Wednesday, December 28, 2016

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် တွေ့ရန် ငြိမ်းချမ်းရေး ကော်မရှင် “ဝ”ဒေသသို့ ထွက်ခွာ

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသများ၌ တပ်မတော်နှင့် စစ်ရေး တင်းမာလျက် ရှိသော မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့နှင့် အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်တို့ “ဝ”ဒေသ ပန်ဆန်းတွင် တွေ့ဆုံရန် ယနေ့ စတင် ထွက်ခွာသွားပြီဖြစ်ကြောင်း ယင်းကော်မရှင်ထံမှ သိရသည်။

ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့ဝင်များ ဒီဇင်ဘာလ ၃၁ ရက်အထိ လေးရက်ကြာ သွားရောက်မည် ဖြစ်သည်။

ယင်းခရီးစဉ်တွင် “ဝ”တပ်ဖွဲ့၊ မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့များနှင့် ပန်ဆန်းမြို့၌ တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း သိရသော်လည်း တွေ့ဆုံမည့်နေ့ရက်နှင့် အသေးစိတ် အစီအစဉ်ကိုမူ ငြိမ်းချမ်းရေး ကော်မရှင်က ထုတ်ပြန် ပြောကြားခြင်း မရှိပေ။

“ကျွန်တော်တို့ “ဝ”တပ်ဖွဲ့နဲ့ တွေ့မယ်။ မြောက်ပိုင်း အဖွဲ့တွေနဲ့ တွေ့မယ်။ ဒီဇင်ဘာလ ၂၈ ရက်နေ့က စပြီး ရန်ကုန်ကနေ သွားမယ်။ လေးရက် ခရီးစဉ်ဖြစ်တယ်”ဟု ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့ဝင် ဦးအောင်စိုးက ပြောကြားသည်။

မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု (TNLA, AA, MNDAA, KIA) သည် နိုဝင်ဘာလ ၂ဝ ရက်နေ့မှ စတင်၍ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နှင့် ကွတ်ခိုင်မြို့နယ်ရှိ တပ်မတော် စခန်းများ၊ ရဲတပ်ဖွဲ့ စခန်းများနှင့် ၁ဝ၅ ကုန်သွယ်ရေး စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့၍ တရုတ်-မြန်မာ ကုန်သွယ် စီးဆင်းမှု ပြတ်တောက်ခဲ့ခြင်းကြောင့် သွင်းကုန် ပို့ကုန်များ ရပ်ဆိုင်းခဲ့သည်။

အလားတူ မြောက်ပိုင်း မဟာမိတ် အဖွဲ့များနှင့် တပ်မတော်တို့ ယနေ့အထိ စစ်ရေး တင်းမာလျက် ရှိကြောင်း မြောက်ပိုင်း မဟာမိတ် အဖွဲ့က ပြောဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မြောက်ပိုင်း မဟာမိတ်အဖွဲ့ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်ကို မေးမြန်းရာတွင်လည်း တွေ့ဆုံရန် လုပ်ဆောင်နေကြောင်း အတည်ပြု ပြောဆိုသည်။

ငြိမ်းချမ်းရေး ကော်မရှင်သည် “ဝ” တပ်ဖွဲ့နှင့်လည်း တွေ့ဆုံရန် နှစ်ဖက် ခေါင်းဆောင်များ စီစဉ်ထားပြီး ဖြစ်ကြောင်း ဦးအောင်စိုးက ဆိုသည်။

“ဝ” တပ်ဖွဲ့သည် ၂၁ ရာစုပင်လုံ ညီလာခံ၌ ညီလာခံ ကျင်းပရေး ကော်မတီနှင့် သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး ညီလာခံမှ ထွက်ခွာခဲ့သောအဖွဲ့ ဖြစ်သည့်အပြင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ် ရရှိရန် တောင်းဆိုနေသောအဖွဲ့ တစ်ခုဖြစ်သည်။

အလားတူ “ဝ”တပ်ဖွဲ့သည် အောက်တိုဘာလ အတွင်း၌ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလား အထူးဒေသ ၄ နယ်မြေအတွင်းသို့ တပ်ဖြန့်ခြင်း၊ တပ်စခန်းများ တည်ဆောက်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။

The voice

No comments: