တန့်၊ လေးလံထိုင်းမှိုင်းသည်က လေးလံထိုင်းမှိုင်းဖြစ်ကုန်သည်။ ထို့အပြင် မည်သည့်လုပ်ငန်းလုပ်လုပ်၊ မည်သည့်စီမံကိန်းလုပ်လုပ် ဖျက်လိုဖျက်ဆီးလုပ်လိုသော အင်အားစုအဖွဲ့အစည်းများက တစ်နေ့တခြား များလာသည်။ ထိုအဖွဲ့အစည်းများက ပြည်ပမှ အဖွဲ့အစည်းတချို့၏ ထောက်ပံ့ငွေများဖြင့် ပြည်တွင်းတွင် တိုင်းပြည်အတွက် အကျိုးရှိမည့် စီမံကိန်းလုပ်ငန်းများကို အကြောင်းအမျိုးမျိုးပြပြီး ပိတ်ပင်ကန့်ကွက် တားဆီးနေသဖြင့် အစိုးရသစ်အတွက် လုပ်ရကိုင်ရခက်ခဲလာခဲ့သည်။

တစ်ချိန်တည်းတွင် ဒေသဆိုင်ရာဝန်ကြီးချုပ်များကလည်း သူတို့ဒေသအတွင်း အကောင်အထည်ဖော်လက်စ စီးပွားရေးလုပ်ငန်းများ၊ အခြေခံအဆောက်အအုံဆောက်လုပ်သည့် လုပ်ငန်းများကို အကြောင်းအမျိုးမျိုးပြ ရပ်တန့်စေခဲ့သည်။ နောက်ဆက်တွဲ အကျိုးဆက်ကား ထိုလုပ်ငန်းများတွင် မှီခိုလုပ်ကိုင်နေသော အခြေခံလူတန်းစားများ အလုပ်လက်မဲ့ဖြစ်ကုန်ခြင်းပင်ဖြစ်သည်။ ဘေးထွက်ဆိုးကျိုးကား တစ်နေ့လုပ်မှ တစ်နေ့စားရသူတို့အတွက် အလုပ်လက်မဲ့ဖြစ်လာသောအခါ မထူးဇာတ်ခင်းပြီး ရာဇ၀တ်မှုများ ကျူးလွန်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ရာဇ၀တ်မှုများ မြင့်တက်လာသလို ငွေလွယ်လွယ်ရသော မူးယစ်ဆေးဝါး ရောင်းဝယ်ရေး လုပ်ငန်းက တဖြည်းဖြည်း ကြီးထွားလာတော့သည်။

အစိုးရအနေဖြင့် ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများပေးနေသည့် လုပ်ငန်းရှင်များကို အခွန်အကောက်ဖြင့် နှိပ်ကွပ်ခြင်း၊ မည်သည့် အခွင့်အလမ်းမှ ဖန်တီးမပေးခြင်းတို့အပြင် ယခုအခါ ပုဂ္ဂလိကဘဏ်များကိုပါ ထပ်မံတင်းကျပ်နေသည်ဟု ဘဏ်လုပ်ငန်းရှင်များထံမှ ကြားသိရသည်။ အရပ်သုံး စကားဖြင့်ပြောရလျှင် လူအများသည် စီးပွားရေးလုပ်ငန်းများ အဆင်မပြေသဖြင့် သူတို့၏ ငွေများကို ဘဏ်များအတွင်း ထည့်ထားပြီး ဘဏ်တိုးမှငွေကိုသာ ထုတ်ယူစားသုံးနေကြသည်။ တစ်ဖန် မည်သည့်စီးပွားရေးလုပ်ငန်းမှ အသစ်မရှိသဖြင့် မည်သူမှလည်း ဘဏ်မှငွေကို လာမချေးကြ။ ထို့ကြောင့် ဘဏ်များနောက် ခြောက်လခန့်အကြာတွင် ပေးစရာ အတိုးမရှိသဖြင့် ယိုင်လဲတော့မည်ဟူသော အသံများ ထွက်လာပြီဖြစ်သည်။

တိုင်းပြည်တစ်ပြည် စီးပွားရေး နှေးကွေးလာလျှင် ဘဏ်များတွင် အပ်ထားသောလူအများ၏ ငွေများကို ပြန်ထုတ်ပြီး ဈေးကွက်အတွင်း သုံးစွဲစေရန် ဘဏ်အတိုးနှုန်း လျှော့ချခြင်းနှင့် အစိုးရက စီမံကိန်းများဖန်တီးပြီး လှည့်လည်စီးဆင်း ငွေများအောင် လုပ်ရမည်ဖြစ်သည်။ သို့သော် အစိုးရအနေဖြင့် အခွန်အကောက် မည်မျှ ကောက်ခံရရှိသည်ဟူသော အချက်ပေါ်တွင်သာ သာယာကြည်နူးနေသည်ကို တွေ့ရသည်။ ယခုအချိန်အထိ မည်သည့်လွှတ်တော်တွင်မှ “အခြေခံလူတန်းစားများ စီးပွားရေးကျပ်တည်းနေပါပြီ။ အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံးနေပါသည်” ဟူသည့်အဆိုကို မည်သည့် လွှတ်တော်ကိုယ်စားလှယ်ကမှ မတင်သွင်းခြင်းကလည်း ထူးခြားလှသည်။ အစိုးရကို အကျပ်အတည်းတွေ့စေမည့် မေးခွန်းများ မမေးနှင့်ဟု ညွှန်ကြားချက် ထုတ်ထားသည်ဟုလည်း ကြားရရာ ထိုအတိုင်းသာ မှန်ပါက မြန်မာနိုင်ငံမှ ပြည်သူများအဖို့ စစ်အာဏာရှင်အောက်မှ ရွေးကောက်ခံ အာဏာရှင်လက်အောက်သို့ ကူးပြောင်းကျရောက်သည်နှင့် မခြားတော့ပေ။

အစိုးရအဖွဲ့တွင်လည်း အသက်အရွယ်ကြီးရင့်သော ၀န်ကြီးများက အဓိကကျသောနေရာကို ကိုင်တွယ်ထားသည့်အတွက် စိတ်သွားတိုင်း ကိုယ်မပါ ဖြစ်နေကြသည်ဟု အစိုးရအရာရှိကြီးများ ညည်းညူသံကို ကြားဖူးပါသည်။ “အစည်းအဝေးသာ လုပ်တယ်။ ဘာဆုံးဖြတ်ချက်မှလည်း မချဘူး။ ဘာလုပ်ရမှန်းလည်း မသိဘူး။ အခုတော့ အရင်အစိုးရလက်ထက်က လုပ်လက်စလေးတွေပဲ ဆက်လုပ်နေရတာရှိတယ်”ဟု ပြောသူက ပြောသည်။ အစိုးရ၀န်ကြီးမင်းများအဖို့ အလုပ်လုပ်ပြရန်ထက် နိုင်ငံတော်အတိုင်ပင်ခံ အငြိုငြင် မခံရရေးသာ ဦးစားပေးနေကြသည်။ ယခင်အစိုးရလက်ထက်နှင့် ယှဉ်ပါက ယခုအစိုးရအဖွဲ့ဝင်များသည် လာဘ်ပေးလာဘ်ယူ ကင်းရှင်းသည်မှာ ငြင်းစရာမလိုပါ။ သို့သော် လာဘ်ပေးလာဘ်ယူ ကင်းရှင်းသော်လည်း နိုင်ငံတော်အတွက် ၀န်ကြီးဌာနမှ သတ်မှတ်တာဝန်များ မထမ်းဆောင်နိုင်လျှင်လည်း နိုင်ငံ၏ စီးပွားရေးကျဆင်းမည်ပင်ဖြစ်ပြီး တာဝန်ကျေသည်ဟု မယူဆနိုင်ပါ။

လက်ရှိတွင် မြန်မာနိုင်ငံအရပ် ဒေသအသီးသီးမှ ကုန်သည်ကြီးများ၊ စက်မှုလက်မှု လုပ်ငန်းရှင်ကြီးများကို စီမံဘဏ္ဍာဝန်ကြီးကသာ လိုက်လံတွေ့ဆုံနေပြီး စီးပွားကူးသန်းဝန်ကြီးက ပျောက်ချက်သား ကောင်းနေသည်။ စီမံဘဏ္ဍာဝန်ကြီးက လိုက်လံတွေ့ဆုံနေသော်လည်း မည့်သည့်အဖြေမှ ထွက်ပေါ်လာခြင်းမရှိ။ နိုင်ငံတော်အတွက်လည်း နှစ်တိုနှစ်ရှည် စီးပွားရေးအရအစီအမံကလည်း မရှိသောကြောင့် နိုင်ငံ့စီးပွားရေးမှာ တစ်နေ့တခြား ရင်လေးစရာ ဖြစ်နေသည်။

ယခုအခါ မြန်မာနိုင်ငံဒေသ အသီးသီးတွင် ရေကြီးနေသည်။ ပြင်းထန်ရာသီတုပ်ကွေး ဖြစ်ပွားနေသည်။ သို့သော် မည်သည့် ပရဟိတအဖွဲ့မှ ထွက်ပေါ်မလာသလို မည်သည့်စီးပွားရေးလုပ်ငန်းရှင်ကမှ ကူညီထောက်ပံ့ခြင်း မပြုသည်မှာ ထူးခြားချက်တစ်ရပ် ဖြစ်လာသည်။ ဆိုရလျှင် စီးပွားရေးလုပ်ငန်းရှင်များက ဆိတ်ဆိတ်နေခြင်းဖြင့် အစိုးရကို မလိုလားသည့် အရိပ်အယောင်များ စတင်ပြသလာပြီ ဖြစ်သည်။ စီးပွားရေးလုပ်ငန်းရှင်များကို “ခရိုနီတွေပါ၊ အရင်အစိုးရနဲ့ ပေါင်းစားနေသူတွေပါ၊ သူတို့ကို ဘာလုပ်ငန်းမှ ချမပေးနဲ့၊ သူတို့ဆီက အခွန်အကောက်တွေ တိုးကောက်၊ ဒီလူတွေက အစိုးရဆီက နို့သက်ခံစို့နေတာပဲ”ဟု ပြောနေမည့်အစား မြင်နေမည့်အစား၊ ထိုသူများဖြင့် တိုင်းပြည်စီးပွားရေးကို မောင်းနှင်ရန် စည်းရုံးရမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် တိုင်းပြည်စီးပွားရေးကို မောင်းနှင်နိုင်မည့် ဓနအင်အား၊ အတွေ့အကြုံနှင့် လူသားအရင်းအမြစ်များသည် ထိုသူများထံတွင်သာ ရှိသောကြောင့်ဖြစ်သည်။ “ဒီအစိုးရက ပြောတော့သာ ဒီမိုကရေစီအစိုးရ၊ လုပ်နေတာက ကွန်မြူနစ်အတိုင်းပဲ”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပြဖူးပါသည်။

မိမိတို့သည် လက်ရှိ အစိုးရဖြစ်နေပြီဖြစ်သည်။ အတိုက်အခံ မဟုတ်တော့ပါ။ ထိုအချက်ကိုလည်း သတိပြုသင့်ပါသည်။ အစိုးရအနေဖြင့် လက်ဝယ်တွင် နိုင်ငံတော်၏ အာဏာရှိသဖြင့် အစိုးရ၏ လုပ်ဆောင်ချက်သည် ပြည်သူပြည်သားများကို ဆင်းရဲတွင်းမှ ကယ်တင်နိုင်သလို ဆင်းရဲတွင်းသို့လည်း ထိုးချနိုင်သည်ကို ရှေးယခင် အတွေ့အကြုံများအရ ပြည်သူများ ခံစားပြီးဖြစ်ပါသည်။ မျှော်မှန်းချက်ကြီးစွာဖြင့် ပြည်သူများက ရွေးချယ်လိုက်သော အစိုးရအနေဖြင့် ပြည်သူများ၏ တစ်နေ့တခြား ကျပ်တည်းလာသော နိစ္စဒူဝ စားဝတ်နေရေးကို ဖြေရှင်းရန် အချိန်ကျရောက်နေပြီ ဖြစ်ပါသည်။ ထို့ကြောင့် ယခင်က တပ်ထားသော မျက်မှန်စိမ်းများကို ဖြုတ်ပြီး တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် စီးပွားရေး စီမံချက်များ အမြန်ရေးဆွဲ လုပ်ဆောင်ရန် အချိန်ကျရောက်နေပြီဖြစ်ပါကြောင်း လေးလေးနက်နက် တိုက်တွန်းလိုက်ပါသည်။
Tomorrow Journal

1 comment:

Anonymous said...

Baccarat Rules & How To Play - FairPlayCasino
Baccarat is a หาเงินออนไลน์ great way to practice for free and for a new player to try it and try it out. The games are similar febcasino to 메리트카지노 blackjack,