Wednesday, November 1, 2017

၂၀၁၈ တွင် ဘဏ်မတူသည့် ATM ကတ် အချင်းချင်း ငွေလွှဲနိုင်မည်


ရန်ကုန်၊ အောက်တိုဘာ ၃၁

၂၀၁၈ ခုနှစ်တွင် ဘဏ်အမျိုးအစား မတူသည့် ATM ကတ်အချင်းချင်း ငွေ လွှဲပြောင်းမှုများ ပြုလုပ်နိုင်တော့မည်ဖြစ်ကြောင်း Myanmar Payment Union (MPU) အမှုဆောင် အရာရှိချုပ် ဦးဇော်လင်းထွဋ်က ပြောကြားသည်။

ယင်းစနစ်ကို စတင် အသုံးပြုနိုင်ရန်အတွက် ကတ်စနစ်များကို အဆင့်မြှင့်နေပြီး လက်ရှိအချိန်တွင် ၉၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း၊ ဘဏ်များအနေနှင့် အဆိုပါ နည်းပညာကို လာရောက် ချိတ်ဆက်မှသာ ချိတ်ဆက်ထားသည့်ဘဏ် အချင်းချင်း ငွေလွှဲနိုင်မည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“နည်းပညာတွေ မြှင့်တဲ့အခါ ဗဟိုဘဏ်နဲ့ပေါင်းပြီး လုပ်ကြတာပါ။ လာမယ့်နှစ်တွေမှာ ငွေပေးချေမှုတိုင်းကို ကတ်စနစ်နဲ့ သွားနိုင်အောင်ကို ဆောင်ရွက်နေပါတယ်။ ဒီစနစ်သာ ကောင်းမယ်ဆိုရင် ဘဏ်ကနေ ငွေလွှဲစရာမလိုဘဲ ကတ်ကနေ လွှဲလို့ရတယ်။ အချိန်ကုန် သက်သာသွားတယ်”ဟု ဦးဇော်လင်းထွဋ်က ဆိုသည်။

လက်ရှိတွင် ATM ကတ် သုံးစွဲမှု အရေအတွက်မှာ ၃ ဒသမ ၅ သန်းအထိ ရှိလာပြီး လာမည့်နှစ်များတွင်လည်း ထပ်မံ မြင့်တက်လာမည်ဟု ခန့်မှန်းကြောင်း၊ ယင်းကဲ့သို့ ကတ်သုံးစွဲမှု များပြားလာရခြင်းမှာ ငွေပေးချေကတ်အပြင် အကြွေးဝယ်ကတ်များ ထုတ်လုပ်နိုင်ခြင်း၊ ပြည်တွင်း ပြည်ပသုံး ငွေပေးချေကတ်၊ အကြွေးဝယ်ကတ်များ ထုတ်နိုင်ခြင်းကြောင့်ဖြစ်ကြောင်း MPU အဖွဲ့ထံမှ သိရသည်။

လတ်တလောတွင် ဘဏ်အမျိုးအစားတူသည့် ကတ်များသာ ငွေလွှဲ၍ရပြီး ငွေလွှဲနေသည့်အချိန် အင်တာနက်လိုင်း ကျသည့်အခါ ကြန့်ကြာနေမှုများကိုလည်း ဘဏ်များဘက်က ပြုပြင်သင့်ကြောင်း ကုမ္ပဏီဝန်ထမ်းဖြစ်သူ မဖြူဖြူနိုင်က ထောက်ပြပြောဆိုသည်။

“ဘဏ်တူတာချင်း ငွေလွှဲတာတောင် လိုင်းကျတာ ဖြစ်တယ်။ တစ်ခါတလေ လိုင်းကျတုန်း ငွေဖြတ်သွားရင် စောင့်ရသေးတယ်။ တခြား ဘဏ်ကတ်ကို လွှဲလို့ရမယ် ဆိုတာတော့ ပိုကောင်းပါတယ်။ ဒါပေမဲ့ လိုင်းကျလို့ ငွေဖြတ်သွားရင် မြန်မြန် ပြန်ရချင်တယ်”ဟု ၎င်းက ဆိုသည်။

ဗဟိုဘဏ်အနေနှင့် နိုင်ငံတကာနည်းတူ ကတ်များ သုံးစွဲနိုင်ရန် နည်းပညာကို တိုးချဲ့သွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် ကတ်ထိုးစရာ မလိုဘဲ ဆင်ဆာဖတ်စနစ်ဖြင့် ငွေထုတ်ယူနိုင်မည့် ATM  စက်များကိုလည်း ဘဏ်များက မှာယူလာပြီဖြစ်ကြောင်း ATM စက်ကုမ္ပဏီ Trust Link ထံမှ သိရသည်။

J-13
#The Voice

No comments: