Tuesday, December 27, 2016

စက်သုံးဆီ လက်ကားဈေး ပြန်ကျ

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

အမေရိကန် ဒေါ်လာဈေး ပြန်လည် ကျဆင်းလာခြင်းကြောင့် စက်သုံးဆီ လက်ကား ဈေးနှုန်းများလည်း ပြန်လည် ကျဆင်းကြောင်း စက်သုံးဆီ ဈေးကွက်အတွင်းမှ သိရသည်။

စက်သုံးဆီ လက်ကားဈေးနှုန်းသည် ရက်သတ္တ တစ်ပတ်အတွင်း တစ်လီတာလျှင် ၂၅ ကျပ်မှ ၄ဝ ကျပ်အထိ ကျဆင်းသော်လည်း လက်လီဈေး မကျဆင်းသေးကြောင်း ယင်းဈေးကွက် အတွင်းမှ သိရသည်။ 

“ဒီဇယ်ဈေး တက်တော့ ကုန်တင်ယာဉ် ပိုင်ရှင်တွေအတွက် ဝင်ငွေနည်းသွားတာပေါ့။ အရင်ကထက် ပိုဆိုးတယ်။ အရင်တုန်းက ဒီဇယ်ဈေး တက်ရင် တန်ဆာခလည်း လိုက်မြင့်တော့ ကိုက်သေးပေမယ့် ဒီနှစ်တော့ ကုန်မရှိတော့ တန်ဆာခကလည်း လိုက်မြှင့်လို့ မရတော့ မကိုက်ဘူး”ဟု မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးကိုကိုနိုင်က ပြောကြားသည်။

စက်သုံးဆီ လက်လီ ဈေးနှုန်းသည် ပြည်ပဈေး မြင့်တက်ချိန်တွင် တင်သွင်းထားခြင်း ဖြစ်သည့်အတွက် ယခုချက်ချင်း ဈေးနှုန်းချပေးရန် မဖြစ်နိုင်သေးသည့်အတွက် ကျဆင်းခြင်း မရှိသေးခြင်းဖြစ်ကြောင်း စက်သုံးဆီ လုပ်ငန်းရှင်များက ပြောဆိုသည်။

“လက်လီဈေးက ရောင်းသင့်တဲ့ ဈေးနှုန်းထက် လျှော့ပြီး ရောင်းနေတာပါ။ လက်လီဈေးနဲ့လည်း သိပ်မကွာပါဘူး”ဟု စက်သုံးဆီ လုပ်ငန်းရှင် ဒေါက်တာ ဝင်းမြင့်က ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းကထက် အမေရိကန် တစ်ဒေါ်လာလျှင် ၃၆ ကျပ်ခန့်အထိ ကျဆင်းခြင်းကြောင့် စက်သုံးဆီ လက်ကား ဈေးနှုန်းများ ကျဆင်းခြင်းဖြစ်ကြောင်း၊ သို့သော် ပြည်ပ စက်သုံးဆီ ဈေးနှုန်းများမှာ အနည်းငယ် မြင့်တက်လျက်ရှိကြောင်း ၎င်းတို့က ဆိုသည်။

လက်ရှိ စက်သုံးဆီ လက်ကားဈေးနှုန်းသည် ဒီဇယ် တစ်လီတာလျှင် ၆၆၈ ကျပ်၊ အဆင့်မြင့် ဒီဇယ် တစ်လီတာလျှင် ၇၁၄ ကျပ်၊ အောက်တိန်း ၉၂ တစ်လီတာလျှင် ၆၆ဝ ကျပ်နှင့် အောက်တိန်း ၉၅ တစ်လီတာလျှင် ၇၁၅ ကျပ်ရှိပြီး လက်လီ ဈေးနှုန်းများမှာ ဒီဇယ် တစ်လီတာလျှင် ၇ဝဝ ကျပ်၊ အဆင့်မြင့်ဒီဇယ် တစ်လီတာလျှင် ၇၂ဝ ကျပ်၊ အောက်တိန်း ၉၂ တစ်လီတာလျှင် ၇၁ဝ ကျပ်နှင့် အောက်တိန်း ၉၅ တစ်လီတာလျှင် ၇၅ဝ ကျပ် ဈေးရှိကြောင်း စက်သုံးဆီ ဈေးကွက်အတွင်းမှ သိရသည်။ 

The voice

No comments: