Thursday, December 29, 2016

  မြောက်ဦးမြို့ ရှေ့ဟောင်း နယ်မြေများတွင် သောက်စားမူးယစ်ပြီး ဆောင်းဘောက်တီးကခုန်ခြင်းများကို တားမြစ်သွားမည်


ရခိုင်ပြည်နယ် ရှေးဟောင်းအမွေအနှစ်များတည်ရှိရာမြောက်ဦးမြို့ရှိ စေတီပုထိုးများ အနီးတွင် သောက်စားမူးယစ်ပြီး ဆောင်းဘောက်တီးကခုန်ခြင်းများကို မပြုလုပ်ရန် တားမြစ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ သျှစ်သောင်းဂေါပကအပါအဝင် မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရှေး/သု ဌာန၊ ရပ်မိ၊ရပ်ဖ၊ လူငယ်အသင်းအဖွဲ့များစုပြီး ဒီဇင်ဘာလ ၂၈ ရက်နေ့က သျှစ်သောင်းသိမ်တော်တွင် အစည်းအဝေးတစ်ရပ်ပြုလုပ်ကာ မြောက်ဦးမြို့နယ် ယဉ်ကျေးမှုဆိုင်ရာ စည်းကမ်း ထိန်းသိမ်းမှုဖြစ်မြောက်ရေးကော်မတီ(ယာယီ)အဖွဲ့အား ဖွဲ့စည်းထားခဲ့ကြောင်း သိရသည်။

ယင်းသို့တားမြစ်ခြင်းအား ဂေါပကအဖွဲ့အပါအဝင် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ယာယီကော်မတီတို့မှပူးပေါင်းပြီး ဘုရားပုထိုးအနီးတွင် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း မြောက်ဦးမြို့နယ် အမျိုးသားတက်ကြွလှုပ်ရှားသူ ဦးထွန်းနိုင်ဝင်းကဆိုသည်။

ယင်းမြောက်ဦးမြို့ရှိ သျှစ်သောင်း၊ ထုက္ကန်သိမ်၊ အံတော်သိမ် ပတ်ဝန်းကျင်နှင့် မာန်(၅)ပါးစေတီပုထိုးများအနီးတွင် အရက်မူးပြီး ဆောင်းဘောက်များနှင့် ကခုန် သွားလာနေကြသည်မှာ အလွန်သရုပ်ပျက်သည်အတွက် ထိုကဲ့သို့ တားမြစ်ရခြင်း ဖြစ်ကြောင်းသိရသည်။

"လာတဲ့ကားတွေကို ဟန့်တားမယ်။ ဗီနိုင်း ဒါမှမဟုတ်စာရွက်တွေနဲ့ ဘုရားပုထိုး ပတ်ဝန်းကျင်အနီးမှာ သောက်စားမူးယစ်ခြင်း၊ ဆောက်ဘောက်တီးပြီး ကခုန်ခြင်း မပြုရ ဆိုပြီးတော့ စာတွေကိုလည်းကပ်သွားမယ်" ဟု ဦးထွန်းနိုင်ဝင်းကပြောသည်။

ယင်းမြောက်ဦးမြို့သို့ တစ်ခြားမြို့နယ်များမှနေ လာရောက်ကြသည့် အထူးသဖြင့် ကျောင်းသားဘော်ဒါဆောင်များမှလူငယ်များမှာ ကားတွင်--- ဘော်ဒါဆောင် လေ့လာရေးခရီးစဉ်၊ ----- ဘော်ဒါဆောင် ဘုရားဖူးခရီးစဉ်ဆိုသည့် ဗီနိုင်းများကပ်ကာ လာကြကြောင်း၊ သို့သော် အမှန်တကယ်မှာ ဘုရားဖူးခရီးစဉ်၊ လေ့လာရေး ခရီးစဉ် များနှင့်မတူကြောင်း ၎င်းကဆိုသည်။

"ကျောင်းသားတွေက ဒုတ်တွေကိုင်၊ အရက်ပုလင်းတွေကိုင်၊ ဘီယာဗူးတွေ ကိုင်ပြီးတော့ ကားပေါ်မှာလည်း ဆောင်းဘောက်တွေတင်ပြီးတော့ ပတိရူပမကျတဲ့ နိုင်ငံခြားသီချင်းတွေကိုဖွင့်ပြီး ကခုန်တာတွေ၊ သောက်စားတာတွေ မြင်တွေ့ရတယ်" ဟု ဦးထွန်းနိုင်ဝင်းကပြောသည်။

လာမည့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် တစ်မြို့နယ်လုံးကိုယ်စားပြုသည့် မြို့နယ် လုံးကျွတ် အစည်အဝေးတစ်ရပ်အားကျင်းပကာ ကော်မတီတစ်ရပ်အားဖွဲ့စည်းသွားမည် ဖြစ်ကြောင်းသိရသည်။

BY နေ၀င်းစံ
Rakhine Gazette

No comments: