Sunday, January 1, 2017

လဖက်ခြံအတွင်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွား


 

 တောဆန်ကျေးရွာအနီး လဖက်ခြံအတွင်း ပေါက်ကွဲမှုတစ်ခုဖြစ်ရာမှ ပြည်သူတစ်ဦးထိခိုက်ကာ ကျောက်မဲဆေးရုံတွင် ဆေးကုသမှုခံယူနေ(ကျောက်မဲ၊ ဇန်နဝါရီ ၁)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ တောဆန်ကျေးရွာအနီး လဖက်ခြံ၌ ဒီဇင်ဘာ (၃၁) ရက်နေ့ ညနေပိုင်းက မြက်ရိတ်စက်ဖြင့် အရာဝတ္ထုတစ်ခု ထိခိုက်ပေါက်ကွဲရာမှ ပြည်သူတစ်ဦးထိခိုက်ကာ ကျောက်မဲ ဆေးရုံတွင် ဆေးကုသမှုခံနေရကြောင်း သိရသည်။

“မြက်ရိတ်ရင်းနဲ့ မိုင်းကိုထိပြီးပေါက်ကွဲသွားတာလို့ သိရပါတယ်။ ဘောစေ့တွေ ဖောက်ဝင်သွားတာပါ။ ဆယ် ချက်ကျော်လောက်ရှိတယ်။” ဟု ကျောက်မဲမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်မင်းမင်းက ပြောသည်။

ဒဏ်ရာရရှိသူ ဦးစိုင်းအိုက်သစ်မှာ တော့ဆန်ကျေးရွာ ဒေါ်ရွှေလေးပိုင်သည့် လဖက်ခြံ၌ မြက်ရိတ်စက်ဖြင့် ပေါင်းရှင်းနေစဉ် မိုင်းဟုယူဆရသော ပစ္စည်းတစ်ခုဖြင့် ထိမိကာပေါက်ကွဲသွားပြီး ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူ ဦးဘအေး၏သား ဦးစိုင်းအိုက်သစ်(၃၀)နှစ်မှာ ကျောက်မဲဆေးရုံ၌ ဆေးကုသမှုခံယူနေကြောင်း သိရသည်။

ဒီဇင်ဘာ (၃၀) ရက်နေ့ကလည်း ကျောက်မဲမြို့နယ် မြို့သစ်ကျေးရွာမှ ကျောင်းသားသုံးဦး ဗုံးတစ်လုံးကောက်ရ ကာ ဖြုတ်ကြည့်ရာမှ ပေါက်ကွဲမှုဖြစ်သွားပြီး တစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရရှိကာ နမ့်ဆန်မြို့ပြည်သူဆေးရုံသို့ ပို့ဆောင် ဆေးကုသနေရကြောင်း သိရသည်။

Kanbawza Tai News Journal

No comments: