Wednesday, December 28, 2016

အစိုးရအနေဖြင့် နှစ်စဉ် လျှပ်စစ်ထုတ်လုပ်မှုစရိတ် အရှုံးခံ ရောင်းချနေရ သည့်အတွက် ၂၀၁၈ ခုနှစ်တွင် မီတာခ တက်ဖွယ်ရှိဟုဆို



Posted: December 27, 2016

အစိုးရအနေဖြင့် ရန်ကုန်တိုင်းအတွက် လျှပ်စစ်ကုန်ကျစရိတ် အရှုံး ခံပြီး ရောင်းချပေးနေရသည့်အတွက် ၂၀၁၈ ခုနှစ်တွင် အိမ်သုံးမီတာခများ တက်ရန်ရှိကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောကြောင်း ရန်ကုန် လွှတ်တော် အသိုင်းအ၀ိုင်းမှ သိရသည်။

 

အစိုးရ၏ လျှပ်စစ်ထုတ်လုပ်မှု ကုန်ကျစရိတ်မှာ တစ်ယူနစ်လျှင့် ၁၀၀ ကျပ်နီးပါး ကုန်ကျသော်လည်း တစ်ယူနစ်လျှင် ၃၅ ကျပ်ဖြင့် ရောင်းချပေး လျက် ရှိသည့်အတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငွေကျပ် ဘီလီယံ ၉၀၀ ခန့် ကုန်ကျပြီး နှစ်စဉ်အရှုံးပြနေခြင်း ဖြစ်သည်။ ယင်းအတွက် လာမည့် ၂၀၁၇ ခုနှစ်တွင် အိမ်သုံးမီတာခများ မတက်သေးသော်လည်း ၂၀၁၈ ခုနှစ်တွင် မီတာခ တိုးမြှင့်ကောက်သွားရန် ရှိကြောင်း ပြောပြ ချက်များအရ သိရသည်။

 

ဆိပ်ကြီးခနောင်တို မဲဆန္ဒနယ်မှ ရန်ကုန်တိုင်း လွှတ်တော် အမတ် ဒေါ်စန္ဒာမင်း က ၄င်းကိုယ်ပိုင် ဖေ့စ်ဘုတ်စာမျက်နှာတွင် “ရန်ကုန်တိုင်းအတွက် မီတာခကို ၂၀၁၇ မှာ အိမ်သုံးများအတွက် မတက်သေးဘဲ ၂၀၁၈ မှာ တစ်ယူနစ်ကို ၁၃၀ နှင့် ၁၅၀ ကြားကို တက်သွားမှာဖြစ်ပြီး စက်မှုဇုန်များ အိမ်ရာစီမံကိန်းများ လုပ်ငန်းသုံးများ ကိုတော့ ၁၅၀ မှ ၂၀၀ ကြားကို ပြောင်းလဲ ကောက်ခံမှာ ဖြစ်ပါတယ်။ ဒါကို ပုဂ္ဂလိက ကို လုပ်ကိုင်ခိုင်းမှာဖြစ်လို့ မီးလုံးဝ မပျက်စေရပါဘူး လို့ ပြောသွားပါတယ်။ အခုလို ဈေးနှုန်းတွေ အပြောင်းအလဲ မလုပ်ရင် အစိုးရက ဆက်လက်အရှုံးခံနေရမယ် ဆိုရင်တော့ နိုင်ငံ ဖွံဖြိုးရေး လုပ်ငန်းတွေ ကို လုပ်ဆောင်နိုင်တော့မှာ မဟုတ်ပါဘူးလို့ ဝန်ကြီးချုပ် က ပြောသွားပါတယ်” ဟု ရေးသားထားသည်။

 

ထိုသို့ လျှပ်စစ်မီတာခ ပြောင်းလဲ သတ်မှတ်လိုက်ပါက လျှပ်စစ်ဓာတ်အား မလုံလောက်မှု ဖြေရှင်းနိုင်ရန် အတွက် အဆိုပါ လုပ်ငန်းများကို ပုဂ္ဂလိကကို လုပ်ကိုင်ခွင်ပေးခြင်း ၊ ပညာရှင်များ လွှတ်တော်အမတ်များ နည်းလမ်း အမျိုးမျိုးအား ယခုကာလအတွင်း ဆွေးနွေးခြင်းများ လုပ်ဆောင်သွားရန် ရှိကြောင်း သိရသည်။

 

လှိုင်မြို့နယ်မဲဆန္ဒနယ်မှ ရန်ကုန်တိုင်းဒေသင်္ကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက “၂၀၁၇ အထိ ဒီအတိုင်း အရှုံးခံပြီးပေးမယ်။ ၂၀၁၈ ကျရင် ဒီအတိုင်း ဆက်သွားလို့ မရတဲ့အတွက် အကောင်းဆုံး အရှုံးခံပြီး လုပ်တာမဟုတ်တဲ့ နည်းလမ်းတစ်ရပ်ကို ကြိုတင်တိုင်ပင် စဉ်းစားပြီး လုပ်ရတော့မယ်။ ဒါပေမဲ့ တကယ်တမ်းတော့ အရမ်းကြီး မတက်ဖို့၊ တက်ဖို့က ချင့်ချိန်ကမှာပေါ့။ အစိုးရရော လွှတ်တော်ရော နားလည် တတ်ကျွမ်းသူတွေရော၊ ကုမ္ပဏီတွေရော၊ လူထုကိုယ်စားလှယ်တွေရော ၀ိုင်းပြီးဆွေးနွေးဖို့လိုတယ်။ အရင်တုန်းက မဟုတ်ဘဲ ပွင့်လင်းမြင်သားစွာ ကြိုလုပ်ထားတာ ဖြစ်တယ်။ တက်တော့မှ တက်တာ မဟုတ်ဘဲ။ လူထုကို ပွင့်လင်းမြင်သာစွာ ဖြစ်အောင်လို့ ရှင်းပြဖို့လိုတယ်” ဟု The Ladies News သို့ ပြောသည်။

 

၎င်းကဆက်လက်ပြီး လျှပ်စစ်မီတာခ ပြောင်းလဲကောက်ခံမှု မတိုင်ခင် အတောအတွင်း လျှပ်စစ်ဓာတ်အား မလုံလောက်မှု ဖြစ်ပေါ်နေဦး မည် ဖြစ်သည့် အတွက် မည့်သည့်အချိန်တွင် မီးပျက်မည့် မည်သည့် အချိန်တွင် မီးလာမည် ဆိုသည့်ကို ပြည်သူများအား ပွင့်လင်းမြင်သာ စွာဖြင့် ကြေညာပေးရန် လိုအပ်ကြောင်း ၄င်းမှ ၀န်ကြီးအား ပြောဆို ခဲ့ကြောင်း ဆိုသည်။

 

Photo - DDPC လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး FB

The Ladies News

No comments: