Thursday, December 29, 2016

မိုးပြာဂိုဏ်းကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီတဲ့ အသင်းအဖွဲ့အဖြစ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ကြေညာ

ဦးဉာဏဦးဆောင်တဲ့ မိုးပြာဂိုဏ်းလို့ လူသိများတဲ့ “ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာ” ဘာသာရေး အဖွဲ့အစည်းကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့ မညီညွတ်တဲ့ အသင်းအဖွဲ့ဖြစ်တယ်လို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဒီဇင်ဘာလ (၂၆) ရက်နေ့ ရက်စွဲနဲ့ သံဃမဟာနာယကအဖွဲ့ ဦးဆောင် သံဃာတော် (၁၄) ပါးက လက်မှတ်ရေးထိုး ကြေညာချက်ထုတ်ပြန်ထားတာ ကို ဒီကနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြလာတာပါ။ အဲ့ဒီလိုဖော်ပြတဲ့နေရာမှာတော့ “ပစ္စုပ္ပန်ကမ္မ ၀ါဒဗုဒ္ဓဘာသာ” ဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆၁ နဲ့ ၃၆၂ ပါ ပြဋ္ဌာန်းချက်တွေအရ ညီညွတ်မှု မရှိဘူးလို့ ဖော်ပြထားတာဖြစ်ပါတယ်။

ဒါ့အပြင် “ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာ” ဟာ “ထေရ၀ါဒဗုဒ္ဓဘာသာကို စော်ကားဖို့နဲ့ ဗုဒ္ဓဘာသာကို ကြည်ညိုကိုးကွယ်သူတွေရဲ့ ဘာသာရေးစိတ်ကို နာကြည်းစေရန် အကြံဖြင့် ပြုမူဆောင်ရွက်နေတယ်လို့လည်း အဲ့ဒီကြေညာချက်မှာ ဖော်ပြထားတာပါ။ ဒါကြောင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မတွေအရ ဆောင်ရွက်သွားမယ်လို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ပြောကြားထားပါတယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆၁ မှာတော့ “နိုင်ငံတော်သည် ဗုဒ္ဓဘာသာသာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာ ဖြစ်သော ဂုဏ်ထူးဝိသေသနှင့်ပြည့်စုံသည့် ဘာသာသာ သနာဖြစ်သည်ဟု နိုင်ငံတော်က အသိအမှတ်ပြုသည်။” လို့ ဖော်ပြထားတာပါ။

ဒါ့အပြင် ပုဒ်မ ၃၆၂ မှာတော့ “နိုင်ငံတော်သည် ခရစ်ယာန်ဘာသာသာသနာ၊ အစ္စလာမ်ဘာသာသာသနာ၊ ဟိန္ဒူ ဘာသာသာသနာနှင့် နတ်ကိုးကွယ်သောဘာသာတို့ကို ဤဖွဲ့စည်းပုံအခြေခံဥပဒေအာဏာ တည်သောနေ့၌ နိုင်ငံတော်တွင် ရှိနေကြသော ကိုးကွယ်ရာဘာသာများဟူ၍ အသိအမှတ်ပြုသည်။” ဟု ဖော်ပြထားတာဖြစ်ပါတယ်။

MCN

No comments: