Sunday, January 1, 2017

UMFCCI ၏ အကြံပြုချက် ထုတ်ပြန်အပြီး ဒေါ်လာဈေးပြန်ကျ


ရန်ကုန်၊ ဒီဇင်ဘာ ၃၁

ငွေလဲနှုန်း တည်ငြိမ်ရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၏ အစိုးရထံသို့ တင်ပြမည့် အကြံပြုစာ ထုတ်ပြန်ပြီး ရက်ပိုင်းအတွင်းအမေရိကန် ဒေါ်လာဈေး ကျဆင်းသွားကြောင်း ငွေကြေးဈေးကွက် အတွင်းမှ သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်း (ဒီဇင်ဘာ ၂၇ ရက်) ကထက် ယခုအခါ တစ်ဒေါ်လာလျှင် ၁၈ ကျပ်အထိ ပြန်လည်ကျဆင်းပြီး လက်ရှိဈေးကွက် အနေအထားရ ထုတ်ရောင်းသူ များပြားနေခြင်းကြောင့် မြင့်တက်နိုင်ခြေ မရှိဘဲ ဆက်လက်ကျဆင်းဖွယ်သာ ရှိကြောင်းငွေကြေးဈေးကွက် ကျွမ်းကျင်သူများက ပြောဆိုသည်။

ထိုကဲ့သို့ အစိုးရနှင့် စီးပွားရေးအဖွဲ့အစည်းကြီးများက ဈေးကွက်သက်ရောက်စေမည့် ထုတ်ပြန်ချက်နှင အစည်းအဝေးများ ပြုလုပ်တိုင်း အမေရိကန် ဒေါ်လာဈေး ကျဆင်းလေ့ရှိပြီး ယင်းမှာ ငွေကြေးကစားသူများက ထိန်းချုပ်လုပ်ဆောင်နေသည်ကို ပေါ်လွင်စေကြောင်း ၎င်းတို့က ထောက်ပြသည်။

ထို့ပြင် ဗဟိုဘဏ်၏ ဒေါ်လာသတ်မှတ် နှုန်းမှာလည်း ပြီးခဲ့သည့် ရက်ပိုင်းကထက် တစ်ဒေါ်လာလျှင် ၁၀ ကျပ်အထိ ကျဆင်းကြောင်း ဗဟိုဘဏ်ထံမှ သိရသည်။

အမေရိကန်ဒေါ်လာဈေးသည် ပြင်ပဈေးကွက်အတွင်း တစ်ဒေါ်လာလျှင် ၁၃၇၈ ကျပ်မှ ၁၃၆၀ သို့ လည်းကောင်း၊ ဗဟိုဘဏ်နှုန်းသည် ယခင်က တစ်ဒေါ်လာ ၁၃၇၅ ကျပ်မှ ၁၃၆၅ ကျပ်သို့ လည်းကောင်း ပြန်လည်ကျဆင်းကြောင်း ငွေကြေးဈေးကွက် အတွင်းမှ သိရသည်။

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ၏ အစိုးရထံသို့ အကြံပြုတင်ပြမည့် အစီရင်ခံစာကို ဒီဇင်ဘာ ၂၇ ရက်နေ့က ထုတ်ပြန်လိုက်ခြင်း ဖြစ်ပြီးယင်းအစီရင်ခံစာတွင်

ဗဟိုဘဏ်က ငွေကြေးဈေးကွက်ကို ပျော့ပျောင်းသောနည်းဖြင့် ၀င်ရောက်ထိန်းကျောင်းပေးရန်၊ တရားမ၀င် ငွေကြေးဈေးကွက်ကို တိုက်ဖျက်ပေးရန်၊ ကုန်သွယ်မှုကို ထိန်ညှိပေးရန်တို့အပြင် အခြားအချက်များစွာ ပါဝင်သည်။

No comments: