Wednesday, December 28, 2016

KIA စခန်းများအား တပ်မတော်စစ်ကြောင်းများက ဆက်လက်သိမ်းပိုက်ရရှိ


 

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်အတွင်းရှိ KIA အကြမ်းဖက်သောင်းကျန်းသူများ၏ ပွိုင့်-၇၆၈(KIAအခေါ် လိုင်ဖောင်)စခန်းနှင့် ပတ်ဝန်းကျင်စခန်းငယ်များအား တပ်မတော်စစ်ကြောင်းများက ဆက်လက်သိမ်းပိုက်ရရှိ
နေပြည်တော်၊ ဒီဇင်ဘာ ၂၇

၂၀၁၆ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက် တွင် ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်အတွင်း KIA အကြမ်းဖက် သောင်းကျန်းသူများ အခိုင်အမာတပ်စွဲထားသည့် ဂီဒုန်စခန်းအပါအ၀င် ကာကင်းစခန်းများအား မြန်မာ့တပ်မတော်က သိမ်းပိုက်ရရှိခဲ့ပြီးနောက် မြစ်ကြီးနား-ဗန်းမော်ကားလမ်း၏ အရှေ့ဘက် ၇ မိုင်ခန့်အကွာရှိ KIA အကြမ်းဖက်သောင်းကျန်းသူ တပ်မဟာ ၅ လက်အောက် တပ်ရင်း ၃ ဌာနချုပ်ရှိရာ ပွိုင့် ၇၆၈ (KIAအခေါ် လိုင်ဖောင်)စခန်းကို သိမ်းပိုက်ရရှိရေးအတွက် ဒီဇင်ဘာ ၂၁ ရက်တွင် တပ်မတော်စစ်ကြောင်းများက သွေးတိုးစမ်းတိုက်ခိုက်ခဲ့သည်။

ယင်းတိုက်ခိုက်မှုအပေါ်မူတည်၍ လိုအပ်သည်များကြိုတင်ပြင်ဆင်ကာ အသေးစိတ်စီမံချက်ချပြီး ယနေ့ဒီဇင်ဘာ ၂၇ ရက်နံနက်ပိုင်းမှစတင်၍ လေကြောင်းနှင့် ခြေလျင်၊ အမြောက်၊ တင့်၊ လက်နက်ကြီးပစ်ကူရယူ၍ တိုက်ခိုက်ခဲ့ရာ ညနေ ၃ နာရီခွဲတွင် ပထမဆုံးစခန်းကို သိမ်းပိုက်ရရှိခဲ့သည်။ ထို့နောက် ဆက်လက်တိုက်ခိုက်ခဲ့ရာ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် အဓိကခံစစ်ကုန်းနှင့် စခန်းငယ် ၆ ခုတို့ကို သိမ်းပိုက်ရရှိခဲ့သည်။


ယနေ့သိမ်းပိုက်ရရှိသည့် ပွိုင့်-၇၆၈ (KIAအခေါ် လိုင်ဖောင်)စခန်းမှာ ဒီဇင်ဘာ ၁၆ ရက်နေ့က KIA တို့လက်လွှတ်ခဲ့ရသည့် တပ်ရင်း ၂၅၂ ၏ ဂီဒုန်စခန်းနှင့်အပြိုင် နန့်တဘက်ချောင်း၏ တစ်ဘက်တစ်ချက်စီတွင် တပ်ခွဲအခြေပြုထားသည့် စခန်းကြီးတစ်ခုဖြစ်ပြီး KIA ဗဟိုဌာနချုပ် လိုင်ဇာ၊ လိုင်စင်ပို့နှင့် အမှတ် ၆ နယ်ခြားမှတ်တိုင် ခန့်မှန်းမြေပုံညွှန်း(MJ- ၀၂၂ ၉၉၅)တစ်ဝိုက်ရှိ ၎င်းတို့စခန်းများနှင့် ဆက်သွယ်သည့် လမ်းကြောင်းအား စိတ်ချလုံခြုံမှုရှိစေရေးနှင့် မြစ်ကြီးနား၊ ၀ိုင်းမော်မြို့နယ်အား ခြိမ်းခြောက်နိုင်ရေး ဆောင်ရွက်ချက် ၁ ခုဖြစ်ကြောင်းနှင့် ၎င်းလမ်းကြောင်းမှတစ်ဆင့် တပ်မဟာ ၁ နယ်မြေ အင်ဂွန်လဒေသသို့ ဆက်သွယ်ရာ အတွင်းလမ်းကြောင်းတစ်ခုလည်းဖြစ်ကြောင်း သိရှိရသည်။

KIA စခန်းများကို သိမ်းပိုက်ရရှိပြီးဖြစ်သော်လည်း အချိန်ကန့်သတ်ချက်အရ ပြန်လည်စုဖွဲ့နေရာယူခြင်း နှင့်အတူ နှစ်ဖက်ထိခိုက်ဆုံးရှုံးမှုများနှင့် ပတ်သက်၍ အသေးစိတ်စစ်ဆေးလျက်ရှိကြောင်းနှင့် သိရှိရပါက ဆက်လက်သတင်း ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

No comments: