Thursday, December 29, 2016

ဒေါက်တာသန်းထွဋ်အောင်၏ ဆန္ဒအရ တောင်းပန်စာ ထုတ်ပြန်ခြင်းဟု Eleven အတည်ပြု

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

The Daily Eleven သတင်းစာနှင့် ဒီဇင်ဘာ ၂၈ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခဲ့သော ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို Eleven Media Group ၏ CEO နှင့် Eleven Media Group မှ အနူးအညွတ် တောင်းပန်စာမှာ ဒေါက်တာသန်းထွဋ်အောင်၏ သဘောဆန္ဒအတိုင်း ဖော်ပြခဲ့ခြင်း ဖြစ်ကြောင်း The Daily Eleven နေ့စဉ်ထုတ် သတင်းစာမှ တာဝန်ခံ အယ်ဒီတာ ကိုကျော်ဇောလင်းက အတည်ပြု ပြောကြားသည်။

“ကာယကံရှင်ဖြစ်တဲ့ CEO ဒေါက်တာသန်းထွဋ်အောင်ရဲ့ ဆန္ဒအရ ထည့်ပေးတာပါ၊ သူ့ဆန္ဒအတိုင်း ကျွန်တော်တို့က ထည့်ပေးတာပါ။ အလုပ်တစ်ခု အနေနဲ့ လုပ်သင့်တာ လုပ်ပေးလိုက်တာပါ” ဟု ကိုကျော်ဇောလင်းက ဆိုသည်။

The Daily Eleven သတင်းစာ၊ ANN (အာရှသတင်းကွန်ရက်) နှင့် Facebook စာမျက်နှာတို့တွင် ဖော်ပြခဲ့သော ‘ရွေးကောက်ပွဲ တစ်နှစ်ကြာသော်’ အယ်ဒီတာ့အာဘော်တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းအစိုးရအဖွဲ့နှင့် ပတ်သက်ပြီး မဟုတ်မမှန် အခြေအမြစ်မရှိ ဖော်ပြထားသော လွဲမှားသည့် အချက်အလက်များ ဖြစ်နေခြင်းအတွက် များစွာ စိတ်မကောင်းမိကြောင်း၊ ယင်းကဲ့သို့ မှားယွင်းရေးသားဖော်ပြခဲ့သည့်အတွက် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်ခဲ့သော ဝန်ကြီးချုပ်နှင့် တိုင်းအစိုးရအဖွဲ့ကို Eleven Media Group မှ အနူးအညွတ် ဝန်ချတောင်းပန်ကြောင်းကို ဒီဇင်ဘာ ၂၇၊ ၂၈ ရက်နေ့ထုတ် The Daily Eleven သတင်းစာနှင့် ဒီဇင်ဘာ ၂၈ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခဲ့သည်။

အင်းစိန်အကျဉ်းထောင်တွင် အချုပ်သားအဖြစ် နေထိုင်နေရသည့် ခင်ပွန်းဖြစ်သူ၏ အမှု ပြေလည်မှု ရရှိစေရန် ဒေါက်တာသန်းထွဋ်အောင်၏ ဇနီးဖြစ်သူသည် ဒီဇင်ဘာလ ၂၆ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် (ကိုယ်စား) တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးကို သွားရောက်တွေ့ဆုံပြီးနောက် Eleven မီဒီယာ၏ တောင်းပန်စာကို ထုတ်ပြန်လိုက်ခြင်း ဖြစ်ကြောင်း Eleven Media Group ၏ ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦးက ထပ်မံအတည်ပြု ပြောကြားထားသည်။ 

ဒေါ်လာသိန်းကျော်တန် နာရီ ဝန်ကြီးချုပ်ထံ လက်ဆောင်ပေးသည်ဟူသော Facebook တွင် ရေးသားချက်ကြောင့် ဒေါက်တာသန်းထွဋ်အောင်နှင့် Eleven Media Groupတို့ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ညွှန်ကြားရေးမှူး ဦးမိုးဟိန်းက တာမွေမြို့မ ရဲစခန်းတွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်တိုင်ကြားပြီး နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ဒေါက်တာသန်းထွဋ်အောင်နှင့် အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ နှစ်ဦးက ရဲတပ်ဖွဲ့ထံ လာရောက်အဖမ်းခံခဲ့သည်။ ယင်းအပြင် Eleven Media Group က ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်တိုင်ကြားခဲ့သော Facebook Account ပိုင်ရှင်များ၏ အမှုများ အားလုံးကို ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း ဒီဇင်ဘာလ ၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာတွင် ဖော်ပြခဲ့သည်။

Eleven မီဒီယာ၏ တောင်းပန်မှုနှင့် ပတ်သက်၍ ဝါရင့်သတင်းစာဆရာတစ်ဦး ဖြစ်သူ ဦးသီဟစောက “အခုကိစ္စမှာ စောစောစီးစီး တောင်းပန်ခွင့် ပြင်ဆင်ခွင့် မရတာလား၊ မပြင်တာလားဆိုတာ ကျွန်တော် မသိဘူး။ ကြန့်ကြာမှုတွေကြောင့် နှစ်ဖက်စလုံး နစ်နာပါတယ်။ မီဒီယာနဲ့ အစိုးရကြား အထင်မြင်လွဲမှုတွေ ဖြစ်လာနိုင်ပါတယ်။ ကျွန်တော့်အမြင်မှာတော့ အခုလို တောင်းပန်လိုက်တာ မှန်ကန်တဲ့ လုပ်ရပ်၊ သိက္ခာရှိတဲ့ လုပ်ရပ်ပါ” ဟု မှတ်ချက်ပေးသည်။

The voice

No comments: