Wednesday, November 1, 2017

လိုင်စင်မဲ့ကားများ မြစ်ကြီးနားမြို့အဝင်ဂိတ်တွင် ယနေ့ စတင်စစ်ဆေးနေဟုပြော


EPN
မြစ်ကြီးနား နိုဝင်ဘာ ၁

မြစ်ကြီးနားမြို့နယ်ရှိ လိုင်စင်မဲ့ကားများကို ဝိုင်းမော်မြို့နယ် ဗလမင်းထင်ပူးပေါင်း စစ်ဆေးရေးဂိတ်နှင့် ၂၁မိုင် မြို့အဝင်ဂိတ်တွင် ယနေ့  စတင်စစ်ဆေးနေသည်ဟု မြစ်ကြီးနားမြို့ အမှတ် ၉၈ ယာဉ်ထိန်းရဲတပ်ဖွဲ့မှုးရုံးမှ သိရသည်။

မြို့အဝင်ဂိတ်တွင် နယ်စပ်ဖြတ်ကျော်သွားလာပါက အရေးယူမည်ဟု ယခုနှစ် သြဂုတ်လမှစတင်၍ အောက်တိုဘာ ၃၁ရက်အထိ ပညာပေးကာလ သတ်မှတ်ခဲ့ပြီး ယနေ့ နိုဝင်ဘာ ၁ရက်နေ့တွင် စတင်အရေးယူနေကြောင်း သိရသည်။

``ဒီနေ့စဆောင်ရွက်နေတယ် ၂၁မိုင်ဂိတ်မှာ ယာဉ်ထိန်း အရာရှိတစ်ယောက်ရယ် အခြားအဆင့်တစ်ယောက်ရယ် နောက်နယ်ရဲတွေနဲ့ ပူးပေါင်း ပြီး ဆောင်ရွက်နေတယ် ဗလမင်းထင် မှာတော့ ယာဉ်ထိန်း ရဲတပ်ဖွဲ့နဲ့ ရဲအရာရှိတွေ ဆောင်ရွက်နေတယ်
ဖမ်း​ဆီးရမိတာတော့ လောလောဆည် မရှိဘူး
ညနေကြမှ စာရင်းသေချာသိရမယ်´´ဟု အမှတ်၉၈ယာဉ်ထိန်းရဲတပ်ဖွဲ့မှုးရုံးမှ ရဲမှုးစိုးမင်းကပြောသည်။

ဖမ်းဆီးစစ်ဆေးနေသည့် မြို့အဝင်ဂိတ်နှစ်ခုမှာ  ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာတွင်ရှိသည့် ဗလမင်းထင်တံတား အနီးမှ ပူးပေါင်းစစ်ဆေးရေးဂိတ်ဖြစ်ပြီး ၂၁မိုင်ပူးပေါင်း စစ်ဆေးရေးဂိတ်သည် မြစ်ကြီးနားမြို့နယ် ၁၈မိုင်ကျေးရွာနှင့် မိုးကောင်းမြို့နယ် မရမ်းကျေးရွာကြား အမှတ်၂၆၀ ခြေမြန်တပ်ရင်းအနီးတွင် ရှိသည်။

``လိုင်စင်မဲ့ကားတွေကို  ဒီနေ့စဖမ်းမယ် သတင်းကြားလို့   ဝိုင်းမော်ဘက်မှာ အလုပ်ကိစ္စရှိတာတောင် ကားမောင်းမသွားရဲလို့ မြစ်ကြီးနားကို ချိန်းလိုက်ရတယ် ကျွန်မတို့က မြစ်ကြီးနား  မြို့ထဲမှာပဲ စီးတာပေါ့နော် မြို့ပြင်တော့ မထွက်ဘူး´´ဟု  ​မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက်မှ ဒေသခံ တစ်ဦးကပြောသည်။

လက်ရှိ ပူးပေါင်းစစ်ဆေးရေး
ဂိတ်၂ခုတွင် တာဝန်ထမ်းဆောင်နေသော  အဖွဲ့များမှ အောက်တိုဘာ၁ရက်နေ့ ညနေအထိ လိုင်​စင်​မဲ့ကား ဖြတ်ကျော်သွားလာခြင်းမရှိသေးကြောင်းသိရသည်။

မီးမီး

No comments: