Monday, January 2, 2017

နေပြည်တော်တွင် ရဲအုပ်တဦး ပုဆိုးဖြင့် လက်နောက်ပြန်တုပ်လျက် အသတ်ခံရ


 


နေပြည်တော် ဒက္ခိဏသီရိမြို့နယ် မိုးဝေလမ်းနှင့်သပြေ (၁၃) လမ်း လမ်းဆုံအနီးတွင် ပုဆိုးဖြင့် လက်နောက်ပြန်တုပ်ခံထားရသော လူတဦး လဲကျနေကြောင်း ၁-၁-၂၀၁၇ မနက် ၄ နာရီ ၂၀ မိနစ်ခန့်အချိန်က ပြည်သူတဦး၏သတင်းပေးချက်အရ ဒက္ခိဏသီရိမြို့နယ် မြို့မရဲစခန်းမှ တာဝန်မှူး ရဲအုပ်မြတ်ကိုကိုနှင့်အဖွဲ့တို့ သွားရောက်စစ်ဆေးခဲ့သည်။

ယင်းသို့သွားရောက်စစ်ဆေးရာ ဒက္ခိဏသီရိမြို့နယ် မိုးဝေလမ်းနှင့်သပြေ ၁၃ လမ်း လမ်းဆုံအနီး ကွန်ကရစ်လမ်းမပေါ်တွင် 4C-6728 Corolla အပြာရောက်ယာဉ်အား သော့တန်းလန်းဖြင့်ရပ်ထားသည်ကိုတွေ့ရှိရပြီး လူတဦး လက်ပြန်ကြိုးတုပ်လျက် လဲကျနေသည်ကို တွေ့ရှိခဲ့ရကြောင်း၊ ၎င်း၏မေးစေ့တွင် ၁ လက်မခန့် ပေါက်ပြဲဒဏ်ရာတချက်၊ အပေါ်နှုတ်ခမ်း ဖူးရောင်ညိုမဲဒဏ်ရာ၊ လည်ပင်း၊ ၀ဲရင်ဘက်နှင့် ယာပေါင်တွင် ညိုမဲဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရပြီး သေဆုံးသူမှာ မြို့နယ်မှူးရုံး(ဇမ္ဗူသီရိမြို့နယ်)မှ လ.၁၅၃၈၃၅ ရဲအုပ်ဇော်ဇော်(၄၈ နှစ်) ပျဉ်းမနားမြို့မရဲစခန်းဝင်းနေသူဖြစ်ကြောင်း၊ ရဲအုပ်ဇော်ဇော်၏အလောင်းအား နေပြည်တော်ကုတင် (၁၀၀၀) ဆေးရုံသို့ ပေးပို့ပြီး ဒက္ခိဏသီရိမြို့နယ် မြို့မရဲစခန်းမှ (ပ)၂/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။

ဆက်လက်၍ တရားခံဖမ်းဆီးရမိရေး ဆက်လက်စုံစမ်းစစ်ဆေးရာ ဇန်န၀ါရီ ၁ ရက်နေ့ ညပိုင်းက နေပြည်တော်တောင်ညိုတွင် တရားခံဟုယူဆရသူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး ဒက္ခိဏသီရိမြို့နယ်ရဲစခန်းတွင် စစ်ဆေးလျက်ရှိကြောင်း ထပ်မံသိရှိရပါသည်။

ထွန်း(နေပြည်တော်)

No comments: