Sunday, December 18, 2016

ကားတင်သွင်းမှု မူဝါဒသစ်​​ ပေါ်ထွက်​ပြီး​နောက် မြ၀တီတွင် Without ကားဈေးကွက်​ ပိုမိုတွင်​ကျယ်​လာကာ အ​ရောင်းအ၀ယ်​သွက်​ပြီး ​ဈေးမြင့်​တက်

Skip to main content

Toggle navigation

မြ၀တီနယ်စပ်ဂိတ်မှ တင်သွင်းလာသည့် ကားများကို တွေ့ရစဉ်

မော်​​တော်​ယာဉ်​ တင်​သွင်းမှုဆိုင်​​ရာ မူဝါဒသစ် ​​ပေါ်ထွက်​လာပြီး​နောက်​ မြ၀တီနယ်​စပ်​မှ အရည်​အ​သွေး ​ကောင်းမွန်​ပြီ တန်​ဖိုးနည်းသည့်​ ဂျပန်​တပတ်​ရစ်​ (Without cars) ​ဈေးကွက်​ ပိုမိုတွင်​ကျယ်​လာပြီး အ​ရောင်းအ၀ယ်လိုက်ကာ​ ဈေးမြင့်​တက်လျက်​ရှိကြောင်း သိရသည်​။

ကမ္ဘာ့​ငွေ​ကြေး​ဈေးကွက်​တွင်​ ​ဒေါ်လာ​ဈေးနှင့်​အပြိုင်​ ထိုင်းဘတ်​​ငွေတန်​ဖိုး မြင့်​တက်​လာခြင်း​ကြောင့်​ ​သောင်​ရင်းတစ်ဖက်​ကမ်းရှိ Without cars ၀ယ်​​ရောင်း​ဈေးကွက်​တွင်​ ကား​ဈေးမြင့်​တက်​လျက် ​ရှိ​သော်​လည်း ယခင်​ထက်​ နယ်ဝယ်လက် လိုက်​​နေသည်​ဟု ကားဝယ်​​ရောင်းလုပ်​သူ တစ်​ဦးက ​ပြောကြားသည်​။

“ယခင်​က ဘတ်​​ဈေးတက်​ရင်​ မြန်​မာ​ငွေနဲ့တွက်​ပြီး ​ဈေး​လျော့​ရောင်းကြတယ်​။ ခု​တော့ နယ်​၀ယ်​လက်​ကလည်းလိုက်​၊ လမ်း​ကြောင်းကလည်း သာယာ​နေ​တော့ ​ဈေးမကျတဲ့အပြင်​ မြင့်​နေ​သေးတယ်​။ ခုဘတ်​​ဈေးနဲ့ဆိုရင်​ ယခင်​ ကျပ်​ ၁၅ သိန်းတန်တဲ့ကားက ကျပ်သိန်း ၂၀ ၀န်းကျင်​အထိ မြင့်​တက်​နေ​ပေမယ့် အ​ရောင်းအ၀ယ်​​တော့ သွက်​​နေတယ်” ဟု ကားဝယ်​​ရောင်းလုပ်​​နေသူ ကို​မော်​ကြီးက​ ပြောကြားသည်​။

၂၀၁၆ ​ခုနစ် မော်​​တော်​ယာဉ်​ တင်​သွင်းမှုဆိုင်​ရာ မူဝါဒမှ ၂၀၁၇ မူဝါဒကို ပြောင်းလဲကြေညာလိုက်ပြီး​နောက်​ လူစီးကားများ ဘယ်မောင်းသာ တင်​သွင်းခွင့်​ရမည်​ဖြစ်​ပြီး ညာမောင်းသွင်းလိုလျှင်​ စလစ်ကပ်ရပါတော့မည် ဖြစ်​​သည်​ဟု ဆိုသည်​။

“ကျွန်တော်ကတော့ ဘယ်မောင်းကားကို မကြိုက်တဲ့ထဲမှာ ပါပါတယ်။ ဂျပန်ကား ညာမောင်းကိုပဲ ကြိုက်တယ်။ ဘာလို့လဲဆိုတော့ ဂျပန်ကားအကောင်း အရည်အသွေး ပိုမြင့်လို့ပေါ့။ မူရင်းကား ထုတ်လုပ်သူ ဂျပန်ဟာ သူ့နိုင်ငံသူ့ နိုင်ငံသားတွေစီးဖို့ ထုတ်ထားတဲ့အတွက် အရည်သွေးကောင်းကောင်းနဲ့ ထုတ်ပေးထားပါတယ်။ Brand တူရင် တူမယ် နိုင်ငံကိုလိုက်ပြီး အရည်အသွေး မတူပါဘူး” ဟု ကားဝယ်​​ရောင်းလုပ်​သူ တစ်​ဦးဖြစ်​သည့်​ ကိုဇော်​​မော်ထွန်းက ​ပြောကြားသည်​။

ထို့ပြင်​ ပြည်​တွင်း​ဈေးကွက်​သို့ ကားတင်​သွင်း​နေသူ တစ်​ဦးက ​“စိုင်းထီးဆိုင် သီချင်းလိုပါပဲ။ ဘယ်သူမဆို ကိုယ်တန်ရာပဲရမယ် ဆိုတာမျိုးပေါ့။ Japan Toyota နဲ့ Thai မှာ ထုတ်တဲ့ Toyota နဲ့ အရည်အသွေး တော်တော်ကွာပါတယ်။ ကျွန်တော်ပြောချင်တာကတော့ ကားအသစ်ဟာ အသစ်ပါ ကားအကောင်း မဟုတ်ပါဘူး။ ကျွန်တော်တို့နိုင်ငံကို Toyota က စက်ရုံလာထောင် ဘယ်မောင်းတွေလာထုတ်ရင် ၀မ်းသာရမှာကတော့ အလုပ်သမားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းအတွက်ပါပဲ။ ဘယ်မောင်းကား အသစ်ကြီး အတွက်တော့ ၀မ်းမသာရပါဘူး။ သေအောင်ငိုပြောလည်း ဂျပန်ကြီးက သူ့ပြည်တွင်းသုံးတဲ့ အရည်အသွေး ခင်ဗျားကို မပေးမှာ သေချာပါတယ်။ ခင်ဗျားတို့ ပြောပြောနေတဲ့ ရွှေနိုင်ငံ အရည်အသွေးကိုပဲ ပေးမှာပါ။ ကျွန်တော်ကတော့ ပြည်သူတွေ ဈေးနည်းနည်းနဲ့ ကားကောင်းကောင်း စီးစေချင်တယ်ဗျာ။ မူဝါဒချမှတ်ပေးတဲ့ ဆရာများလည်း အဖိုးနည်းဝန်ပါ ကားလေးတွေ စီးလို့ရအောင် ပြန်လည် စဉ်းစားပေးပါဦးလို့ တောင်းဆိုချင်​ပါတယ်​။ ခုအတိုင်း ဆိုရင်​​တော့ ဂျပန်​တပတ်​ရစ် Without cars ​​ဈေးကွက်​က ပိုပြီးတွင်​ကျ​ယ်ပြီး ဈေး​မြောက်လာဦးမှာပါ” ဟု ဆိုသည်​။

နယ်​စပ်​မှ Without cars ကုန်​သွယ်​မှုမှာ ပြည်​တွင်းသို့ ​နေ့စဉ်​ကားအစီးရာနဲ့ချီစီး ဆင်း​နေ​သော်​လည်း မြ၀တီနယ်​စပ်မှ တရားဝင် ​တင်​သွင်းမှုတွင်​ လုပ်​ငန်းသုံး MiniBus, High jet, Truck ကား၊ ၁၂ ဘီး ကုန်​တင်​ယာဉ်၊ လယ်​ယာသုံးနှင့်​ စက်ယန္တရားများစသည့်​ လုပ်​ငန်သုံး ယာဉ်​များသာ တင်​သွင်းခွင့်​ရရှိပြီး ယခင်​လူကြိုက်​များသည့်​ Vigo တစ်​ခန်းခွဲကားများ တင်​သွင်းခွင့်​ မရရှိ​​တော့​ကြောင်း သိရသည်​။

ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခြင်းအတွက် ထုတ်လုပ် ခုနှစ်သတ်မှတ်ချက်တွင် လူပုဂ္ဂိုလ်တစ်ဦးချင်း အနေဖြင့် လူစီးမော်တော်ယာဉ်များကို (၁၃၅၀ စီစီနှင့် အောက်လူစီးယာဉ်များ အပါအ၀င်) ၂၀၁၅ Model မှ ၂၀၁၇ Model အတွင်း ဘယ်မောင်း တစ်မျိုးတည်းသာ တင်သွင်းခွင့်ပြုမည်ဟု ထုတ်ပြန်ထားကြောင်း သိရသည်။

ကုန်တင်ယာဉ်များကို ၂၀၀၇ မှ ၂၀၁၇ Model အတွင်း၊ ခရီးသည်တင်ယာဉ်များ (Express) ၂၀၁၂ မှ ၂၀၁၇ Model အတွင်း ဘယ်မောင်းတစ်မျိုးသာ တင်သွင်းခွင့်ပြုထားပြီး မြို့တွင်းပြေးဆွဲသည့် ခရီးသည်တင်ယာဉ်များ (Mini Bus, City Bus) ကိုလည်း ၂၀၀၇ Model မှ ၂၀၁၇ Model အတွင်း ဘယ်မောင်း တစ်မျိုးတည်းသာ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း၊ လူစီးယာဉ်၊ ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များ ရောက်ရှိ ခုနှစ်အောက် နှစ်နှစ်နိမ့် Model ကားများကို ဘယ်မောင်း တစ်မျိုးသာ တင်သွင်းရမည်ဟု ထုတ်ပြန်ထားကြောင်း သိရသည်။

ခရီးသည်​တင်​ယာဉ်​များ တင်​သွင်းရာ၌ ကနဦး စစ်​ဆေးရာတွင်​ ​မော်​​တော်​ယာဉ်​ တင်​သွင်းခွင့်​ မူဝါဒအရ ဘယ်​​မောင်းသာ တင်သွင်းရန်​နှင့်​ ယာ​မောင်းများအဖြစ်​ တင်​သွင်းလာကြောင်း စစ်​​ဆေး​တွေ့ရှိပါက မှတ်​ပုံတင်​ လုပ်​ငန်းများ ဆောင်ရွက်​​ပေးမည် ​မဟုတ်​​​ကြောင်း ကုန်းလမ်းပို့​ဆောင်​​ရေး ညွှန်​ကြားမှုဦးစီးဌာနမှ အသိ​ပေး ကြေညာထားသည်​။ 

Writer: 

ကိုရွှေသိန်း
Eleven Media Group Co., Ltd

No comments: