Monday, January 2, 2017

စီးပွားရေး လုပ်ငန်းရှင်များနှင့် ငြိမ်းချမ်းရေး စကားဝိုင်း ပြုလုပ်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ရန်ကုန်၊ ဇန်နဝါရီ ၁

မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်းရှင်များနှင့်လည်း တွေ့ဆုံ၍ ငြိမ်းချမ်းရေး စကားဝိုင်း ဆွေးနွေးခြင်းများ ပြုလုပ်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (MICC-2) ၌ ဇန်နဝါရီလ ၁ ရက်နေ့က  ပထမဆုံးအကြိမ် ကျင်းပသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လူငယ်များ တွေ့ဆုံသော ငြိမ်းချမ်းရေး စကားဝိုင်း ဆွေးနွေးပွဲ (Peace Talk) တွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က “စီးပွားရေးသမားတွေနဲ့ သက်သက် ငြိမ်းချမ်းရေး ဆွေးနွေးခြင်းတွေကို လုပ်ချင်ပါတယ်၊ ဒါမှ စီးပွားရေးသမားတွေရဲ့ နိုင်ငံရေး၊ ငြိမ်းချမ်းရေး အမြင်တွေကို သိနိုင်မယ်၊ ဘယ်လိုစီးပွားရေးသမားများဟာ ဝိုင်းဝန်းပြီး ငြိမ်းချမ်းရေးအတွက် ကူညီနိုင်မယ် ဆိုတာတွေကို ကျွန်မတို့ ဆွေးနွေးနိုင်မယ်” ဟု ပြောကြားသည်။

အစိုးရအနေနှင့် ယင်းသို့ ဆွေးနွေးပွဲများ ပြုလုပ်မည်ကို စီးပွားရေး လုပ်ငန်းရှင်များ အနေနှင့် ကြိုဆိုကြောင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်ရန် လိုအပ်ကြောင်း မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း  ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောသည်။

“ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ စီးပွားရေး လုပ်ငန်းရှင်တွေက လိုအပ်တယ်၊ ငြိမ်းချမ်းရေး လက်မှတ်ထိုးပြီးရင် သူတို့က ဘာလုပ်မယ်ဆိုတာ ပေါ်လာတယ်၊ သူတို့အတွက် အလုပ်အကိုင် အခွင့် အလမ်း မဖန်တီးပေးနိုင်ဘူး ဆိုရင် လက်နက်ပြန်ကိုင်နိုင်တယ်၊ သူတို့အတွက် ပြန်လည်ထူထောင်မှုတွေအထိ လုပ်ပေးမှပဲ  ရာသက်ပန် ငြိမ်းချမ်းရေးကို ရနိုင်မယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင် လက်နက်ကိုင်ရခြင်း အကြောင်းအရာများတွင် ဒေသမဖွံ့ဖြိုး ခြင်းနှင့် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုနှင့် ပညာရေး အားနည်းမှုများကြောင့် ဖြစ်ပြီး ငြိမ်းချမ်းရေးရပြီး နောက်ဆက်တွဲတွင်လည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သင့်သောကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေနှင့် စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းသည် ကောင်းမွန်သော အတွေးအခေါ် ဖြစ်သည်ဟု  ၎င်းက သုံးသပ်ပြောဆိုသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ငြိမ်းချမ်းရေး စကားဝိုင်းများကို လူမှုအဖွဲ့အစည်းများ၊ အမျိုးသမီး အဖွဲ့အစည်းများ၊ ပညာရေး အဖွဲ့အစည်းများ စသည့် အဖွဲ့များနှင့် တွေ့ဆုံကာ ငြိမ်းချမ်းရေးလမ်းစဉ်တွင် ကူညီထောက်ပံ့နိုင်သည့် နည်းလမ်းများကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထိုသို့ ဆွေးနွေးပွဲများကို ပြုလုပ်ခြင်းဖြင့် နိုင်ငံသူနိုင်ငံသား အားလုံးသည် ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် ၎င်းတို့လည်း ပါဝင်ပိုင်ဆိုင်သည် ဟူသော အတွေး အမြင်များ ရရှိရန် ရည်ရွယ်ကြောင်း ၎င်း၏ လူငယ်များနှင့် ငြိမ်းချမ်းရေး စကားဝိုင်း အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

No comments: