Wednesday, November 1, 2017

"သနပ်ခါးဟာ ရွှေချိန်တဲ့ချိန်ခွင်နဲ့ ချိန်ပြီးရောင်းရတဲ့အဆင့်ကို ရောက်သွားလိမ့်မယ်"

မြန်မာနိုင်ငံ အလှကုန်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်မင်းနှင့်တွေ့ဆုံခြင်း
=====================================================

လက်ရှိအချိန်မှာ မြန်မာနိုင်ငံထဲကို အရှိန်အဟုန်နဲ့ ထိုးဖောက်ဝင်ရောက်လာခဲ့တဲ့ နိုင်ငံခြား အလှကုန်ပစ္စည်း တွေကြောင့် မြန်မာ့သနပ်ခါးရဲ့ အခန်းကဏ္ဍဟာ တဖြည်း ဖြည်း မှေးမှိန်လာခဲ့ပါတယ်။  အရင်တုန်းကလို  မြန်မာမိန်းကလေး တွေ ရဲ့ သနပ်ခါးအပေါ် စိတ်ဝင်စားမှုဟာလည်း တဖြည်းဖြည်း လျော့ကျလာခဲ့ပြီး  အပြင်ထွက်ရင်  သနပ်ခါးအစား မိတ်ကပ်တွေ လိမ်းခြယ်တတ်တဲ့ မိန်းကလေး တွေ များလို့လာနေပါပြီ။ ဒီတော့ လက်ရှိမြန်မာနိုင်ငံရဲ့ သနပ်ခါးဈေးကွက် အခြေ အနေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အလှကုန်လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးကျော်မင်းနဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့တာကိုတင်ပြပေးလိုက်ပါတယ်။

မေး ။     ။ မင်္ဂလာပါ။ လက်ရှိ မြန်မာပြည်ရဲ့ သနပ်ခါးဈေးကွက် အခြေအနေလေး သိချင်ပါတယ်။

ဖြေ ။     ။ မြန်မာပြည်ရဲ့ သနပ်ခါးဈေးကွက် အခြေအနေကတော့ လက်ရှိ အချိန် မှာ နိုင်ငံခြားကဝင်လာတဲ့ တန်ဖိုးကြီး အလှကုန်ပစ္စည်းတွေရှိတယ်၊ အမျိုး အစား အစုံပေါ့နော်။ မိန်းကလေးတွေကလည်း အဲဒီဘက်ကို ပိုပြီးစိတ်ဝင်စားနေကြ တော့ ဈေးကွက်က အရင်နဲ့စာရင် သုံးစွဲသူနည်းသွားတယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ မိန်းကလေးတွေအနေနဲ့ သနပ်ခါးကိုအပြင်ထွက်တဲ့အခါ အလှအပတစ်ခု အနေနဲ့ လိမ်းတာနည်းသွားပေမဲ့ လည်း အိမ်နေရင်းဆေးဖက်ဝင်အနေနဲ့ လိမ်း တာ တွေ ရှိနေသေးတော့ သုံးစွဲသူ နည်းသွားတယ်ဆိုပေမဲ့ သိသိသာသာတော့ နည်းသွားတာမဟုတ်ဘူးပေါ့။


မေး ။     ။ နာမည်ကြီး အလှကုန်ပစ္စည်းတွေ ဈေးကွက်ထဲ ဝင်လာကြတဲ့အချိန်မှာ မြန်မာ့သနပ်ခါး ထုတ်လုပ်သူတွေအနေနဲ့ ကိုယ့်ရဲ့ဈေးကွက်ကို ဘယ်လိုထိန်း ထားကြလဲ။

