Tuesday, January 3, 2017

သားသမီးတွေနဲ့ မကြာခဏ တွေ့ဆုံရတဲ့မိဘတွေ အသက်ပိုရှည်

သင့်ရဲ့ မိခင်၊ ဖခင်တွေ ဘိုးဘွားတွေနဲ့ မကြာမကြာ တွေ့ပေးမယ်ဆိုရင် သူတို့တွေဟာ အသက် ပိုရှည်လာနိုင်တယ်လို့ လေ့လာမှုအသစ် တစ်ရပ်မှာ တွေ့ရှိခဲ့ပါတယ်။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား တက္ကသိုလ်က သုတေသနပညာရှင်တွေ ပြုလုပ်ခဲ့တဲ့ လေ့လာမှုအရ အထီးကျန်မှုဟာ သက်ကြီးရွယ်အိုတွေကို အသက်တိုစေတတ်တယ်လို့ သိရပါတယ်။

ပျမ်းမျှအသက် ၇၁ နှစ်အရွယ် လူပေါင်း ၁၆၀၀ ပါဝင်ခဲ့တဲ့ ဒီလေ့လာမှုမှာ လူမှုရေး၊ စီးပွားရေးနဲ့ ကျန်းမာရေးတွေ ကောင်းမွန်နေပေမယ့်လည်း အထီးကျန်နေမယ်ဆိုရင် သေနှုန်း ပိုမြင့်တာကို တွေ့ရှိခဲ့ပါတယ်။

လေ့လာမှုမှာ ပါဝင်ခဲ့တဲ့အထဲက အထီးကျန်သူ လူကြီး ၂၃ ရာခိုင်နှုန်းဟာ လေ့လာမှု စတင်ပြီး ခြောက်နှစ်အတွင်း သေဆုံးခဲ့ကြပြီး အပေါင်းအဖော်ရှိသူတွေကတော့ ၁၄ ရာခိုင်နှုန်းပဲ သေဆုံးခဲ့ပါတယ်။

“ကိုယ့်ကိုသိကျွမ်းတဲ့ ကိုယ့်ကို တန်ဖိုးထားတဲ့ ကိုယ့်ကို ပျော်ရွှင်စေတဲ့သူတွေကို ကျွန်မတွေဟာ ဘဝတစ်လျှောက်လုံး လိုအပ်နေသလို ဒါဟာ မပြောင်းလဲတဲ့အချက်ပါ”လို့ မက်ဆာချူးဆက် အထွေထွေ ဆေးရုံက အကြီးတန်း လူမှုဝန်ထမ်း တစ်ဦးဖြစ်တဲ့ ဘာဘရာမိုစကိုဝစ်ဇ် က နယူးယောက်တိုင်းမ် မဂ္ဂဇင်းကို ရှင်းပြပါတယ်။

သားသမီးတွေဟာ မိဘဘိုးဘွားတွေနဲ့ အဖော်ပြုပေးတာတင်မကဘဲ တခြား သက်ကြီးရွယ်အိုတွေနဲ့လည်း တွေ့ဆုံဖြစ်အောင် တခြား ဆွေမျိုးတွေ သူတို့နဲ့ သက်တူရွယ်တူတွေကို အိမ်ကို ဖိတ်ခေါ်သင့်တယ်လို့ ဆိုပါတယ်။ ဒီလိုမှသာ သူတို့တွေဟာ ဆွေမျိုးတွေကြားမှာပဲဖြစ်ဖြစ် သူတို့ဘာသာ သီးသန့်ပဲဖြစ်ဖြစ် နေတတ်လာတဲ့အတွက် အထီးကျန်တဲ့ ဝေဒနာကို မခံစားရတော့မှာပါ။

ဒါ့အပြင် ဒီလို အဖော်ပြုပေးခြင်းအားဖြင့် ကိုယ် အသက်အရွယ် ရလာတဲ့အခါမှာလည်း မိတ်ဆွေတွေနဲ့ ရင်နှီးကျွမ်းဝင်တဲ့ ဆက်ဆံရေးရဖို့ အတွေ့အကြုံ ရရှိစေတယ်လို့ ဘာဘရာက ပြောပါသေးတယ်။

No comments: