Tuesday, January 3, 2017

၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း ကြေညာ



၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်ကပြုလုပ်ခဲ့သော ရွေးကောက်ပွဲ၌ ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက် ပိုင်းမြို့နယ်ရှိ မဲရုံတစ်ရုံတွင် ဆန္ဒမဲပေးနေသော မဲဆန္ဒရှင်များကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းအား ဇန်န၀ါရီ ၂ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည်။

ထိုသို့ ထုတ်ပြန်ချက်အရ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာတွင် တစ်သီးပုဂ္ဂလ ခုနစ်ဦးအပါအ၀င် နိုင်ငံရေးပါတီ ၂၄ ပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်း ၈၈ ဦး စုစုပေါင်း ၉၅ ဦး ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

အဆိုပါလစ်လပ်မဲဆန္ဒနယ် ၁၉ နေရာတွင် ပြည်သူ့လွှတ်တော် ကိုးနေရာအတွက် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ခြောက်ဦးအပါအ၀င် နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၄၉ ဦး၊ အမျိုးသားလွှတ်တော် သုံးနေရာအတွက် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် လောင်းတစ်ဦးအပါအ၀င် နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၅ ဦး ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

ပြည်နယ်လွှတ်တော် လစ်လပ်မဲဆန္ဒနယ် ခုနစ်နေရာအတွက် နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၁ ဦး ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ယှဉ် ပြိုင်ရန်အတွက် မူလက လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းသူ ၉၆ ဦးရှိပြီး မိုင်းရှူးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာ ၀င်ရောက်ယှဉ်ပြိုင်မည့် “၀” လစ်ဘရယ်ဒီမိုကရက်တစ် တိုးတက်ဖွံ့ဖြိုးရေးပါတီမှ အမည်စာရင်း တင်သွင်းခဲ့သူမှာ ၀န်ထမ်းဖြစ်နေသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှ ပလပ်လိုက်သဖြင့် ၉၅ ဦး ဖြစ်သွားခြင်းဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းက ပြောကြားသည်။

“သူက သက်ပြည့်ပင်စင်ခံစားခွင့် တင်ထားတဲ့သူ။ သူက ၂၀၁၆ ခုနှစ် စက်တင်ဘာ ၉ ရက်ကနေ ၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၈ ရက်ထိ ၀န်ထမ်းဖြစ်နေသေးတဲ့အတွက် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၀ အရ ပလပ်လိုက်တာပါ” ဟု ဦးတင်ထွန်းက ပြောကြားသည်။

လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက နေရာပြည့် ၀င်ရောက်ယှဉ်ပြိုင်ပြီး အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကမူ တစ်နေရာလျော့၍ ၁၈ နေရာသာ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

ထို့အတူ ကြားဖြတ်ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်၌ ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော် လစ်လပ်မဲဆန္ဒနယ် ရှစ်နေရာရှိသည့်အနက် ရှမ်းတိုင်းရင်းသားပါတီများဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) တို့ နှစ်ပါတီစလုံးက ခုနစ်နေရာ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်အမျိုးသားပါတီတို့မှာလည်း မွန်ပြည်နယ်တွင်းရှိ လစ်လပ်လျက်ရှိသော ချောင်းဆုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် တစ်နေရာအား နှစ်ပါတီစလုံးမှ ကိုယ်စားလှယ်လောင်း တစ်ဦးစီ ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် ကျန်နိုင်ငံရေးပါတီများဖြစ်သည့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီမှ သုံးဦး၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှငါးဦး၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှလေးဦး၊ အမျိုးသားတိုးတက်ရေးပါတီမှ ခြောက်ဦး၊ လူ့ဘောင်သစ်ပါတီမှ တစ်ဦး၊ မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ တစ်ဦး၊ မြန်မာအမျိုးသား ကွန်ဂရက်ပါတီမှ တစ်ဦး၊  ပြည်သူ့ဒီမိုကရေစီပါတီမှ တစ်ဦး၊ ပြည်ထောင်စု လယ်သမား အလုပ်သမားအင်အားစုပါတီမှ တစ်ဦးနှင့် ပြည်သူ့အကျိုးပြုကျောင်းသားများ ဒီမိုကရေစီပါတီမှ တစ်ဦးစီ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

အလားတူ တိုင်းရင်းသား အခြေပြုပါတီများဖြစ်သည့် “၀” လစ်ဘရယ်ဒီမိုကရက်တစ် တိုးတက်ဖွံ့ဖြိုးရေးပါတီမှ နှစ်ဦး၊ လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ နှစ်ဦး၊ အာခါ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ တစ်ဦး၊ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ တစ်ဦး၊ လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ (ကယားပြည်နယ်) မှတစ်ဦး၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီမှ တစ်ဦး၊ ရခိုင်အမျိုးသားပါတီမှ နှစ်ဦး၊ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီမှ တစ်ဦးစီ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

ရခိုင်အမျိုးသားပါတီမှ ၀င်ရောက်ယှဉ်ပြိုင်မည့် နှစ်ဦးအနက်တစ်ဦးမှာ ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင် (အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း) ဖြစ်ပြီး ရခိုင်ပြည်နယ် အမ်းမဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့သော ကော့မှူးမဲဆန္ဒနယ်တွင် ကြားဖြတ်ရွေးကောက်ပွဲ၌ လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုးဦး ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး တစ်သီးပုဂ္ဂလကိုယ်စား လှယ်လောင်း နှစ်ဦး အပါအ၀င် နိုင်ငံရေးပါတီ ခုနစ်ပါတီပါဝင်ကြောင်း သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် ပြည်သူ့လွှတ်တော် လစ်လပ်မဲဆန္ဒနယ် ကိုးနေရာမှာ မုံရွာမဲဆန္ဒနယ်၊ ချောင်းဆုံမဲဆန္ဒနယ်၊ အမ်းမဲဆန္ဒနယ်၊ လှိုင်သာယာမဲဆန္ဒနယ်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မဲဆန္ဒနယ်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မဲဆန္ဒနယ်၊ ကော့မှူးမဲဆန္ဒနယ်၊ ကျေးသီးမဲဆန္ဒနယ်၊ မိုင်းရှူးမဲဆန္ဒနယ်တို့ ဖြစ်သည်။

ထို့အတူ အမျိုးသားလွှတ်တော်လစ်လပ် မဲဆန္ဒနယ်သုံးနေရာမှာ ချင်းပြည်နယ်အမျိုး သားလွှတ်တော်မဲဆန္ဒနယ်အမှတ် ၃ (ထန်တလန်)၊ ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ် တော်မဲဆန္ဒနယ်အမှတ် ၄ (ကျောက်တံခါး၊ ညောင်လေးပင်)၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၆ (ကမာရွတ်၊ ကြည့်မြင်တိုင်၊ ဆိပ်ကမ်း၊ လသာ၊ လှိုင်၊ လမ်းမတော်၊ အလုံ) တို့ဖြစ်သည်။

ပြည်နယ်လွှတ်တော် လစ်လပ်မဲဆန္ဒနယ် ခုနစ်နေရာမှာ ဖရူဆိုမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)၊ ကျိုင်းတုံ မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် (၂)၊ ကျေးသီးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) နှင့် အမှတ် (၂)၊ ညောင်ရွှေမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် (၁)၊ မိုင်းရှူးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) နှင့် အမှတ် (၂) တို့ဖြစ်သည်။

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးနိုင်မည့် မဲဆန္ဒရှင်ဦးရေ ၂ ဒသမ ၂ သန်း ခန့်ရှိကြောင်းနှင့် ကြိုတင်မဲပေးမည့် ပြည်ပရောက် မဲဆန္ဒရှင် ၃၀၀ ကျော်ရှိကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

Writer: 

ကျော်ဇင်ဝင်း၊ နေရိုင်း

Eleven Media Group Co., Ltd

No comments: