Wednesday, November 30, 2016

တယ်လီနောမြန်မာ စီအီးအို Mr.Lars Erik Tellmann နှင့် တွေ့ဆုံခြင်း

‘‘ မြန်မာနိုင်ငံထဲက ရရှိတဲ့ ငွေကြေးတစ်ပြားတစ်ချပ်ကိုမှ အပြင်ကို ထုတ်သွားတာ မရှိခဲ့ပါဘူး။ ပြန်ပြီးတော့ ရင်းနှီးမြှုပ်နှံထားတာပါ ’’

By

မြင့်ကျော်လှိုင်

လီနောမြန်မာ၏ စီအီး အိုရာထူးသည် မကြာသေးခင်က လူအပြောင်းအလဲဖြစ်ခဲ့သည်။ စီအီးအိုအသစ်လက်ထက်တွင် စိန်ခေါ်မှုအချို့ ကြုံတွေ့နေရသည်။ အဆိုပါစိန်ခေါ်မှုသည် နယ်စွန် နယ်ဖျားကျေးလက်ဒေသများအထိ ကွန်ရက်ဖြန့်ကြက်ရန်ဖြစ်သည်။ ပထ၀ီအနေအထား၊ တိုင်းရင်းသားမျိုးနွယ်စု၊ လက်နက်ကိုင်နယ်မြေစသည်ဖြင့် အခက်အခဲမျိုးစုံကို ရင်ဆိုင်နေရခြင်းဖြစ်သည်။ တယ်လီနောမြန်မာ၏ အခက်အခဲများ၊ ရှေ့ဆက်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ စီအီးအို Mr. Lars ErikTellmannn နှင့် တွေ့ဆုံမေးမြန်းထားသည်များကို 7 Day Newsဂျာနယ်က ပြန်လည်ဖော်ပြလိုက်ပါသည်။

တယ်လီနောမြန်မာမှာ စီအီးအိုအနေနဲ့ တာဝန်ယူတာ အခုဆိုရင် လေးလရှိပြီ။ ဒီကာလအတွင်းမှာ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ခဲ့ရပါသလဲ။

ဒီကလုပ်ငန်းတွေနဲ့က ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်နေတော့ အခက်အခဲတော့ မရှိခဲ့ပါဘူး။ အခု ဆိုရင် နံပါတ် (၁)အော်ပရေတာ ဖြစ်ဖို့က နီးလာပြီ။ အကောင်းဆုံး ကွန်ရက်ဖြစ်အောင်တော့ ဦးစားပေးလုပ်နေပါတယ်။ ဒါကိုစိန်ခေါ်မှုအနေနဲ့ လုပ်ဆောင်နေပါတယ်။ နယ်စွန်နယ်ဖျားတွေကို ကွန်ရက်လွှမ်းခြုံနိုင်ဖို့ကတော့ စိန်ခေါ်မှုတစ်ခုအနေနဲ့ ရှိနေပါတယ်။

တယ်လီနောရဲ့ ရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာ နှစ်ဘီလီယံ ရှိပြီးတော့ သုံးနှစ်အတွင်းမှာ အရင်းကျေလိမ့်မယ်လို့ ပထမစီအီးအိုက ပြောဖူးတယ်။ အခုသက်တမ်း ၂ နှစ်ကျော်ပြီဆိုတော့ တယ်လီနောရဲ့ အကျိုးအမြတ်အခြေအနေ ဘယ်လိုရှိပါလဲ။

မြန်မာနိုင်ငံထဲမှာ ရင်းနှီးမြှုပ်နှံထားတာ ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံရှိပါတယ်။ ထပ်ပြီးတော့ ရင်းနှီးမြှုပ်နှံဖို့တွေရှိတယ်။ မကြာခင်က ထွက်တဲ့ တတိယသုံးလပတ် အစီရင်ခံစာထဲမှာဆိုရင် ငွေကြေးအရ အပေါင်းလက္ခဏာ ဆောင်ပါတယ်။ ဒါပေမဲ့ မြန်မာ နိုင်ငံထဲက ရရှိတဲ့ ငွေကြေးတစ်ပြားတစ်ချပ်ကိုမှ အပြင်ကို ထုတ်သွားတာ မရှိခဲ့ပါဘူး။ ပြန်ပြီးတော့ ရင်းနှီးမြှုပ်နှံထားတာပါ။ ဒါကတော့ ကွန်ရက်တွေရယ်၊ အလုပ်အကိုင်အခွင့်အလမ်းတွေအတွက်ရယ် ဖြစ်ပါတယ်။ အခွန်ပိုင်းမှာဆိုရင်လည်း အခုချိန်ထိ အစိုးရဆီကို ကျပ်ငွေ ၈၀ ဘီလီယံအထိ ပေးဆောင်ထားပါတယ်။

အော်ပရေတာတွေအနေနဲ့ လူနေထူထပ်တဲ့နေရာတွေမှာပဲ ရင်းနှီးမြှုပ်နှံမှုပြုလုပ်လိုပြီးတော့ နယ်စွန်နယ်ဖျားဒေသတွေမှာ ရင်းနှီးမြှုပ်နှံမှု မလုပ်ချင်ကြဘူးလို့ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောထားပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘယ်လိုတုံ့ပြန်လိုပါသလဲ။

ရည်မှန်းချက်က လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို ငါးနှစ်အတွင်း ကွန်ရက်လွှမ်းခြုံနိုင်ဖို့ပါ။ အခုဆိုရင် ၈၆ ရာခိုင်နှုန်းဖြစ်နေပြီ။ ထိုင်းလို နိုင်ငံမျိုးမှာတောင် ဒီလိုအခြေအနေမျိုးရောက်ဖို့ နှစ်အများကြီးလုပ်ရတာပါ။ အစိုးရကို ပေးထားတဲ့ ငါးနှစ်အတွင်း ဆောင်ရွက်မယ်ဆိုတဲ့ ကတိတွေကို ပြန်ကြည့်ရင် သုံးနှစ်နဲ့ ပြည့်လုနီးပါး ဖြစ်နေတဲ့ အခြေအနေပါ။ ကျန်တဲ့ ဒေသတွေကို ချဲ့ထွင်ဖို့ဆိုတာလည်း လုံခြုံရေးဆိုင်ရာကိစ္စလေး တွေရှိသေးတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေရှိတယ်။ စိန်ခေါ်မှုတွေရှိနေပေမယ့်လည်း ကွန်ရက်ကို ဆက်လက်ချဲ့ထွင်နေပါတယ်။ ကွန်ရက်က အလျင်အမြန်ကြီးထွားနေတယ်။ တိုင်းနဲ့ ပြည်နယ်အကုန်လုံးဆီကို ကွန်ရက်ရောက်တယ်။ သုံးစွဲသူအနေနဲ့ ၁၈ သန်းရှိတယ်။ တာဝါကလည်း ၆၈၀၀ ကျော်ရှိနေပြီ။ ကတိက၀တ်ကို ပြည့်အောင် ဆက်လုပ်သွားမှာပါ။

နယ်စွန်နယ်ဖျားတွေအထိ ကွန် ရက်ချဲ့ထွင်ဖို့ဆိုရင် လက်နက်ကိုင်တွေရှိတဲ့ ဒေသတွေကို ထည့်သွင်းစဉ်းစားရတော့မယ်။ ဒါနဲ့ပတ်သက်ပြီး အစိုးရနဲ့ ညှိနှိုင်းထားတာတွေ၊ ကိုယ်တိုင်ဖြေရှင်းဖို့ စဉ်းစားထားတာတွေ ဘာများရှိပါလဲ။

မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ မစခင်ကတည်းက ဒီလိုမျိုးအခက်အခဲတွေရှိမယ်ဆိုတာ သိပါတယ်။ ဒါကြောင့် ဒေသတွင်းအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းရေးမှူးတွေကို ခန့်အပ်ခဲ့တယ်။ သူတို့တွေက လုပ်ကိုင်နေတဲ့ အလုပ်တွေကို နားလည်အောင် ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းပေးတယ်။ ၀န်ထမ်းတွေရဲ့ လုံခြုံရေးတွေ၊ တယ်လီနောရဲ့ လုပ်ကိုင်ဆောင်ရွက်မယ့် ကိစ္စရပ်တွေ ညှိနှိုင်းပေးပါတယ်။ ပြည်သူတွေကို ဆက်သွယ်ရေးဝန်ဆောင် မှုပေးဖို့ဆိုပေမယ့်လည်း ဒီလိုနေရာတွေမှာ လုပ်ဆောင်ရတာလွယ်တော့ မလွယ်ကူပါဘူး။ ဆက်သွယ်ရေးကွန်ရက်အသုံးပြုဖို့အတွက်က ၃၀ ရာခိုင်နှုန်းသော လူ တွေက အဲဒီဒေသတွေမှာရှိနေ တယ်။ ပြီးတော့ ဒီဒေသတွေမှာ တရုတ်၊ ထိုင်းစတဲ့ နိုင်ငံတွေကလာတဲ့ ဖိုက်ဘာလမ်းကြောင်းတွေ ရှိနေတယ်။ ဒါကြောင့် ဒီဒေသတွေဟာ အော်ပရေတာအတွက် အရေးပါနေတယ်။

တယ်လီနောစတင်ဝင်လာတဲ့ အချိန်တုန်းက ဘာအခက်ခဲဆုံးလဲလို့ မေးရင် မြေနေရာရရှိဖို့က အခက်ခဲဆုံးလို့ ဖြေတယ်။ အခုဒီ မေးခွန်းကို ထပ်မေးမယ်ဆိုရင် ဘယ်လိုဖြေမလဲ။

မြေကိစ္စကို အလွန်ခက်ခဲမယ့် ကိစ္စဖြစ်မယ်လို့ ယူဆခဲ့ပေမယ့် လက်တွေ့မှာတော့ ထင်သလောက်မဟုတ်တော့ပါဘူး။ တိကျသေချာတဲ့ စနစ်နဲ့ ဆောင်ရွက်ဖြေရှင်းနိုင်နေတဲ့အတွက် ဒါတွေက လျော့ပါးလာပါတယ်။

Mobile Money ၀န်ဆောင်မှုကလည်း လုပ်ငန်းစတင်နေပြီ။ ဒီတော့ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကလည်း အရေးပါလာပြီ။ တယ်လီနောမှာ ဆင်းမ်ကတ်ကိုမှတ်ပုံတင်အသုံးပြုတဲ့လူအရေအတွက် ဘယ်လောက်များရှိပါလဲ။

အသုံးပြုသူတွေ ဆင်းမ်ကတ်မှတ်ပုံတင်နိုင်ဖို့ နည်းလမ်းမှန်သမျှကို ကြိုးစားပြီးတော့ လုပ်ကိုင်နေတယ်။ အစိုးရက ဆင်းမ်ကတ်မှတ်ပုံတင်ဖို့ ကြေညာချက်ထုတ်ထားတာကိုလည်း ကြိုဆိုတယ်။ မှတ်ပုံတင်တဲ့နေရာမှာ အရင်က မှားယွင်းပြီးတော့ မှတ်ပုံတင်ထားတာတွေလည်း ရှိနိုင်ပါတယ်။ ဒါတွေကို ပြန်ပြီးတော့ နာမည်ပြောင်းလို့ရတယ်။ ဒီလိုမျိုးမှတ်ပုံတင်ဖို့အတွက် အချိန်နှစ်မိနစ်လောက်ပဲကြာတာပါ။

ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းက မိုဘိုင်းပေါ်က ငွေကြေးလုပ်ငန်းတွေ၊ ရာဇ၀တ်မှုတွေအတွက် အသုံးဝင်တယ်လို့ သိရတယ်။ ထပ်ပြီးတော့ ဘာများအသုံးဝင်နိုင်ပါသေးလဲ။

ကိုယ့်နာမည်နဲ့ မှတ်ပုံတင်ထားရင် ကိုယ့်ကိုကိုယ်စားပြု စေပါတယ်။ E-Government လုပ်တဲ့အခါ လိုအပ်တဲ့အချက်အလက်တွေ၊ သက်သေခံမှုတွေအတွက် အသုံးဝင်လာမှာပါ။ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုတွေ ရယူတဲ့ အခါမှာလည်း ပိုပြီးတော့အကျိုရှိလာစေမှာပါ။

အသုံးပြုသူရဲ့ အချက်အလက်တွေကို အစိုးရက တောင်းခံလို့ ထုတ်ပေးခဲ့ဖူးတာတွေရှိတယ်နော်။ အခုကော အသုံးပြုသူအချက်အလက်ထုတ်ပေးမှုအပိုင်းမှာ ဘယ်လိုရှိပါသလဲ။

ဥပဒေကလည်း တိတိကျကျ မရှိသေးတဲ့အခါမှာ လုပ်ငန်းစဉ်တစ်ခုကို တိတိကျကျချမှတ်ထားရပါတယ်။ ဘယ်လိုအချက်အလက်ကို အစိုးရဆီထုတ်ပေးမလဲဆိုတာကိုပေါ့နော်။ ၂ နှစ်အတွင်းမှာ အစိုးရက ၈၄ ခုတောင်းခံခဲ့ပါတယ်။ အဲဒီထဲက ၁၃ ခုရဲ့အချက် အလက်ကိုတော့ ထုတ်ပေးခဲ့ပါတယ်။ ဘယ်လိုကိစ္စတွေမှာ လုပ်ပေးခဲ့တာလဲဆိုတော့ မူးယစ်ဆေးဝါးမှု၊ လူသတ်မှု၊ အကြမ်းဖက်မှုတို့ အဲဒီအပေါ်မှာ မူတည်ပြီးတော့ ထုတ်ပေးခဲ့တာပါ။ တချို့နိုင်ငံတွေ မှာလို ကွန်ရက်ကို ပိတ်လိုက်ပါဆိုတဲ့ တောင်းဆိုမှုမျိုးတော့ မရှိဘူး။ ကြားဖြတ်နားထောင်တာတွေလည်း မရှိပါဘူး။ ဥရောပကောင်စီအကူအညီနဲ့ ပြည်ထဲရေး ၀န်ကြီးဌာနကလည်း ဆိုက်ဘာရာဇ၀တ်မှုဆိုင်ရာ ဥပဒေရေးဆွဲ ရေးအတွက် ဆောင်ရွက်နေတာတွေရှိပါတယ်။ ဥပဒေထွက်လာရင်တော့ ဆောင်ရွက်ရတာ ပိုအဆင်ပြေလာမှာပါ။

လက်ရှိတယ်လီနောပိုင်တဲ့ Band-width ပမာဏက ဘယ်လောက်ရှိပါလဲ။

တရုတ်၊ ထိုင်းကနေပြီးတော့ ဖိုက်ဘာချိတ်ထားတယ်။ အိန္ဒိယဘက်ကနေပြီးတော့ ချိတ်ဖို့လည်း ရှိနေတယ်။ ထိုင်းဘက်ကနေပြီးတော့ ထပ်ပြီးချိတ်ဖို့လည်းရှိနေတယ်။ ပွိုင့်တွေအများကြီးဖြစ်အောင် လုပ်ရတာက ပြတ်တောက်သွားရင် အစားထိုးလို့ရအောင်ပါ။ ဒီအတွက် ပမာဏကို သတ်မှတ်မထားဘူး။ လိုသလောက်ကို သုံးလို့ရတယ်။ ဝေးလံတဲ့နေရာတွေမှာတော့ ဂြိုဟ်တုသုံးထားတာရှိတယ်။ အဲဒီနေရာတွေမှာလည်း ဖိုက်ဘာရအောင် ချိတ်ဆက်ဆောင်ရွက်သွားမှာပါ။

အင်တာဗျူးကတစ်ဆင့် အသုံးပြု သူတွေကို ဘာများပြောချင်ပါလဲ။

တယ်လီနောအနေနဲ့ ပေးထားတဲ့ ကတိက၀တ်တွေကို ပြည့်မီကျော်လွန်နိုင်အောင် ဆောင်ရွက်နေပြီး မြန်မာနိုင်ငံရဲ့ အကောင်းဆုံးကွန်ရက်ဖြစ်အောင်လည်း ဦးစားပေးလုပ်ဆောင်နေပါတယ်။ သုံးစွဲသူတွေအတွက် အကောင်းဆုံးဝန်ဆောင်မှုတွေကိုလည်း ဆက်လက်ပေးအပ်သွားမှာဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်။

နယ်စပ်ဒေသတွင် ဖြစ်ပွားနေသည့် တိုင်းရင်းသား ပဋိပက္ခများ အဆုံးသတ်ရေး အတွက် တရုတ်က ကူညီသွားမည်ဟု တရုတ်နိုင်ငံခြားရေး ၀န်ကြီးပြောကြား

တရုတ်နိုင်ငံအနေဖြင့် မြန်မာအစိုးရ ဆောင်ရွက်နေသည့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ရေးအတွက် မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ဖြစ် ပွားနေသည့် တိုင်းရင်းသား ပဋိပက္ခများ အဆုံးသတ်ရေးအတွက် အကူအညီ ပေးသွားမည်ဖြစ်ကြောင်း ဆိုသည်။

ဆက်လက်ပြီး နယ်စပ်ဒေသများတွင် ငြိမ်းချမ်းရေးနှင့် လုံခြုံရေး အတွက် နှစ်နိုင်ငံက ပူးပေါင်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်း နိုဝင်ဘာ ၃၀ ရက်တွင် ပြောဆိုကြောင်း ရိုက်တာသတင်း ဖော်ပြချက်အရ သိရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အစိုးရတပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် များ ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် ထောင်ပေါင်းများစွာသော ပြည် သူများသည့် တရုတ်နိုင်ငံတွင် ရောက်ရှိပြီးနောက် ယနေ့တွင် ဘေဂျင်းမှ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း ဆိုသည်။

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ၀မ်ရီက ယိုယွင်းလာသည့် အခြေအနေနှင့် ပတ်သက်ပြီး ဘေဂျင်းအနေဖြင့် စိုးရိမ်ကြောင်း တရုတ်နိုင်ငံ ရောက်ရှိနေ သည့် မြန်မာ ကိုယ်စားလှယ်များကို ပြောသည်။ ယင်းမှဆက်လက်ပြီး စစ်ရေးလှုပ်ရှားမှု ရပ်တန့်ပြီး အစိုးရအနေဖြင့် ညှိနှိုင်းဆွေးနွေး ပွဲများ ပြုလုပ်ရန် တိုက်တွန်းထားသည်။

၎င်းက “တရုတ်-မြန်မာ အမြင့်ဆုံး သံတမန်ဆက်ဆံရေးနှင့် စစ်ရေး လုပ်ငန်းစဉ်များ ပူးပေါင်းပြီး တရုတ်-မြန်မာ နယ်စပ်တလျှောက် တွင် ငြိမ်းချမ်းရေး ထိန်းသိမ်းဖို့နှင့် တည်ငြိမ်မှုရှိအောင် လုပ်ဆောင်သွားဖို့ လိုတယ်” ဟု တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ထုတ်ပြန်သည့် ထုတ်ပြန်ချက် မစ္စတာဝမ် ဆိုထားကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

“တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ထပ်တူဆန္ဒရှိပါတယ်။ အခုလို လုပ်ဆောင်ပေးမယ့် သဘောထားနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ပြည် တွင်းရေးကို ၀င်ရောက် စွက်ဖက်တာ မဟုတ်ပါဘူး”ဟု မစ္စတာဝမ်က ဆိုသည်။

တရုတ်မြန်မာ နယ်စပ် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ယခုတလော ဖြစ် ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံများမှာ တရုတ်နိုင်ငံဘက်သို့ နေရပ် စွန့်ခွာ ထွက်ပြေးရမှုများ ရှိနေပြီး နေ့စဉ် တိုက်ခိုက်မှုများ ဖြစ်ပွားနေသည်။

စိုင်းဟန်

The Ladies News

ကျောက်စိမ်း ထုတ်လုပ်မှုများကို လေ့လာရာတွင် မြန်မြန်နှင့်များများ ထုတ်လုပ်နေပြီး ထိုသို့ထုတ်လုပ်နေသည့် ကုမ္ပဏီများကို လေ့လာပါက ပါဝင်နေသူများမှာ အင်မတန် ပါဝါကြီးသူများဖြစ်သည်ဟု Global Witness ပြောကြား

ဖားကန့်ဒေသရှိ ကျောက်စိမ်းလုပ်ကွက် တစ်ခုကို ၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဟိန်းမင်း)

ကျောက်စိမ်းထုတ်လုပ်မှုများကို လေ့လာရာတွင် မြန်မြန်နှင့်များများ ထုတ်လုပ်နေပြီး ထိုသို့ ထုတ်လုပ်နိုင်မှုများမှာ ကျောက်စိမ်း ကုမ္ပဏီများတွင် သြဇာရှိသူများ ပါဝင်နေ၍ဖြစ်ကြောင်း Global Witness အဖွဲ့မှ Juman Kubba က ပြောကြားသည်။

“ကျောက်စိမ်းထုတ်လုပ်မှုတွေကို လေ့လာမယ်ဆို မြေပြင်မှာ ဘာတွေ ဖြစ်နေလဲ လေ့လာရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် အရည်အသွေးကောင်းတဲ့ ကျောက်စိမ်းတွေ အများအပြားထွက်ရှိပါတယ်။ အဲဒီနေရာမှာ ကချင်ပြည်နယ်ကို သွားတူးနေတဲ့ ကုမ္ပဏီတွေက မြန်မြန်၊ များများထွက်အောင် တူးနေကြပါတယ်။ အဲဒီကုမ္ပဏီတွေမှာ ပါဝင်နေတဲ့သူတွေက အင်မတန်ကို ပါဝါရှိတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့အနေနဲ့ သဘာဝသယံဇာတတွေကို မြန်မြန်ထုတ်နိုင်တဲ့ အခွင့်အရေးတွေ ရှိထားလို့လည်း သူတို့အနေနဲ့  မြန်မြန် လုပ်နိုင်ကြတာ ဖြစ်ပါတယ်” Juman Kubba က ပြောကြားသည်။

ထိုသို့ မြန်မြန်များများ ထုတ်လုပ်နေမှုကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ ပိုမိုဆိုးရွားလာသော်လည်း အဆိုပါကုမ္ပဏီများက မြေပြိုမှုများအပါအ၀င် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများအတွက် ပြန်လည်ရင်းနှီးမြှုပ်နှံခြင်း မပြုကြောင်း Juman Kubba က ပြောကြားသည်။

လက်ရှိအချိန်တွင် အစိုးရက သက်တမ်းကုန်လွန်သည့် လုပ်ကွက်များကို သက်တမ်းမတိုးပေးတော့ဘဲ ထိန်းချုပ်မှုပြုလုပ်နေပြီး အဆိုပါ အခြေအနေထက် ပိုမိုကောင်းမွန်သည့် ရလဒ်ရရှိရန် လုပ်ဆောင်ရန်လိုအပ်သည်ဟု Juman Kubba က ပြောကြားသည်။

မြန်မာ့ကျောက်စိမ်းသည် လက်ရှိတွင် ဈေးကောင်းရနေသော်လည်း တစ်ချိန်တွင် ကုန်ဆုံးသွားမည်ဖြစ်ပြီး ထိုသို့ ကုန်ဆုံးချိန်တွင် မည်သို့ ဆက်လက်လုပ်ဆောင်မည်နည်းဟု မေးခွန်းထုတ်ရမည် ဖြစ်ကြောင်းနှင့် ကျောက်စိမ်းကဏ္ဍနှင့် ပတ်သက်ပြီး အခြေခံမူများ ချမှတ်နိုင်ရန် လိုအပ်နေကြောင်းလည်း Juman Kubba က ပြောကြားသည်။

ဗြိတိန်အခြေစိုက် Global Witness အဖွဲ့သည် ၂၀၁၄ ခုနှစ် တစ်နှစ်တည်းမှာပင် မြန်မာကျောက်စိမ်း ကဏ္ဍမှ တရုတ်နိုင်ငံသို့ တင်ပို့ခဲ့သည့် ပမာဏ ဒေါ်လာ ၁၂ ဘီလျံရှိ ကြောင်းနှင့် လုပ်ငန်းပမာဏမှာ တစ်နှစ်အတွင်းပင် ဒေါ်လာ ၃၁ ဘီလျံရှိနေကြောင်း ‘ကျောက်စိမ်း-မြန်မာနိုင်ငံ၏ ကြီးမားသည့် နိုင်ငံတော်လျှို့ဝှက်ချက်’ အစီရင်ခံစာကို ရေးသားခဲ့သည့်အဖွဲ့ဖြစ်ပြီး  Juman Kubba သည် အဆိုပါ အစီရင်ခံစာကို ရေးသားခဲ့သူဖြစ် သည်။ Global Witness အစီရင်ခံစာတွင် ဖော်ပြထားချက်အရ မြန်မာ့ကျောက်စိမ်း ကဏ္ဍမှတစ်ဆင့် အမြတ်ထုတ်ခဲ့သူများထဲတွင် ဦးသန်းရွှေမိသားစုအပြင် ယခင်အာဏာရပါတီမှ အဆင့်မြင့်ပုဂ္ဂိုလ်  လေးဦးအကြောင်း ဖော်ထုတ်ခဲ့ပြီး အဆိုပါ ပုဂ္ဂိုလ်များမှာ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုး ရေးဝန်ကြီးဌာန ၀န်ကြီး၊ ကချင်ပြည်နယ် တိုင်းမှူးဟောင်း ဦးအုန်းမြင့်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ အထွေထွေ အတွင်းရေးမှူးဟောင်း၊ ဗိုလ်ချုပ်ဟောင်း ဦးမောင်မောင်သိမ်း၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး၊ ဗိုလ်မှူးချုပ်ဟောင်း ဦးဘုန်းဆွေ၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယ၀န်ကြီး  ဗိုလ်ချုပ်ဟောင်းနှင့် ကာကွယ်ရေးပစ္စည်းဌာန၏ ညွှန်ကြားရေးမှူးဟောင်း ဦးဝင်းသန်းတို့ဖြစ်ကာ အဆိုပါပုဂ္ဂိုလ်များအနက် ဦးမောင်မောင်သိမ်း တစ်ဦးတည်းသာ အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည့် ကုမ္ပဏီများနှင့် ပတ်သက်မှုမရှိကြောင်း တရားဝင် ငြင်းဆိုထားသည်။ အဆိုပါပုဂ္ဂိုလ်များအပြင် ခရိုနီများ၊ မူးယစ်ရာဇာများနှင့် အခြားပတ်သက် ဆက်နွှယ်သူများကိုလည်း  Global Witness အစီရင်ခံစာတွင် ဖော်ထုတ်ခဲ့သည်။

Writer: 

ဖြိုးဝေ

မြန်မာနိုင်ငံအနေဖြင့် နှစ်၂၀ အတွင်း စင်ကာပူကို ကျော်တက်နိုင်မည် ဟု မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

မြန်မာနိုင်ငံအနေဖြင့် နှစ်၂၀ အတွင်း စင်ကာပူနိုင်ငံ၏ စီးပွားရေးကို ကျော် တက်နိုင်ရန် မျှော်လင့်ထားပြီး စင်ကာပူနိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို လက်ကမ်းကူညီပေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် က နိုဝင်ဘာ ၃၀ ရက်က စင်ကာပူနိုင်ငံ ခရီးစဉ်အတွင်း ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ သုံးရက်တာ စင်ကာပူနိုင်ငံ ခရီးစဉ် အတွင်း ယနေ့တွင် ပြုလုပ်သည့် စင်ကာပူနိုင်ငံ၏ IE singapore ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး စကားဝိုင်းတွင် မစ္စတာ လီကွမ်ယု မြန်မာနိုင်ငံ လာရောက်စဉ်က ပြောခဲ့သည့် စကားကို ပြန်လည် ကိုးကားကြောင်း ပြောဆိုခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က “စင်ကာပူနိုင်ငံ လွတ်လပ်ရေးရပြီးနောက် စင်ကာပူဝန်ကြီးချုပ် မစ္စတာ လီကွမ်ယူက နောက်နှစ် ၂၀ ကြာမှာ စင်ကာပူအနေနဲ့ မြန်မာနိုင်ငံကို အမီလိုက်နိုင်ပါလိမ့်မယ်။ အခုတော့ သူပြောခဲ့တာကို ကျွန်မတို့ ပြောင်းပြောရတော့မယ် ထင်တယ်။ မြန်မာနိုင်ငံ အနေနဲ့ နောက်နှစ် ၂၀ မှာ စင်ကာပူကို ကျော်တက်နိုင်ဖို့ အတွက် ကျွန်မတို့ကို အကူအညီပေးဖို့လိုတယ်။ ဘာကြောင့်လဲဆိုတော့ ဒေသတွင်း ထဲက အပိုင်းတစ်ခု အောင်မြင်တာဟာ ဒေသတစ်ခုလုံး အောင်မြင်တာနဲ့ အတူတူပါပဲ”ဟု ပြောသည်။

“စီးပွားရေးဆိုင်ရာ ခေါင်းဆောင်များ ဆွေးနွေးပွဲမစတင်ခင်မှာ မြန်မာ လူသားအရင်းမြစ်၊ မြန်မာနိုင်ငံ သဘာဝအရင်းမြစ်တွေ ဟာ စင်ကာပူနိုင်ငံက ကုမ္ပဏီတွေကို ဆွဲဆောင်နိုင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပြု ပြောကြားသည်။

မြန်မာနိုင်ငံမှာ သက်မွေးဝမ်းကျောင်းနှင့် ဆိုင်သည့် သင်ကြားပေးမှုတွေရှိတဲ့ ပညာရေးစနစ် တစ်ခုဖြစ်ဖို့ ဦးတည်နေပြီး စင်ကာပူနိုင်ငံအနေဖြင့် အကယ်ဒမစ် ပညာသင်ဆု အစီအစဉ်တွေ လိုအပ်ကြောင်း သူမက ပြော သည်။ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ဥပဒေသစ်နှင့် ပတ်သက်ပြီး သူမက ဥပမာပေး ပြောခဲ့ခြင်းများရှိသည်။

ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ ဥပဒေသစ်က စီးပွားရေးလုပ်ငန်းတွေ သင့်လျော်မှုရှိပါတယ်။ ဒီဥပဒေက သင်တို့လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်”ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူနိုင်ငံ၏ စီးပွားရေးလုပ်ငန်းတွေ က မြန်မာ နိုင်ငံသားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မည်ကို မျှော်လင့်ကြောင်း ဆိုသည်။

“အလုပ်မရှိဘူးဆိုရင် ကျွန်မတို့ရဲ့ လူငယ်တွေဘ၀ဟာ တောက်ပနိုင်မှာ မဟုတ်ဘူး။ အလုပ်လက်မဲ့ လူငယ်တွေ များလာခြင်းဟာ ကျွန်မတို့ အသိုင်းအ၀ိုင်းရဲ့ တည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်မှုကို တိုးမြင့်စေပါတယ်။ ဒါကြောင့် စင်ကာပူအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးနိုင်ဖို့ သူတို့တွေ့ရဲ့ အရည်အသွေးတွေ မြှင့်တင်နိုင်ဖို့အတွက် ရင်းနှီးမြုပ် နှံမှုတွေ လုပ်ဖို့ မျှော်လင်ပါတယ်” ဟု ပြောသည်။

“စင်ကာပူနိုင်ငံဟာ စီးပွားရေးမိတ်ဖက် နိုင်ငံဖြစ်ပါတယ်။ ကျွန်မတို့ သင်ယူချင်ပါတယ်။ ကျွန်မတို့ ပြည်သူတွေ ဖန်တီးနိုင်ဖို့ ကောင်းမွန် စွာ နေနိုင်ဖို့အတွက် ကျွန်မတို့ လိုလားပါတယ်” ဟု ထပ်လောင်းပြောသည်။

စိုင်းဟန်