ဖြေ ။     ။ အဓိကကတော့ ကိုယ့်နိုင်ငံရဲ့ Brand ပေါ့နော်။ ကိုရီးယားဆိုရင် ဂျင်ဆင်းကို တွဲသိကြသလိုမျိုးပဲ။ ပစ္စည်းတစ်ခုရဲ့ နာမည် ပြောလိုက်တာနဲ့ ဘယ်နိုင်ငံကဆိုတာ သိနိုင်တာမျိုးပေါ့။ အဲဒီလို ထုတ်လုပ်ထား တဲ့ပစ္စည်းတွေရဲ့ ဈေးက အရမ်းမြင့်တယ်။ တန်ဖိုးလည်းထားတယ်။ အဲဒါကို ဈေးကြီးပေးပြီး သုံးကြ တယ်။ ဒါပေမဲ့ ဦးတို့ရဲ့ မြန်မာနိုင်ငံမှာကျတော့ ဘယ်လိုခေါ်မလဲ။ ဓာတုပစ္စည်း တွေနဲ့လုပ်ထားတဲ့အလှကုန်ပစ္စည်းတွေကို ရုပ်ရှင်တို့၊ ဗီဒီယိုတို့၊ အင်တာနက်တို့ အဲဒီကနေတစ်ဆင့်မြင်ပြီးတော့ သူတို့တွေက အဲဒီအနောက်တိုင်း အလှကုန် တွေကို သုံးတဲ့ ယဉ်ကျေးမှုကတော့ တဖြည်းဖြည်းနဲ့ကြီးထွားလာတယ်။ ကြီးထွား လာတဲ့အခါကျတော့ လော လောဆယ် အခိုက်အတန့်မှာတော့ နောက်သုံး လေးနှစ် ပေါ့နော်။ အဲဒီကာလ အတွင်းမှာတော့ မြန်မာနိုင်ငံမှာ သနပ်ခါးသုံးတဲ့ လူဦး ရေက လျော့သွားနိုင်ဖို့ ရှိတယ်လို့ ဦးကတော့မြင်တယ်။ ဒါပေမဲ့ လည်း ကမ္ဘာမှာက Organic တို့ Herbal တို့ကိုအလေးထားတယ်။ အဲဒီလိုဆိုတော့ မြန်မာ့သနပ်ခါးလည်း ကိုရီးယားဂျင်ဆင်းလို ဟိုးဟိုးကျော်ပြီးဖြစ်သွားပြီ ဆိုရင် တော့ မြန်မာကလည်း ကိုယ့်သနပ်ခါးကို ကိုယ်ပိုပြီး တန်ဖိုးထားရမှန်း သိလာ မယ်။ အဲဒီအချိန်မှပဲ သနပ် ခါးဈေးကွက်က ပြန်ကြီးလာနိုင်စရာ အကြောင်းရှိ တယ်။

မေး ။     ။ ဒါဆို အနာဂတ်မှာ သနပ်ခါးဈေးကွက်က ဘယ်လိုဖြစ်သွားနိုင်သလဲ။ ပြန်ပြီးမြင့်တက်လာဖို့ရှိနေတာလား။

ဖြေ ။     ။ ခုနပြောတဲ့ ကမ္ဘာ့ဈေးကွက်ဆီကိုသာ သနပ်ခါးရဲ့အသုံးဝင်ပုံတွေ၊ အကျိုး ကျေးဇူးတွေ ရောက်သွားပြီ ဆိုရင် တကယ်တမ်း မြန်မာနိုင်ငံရဲ့ လူဦးရေက  ၅၅ သန်းလောက်ပဲရှိတယ်။ ဦးတို့ရဲ့အိမ်နီးချင်း တရုတ် နိုင်ငံမှာ တောင်မှ လူဦးရေက သန်းထောင်ချီရှိတယ်ပေါ့။ ပြီးခဲ့တဲ့ နှစ်လ၊ သုံးလလောက် က တရုတ်ပြည်က စက်ရုံတစ်ခုကို ရောက်သွားတဲ့အချိန်မှာ သူတို့လည်း သနပ်ခါး ထုတ်ပြီး တရုတ်ဈေးကွက်ကို တင်ဖို့ ကြိုးစားနေတယ်။ ကုန်ကြမ်း ကတော့ မြန်မာပြည်ကပေါ့။ သူတို့တွေ ကုန်ကြမ်းကို ဦးတို့ဆီကရယူမယ်။ ထုတ်လုပ်ဖို့ အတွက်လည်း ဦးတို့နဲ့ပူးပေါင်းပြီး စမ်းသပ်နေတယ်။ တရုတ် တင်လား ဆိုတော့ မဟုတ်ဘူး။ ပြင်သစ်တို့၊ အိန္ဒိယတို့၊ နယ်ာလန်တို့ အားလုံးက အပြိုင်အဆိုင် စမ်းပြီးတော့ ကမ္ဘာ့ဈေးကွက်ထဲမှာ သနပ်ခါးကိုထိုး ဖောက်ဖို့ စိုင်းပြင်း နေကြတယ်။ မြန်မာတွေ အနေနဲ့ကတော့ သနပ်ခါးကို အလွယ်တကူ ရတော့ တန်ဖိုးမထားဘူး။ အဲဒီလိုဆိုတော့ တကယ် သူတို့တန်ဖိုး ထားရ ကောင်းမှန်း သိလာတဲ့ အချိန်မှာ သနပ်ခါးရဲ့ဈေးက လက်ရှိထက် ငါးဆ၊ ခြောက် ဆ လောက် တက်သွားလိမ့်မယ်ပေါ့။ ဦးတို့အနေနဲ့ပြောချင်တာက သနပ်ခါးဟာ လိမ်းမယ်ဆိုရင် သွေးလည်ပတ်မှုကောင်းတယ်၊ ချွေးပေါက် ထဲမှာ ရှိတဲ့ အညစ် အကြေး တွေကို စုပ်တယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံသား အများစုကလည်း အဆီပြန်တဲ့ အသားအရေတွေဖြစ်တဲ့အတွက် သဘာဝက ပေးတဲ့လက်ဆောင် ပေါ့။ သနပ်ခါးကလည်း အဆီပြန်တဲ့ လူတွေအတွက်ဆို အရမ်းအလုပ်လုပ်တာ။ ဆိုတော့ ပြောရရင်တော့ ဦးတို့အနေနဲ့ ဟောပြောပွဲတွေ လုပ်ပြီးတော့ မြန်မာ ပြည်သူပြည်သား တွေအနေနဲ့ သနပ်ခါးကိုမြတ်မြတ်နိုးနိုးနဲ့ တန်ဖိုးထားပြီး သုံးစွဲစေချင် လာအောင် လုပ်သွားမယ်ပေါ့။ ဘာလို့လဲဆိုတော့ ခုနပြောတဲ့သနပ် ခါးဈေး ကွက်ကသာ သနပ်ခါးကိုအုံနဲ့ကျင်းနဲ့ တကယ်ဝယ်ပြီဆိုရင် သနပ်ခါးသည် ဂျင်ဆင်းလိုပဲ ရွှေချိန်တဲ့ချိန်ခွင် နဲ့ရောင်းတဲ့အဆင့် ကို ရောက်သွားလိမ့်မယ်။

မေး ။     ။ လက်ရှိမှာရော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေက သနပ်ခါးဈေးကွက်ထဲ ကိုဝင်လာနေပြီလား။

ဖြေ ။     ။ လက်ရှိမှာတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေက ဈေးကွက်ထဲကိုရောက် မလာသေးဘူး။ ဒါပေမဲ့ အခုပေါ့နော်။ တကယ့်ကမ္ဘာ့ ဈေးကွက်ထဲမှာ သနပ်ခါးက ပေါက်သွားပြီဆိုရင်တော့ သူတို့တွေလည်း ဈေးကွက်ထဲဝင်ချလာမှာပါ။ အနှေးနဲ့ အမြန်ပေါ့။

အခုလိုအချိန်ပေးဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

#MyanmarB2BManagementMagazine,October2017

No comments: