Tuesday, November 29, 2016

အစိုးရ၏ ချေးငွေများနှင့် ပတ်သက်၍ လွှတ်တော်တွင် ထောက်ပြဝေဖန်ခဲ့မှုအပေါ် ဦးဝင်းထိန်က ခေါ်ယူသတိပေးပြီးနောက် လွှတ်တော်ကော်မတီမှ ထုတ်ပယ်ခံရကြောင်း မင်္ဂလာဒုံမြို့နယ် NLD ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်း ပြောကြား

လွှတ်တော်ကော်မတီမှ ထုတ်ပယ်ခံရမှုနှင့် ပတ်သက်၍ မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်း ရှင်းလင်းပြောကြားစဉ်

မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းအား ၎င်း၏ စီးပွားရေးနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ ပယ်ဖျက်လိုက်ကြောင်း နိုဝင်ဘာ ၂၈ ရက်ကပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဥက္ကဋ္ဌဦးဝင်းမြင့်က လွှတ်တော်သို့ အသိပေးတင်ပြချက်အရ သိရသည်။

ထိုသို့ ကော်မတီဝင်အဖြစ်မှ ထုတ်ပယ်ခံခြင်းမှာ နိုဝင်ဘာ ၂၂ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီထံမှ ချေးငွေရယူ ရန်ကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးမှုနှင့် ပတ်သက်၍ဖြစ်နိုင်ကြောင်း ဦးအောင်လှိုင်ဝင်းက ပြောကြားသည်။

 

ဦးအောင်လှိုင်ဝင်း၏ ဆွေးနွေးချက်များသည် အစိုးရ၏ သွားနေသည့်လမ်းကြောင်းကို အကျပ်အတည်း ဖြစ်စေသောကြောင့် ထိုသို့မလုပ်သင့်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က နိုဝင်ဘာ ၂၃ ရက်တွင် ခေါ်ယူသတိပေးပြီးနောက် ထိုသို့ကော်မတီမှ အထုတ်ခံရခြင်းဖြစ်ကြောင်း ဦးအောင်လှိုင်ဝင်း၏ ပြောကြားချက်အရ သိရသည်။

“ကျွန်တော်တို့က စလာကတည်းက ပါတီမှာလည်း လက်မှတ်ထိုးထားတယ်။ ပါတီရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပါ့မယ်ဆိုပြီးတော့။ ကျွန်တော်ကတော့ စည်းမျဉ်း စည်းကမ်းမှာ လိုက်နာပါတယ်။ ပါတီရဲ့မူဝါဒကို လိုက်နာတယ်။ တိုင်းရင်းသားအရေးကို ဦးစားပေးပြီးတော့ ကျန်တဲ့ဒေသတွေမှာပါ တိုင်းရင်းသားတွေပါ ဦးစားပေးပြီးတော့ လုပ်ပေးသင့်တယ်လို့ ပြောတာဟာ ပါတီရဲ့မူလို့ ယုံကြည်တဲ့အတွက် ကျွန်တော်ဆွေးနွေးခဲ့တယ်။ ဆွေးနွေးခဲ့တဲ့အပေါ်မှာ သဘောထားကွဲလွဲမှုတွေ ဖြစ်တယ်။ လူကြီးတွေက ခေါ်ပြီးတော့ သတိပေးခံရတယ်။ အဲဒါကြောင့်ပါ” ဟု ဦးအောင်လှိုင်ဝင်းက ပြောကြားသည်။

သို့ရာတွင် ဆက်လက်၍လည်း ပါတီလူကြီးပိုင်းများနှင့် သဘောထားကွဲလွဲမှုများ ရှိနေနိုင်မည်ဖြစ်ပြီး မှန်ကန်သည့် အကြောင်းအရာများကို ဆက်လက်တင်ပြမည် ဖြစ်ကြောင်းနှင့် ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးချက်များသည် ပါတီ၏ မူဝါဒများ ကိုက်ညီသည်ဟု လက်ရှိအချိန်ထိ ယုံကြည်ထားကြောင်း၊ ပါတီလူကြီးများအနေဖြင့် အခက်အခဲဖြစ်နိုင်သည့် အနေအထား ဖြစ်နိုင်သောကြောင့် အရေးယူသည့် ကိစ္စဟု ယူဆသဖြင့် အရေးယူခြင်းဖြစ်ကြောင်း မိမိအနေဖြင့် ပြည်သူများ၏ ကိုယ်စားလှယ်ဖြစ်သောကြောင့် ဆွေးနွေးစရာရှိသည်များကို ထိန်းထိန်းသိမ်းသိမ်းဖြင့် ဆက်လက်ဆွေးနွေးသွားရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ အရေးယူခဲ့ခြင်းမှာ ဆွေးနွေးရာတွင် ပိုမိုသတိထားကိုင်တွယ်ရမည့် အနေအထားဖြစ်ကြောင်း၊ NLD ပါတီ ကိုယ်စားလှယ်များအနေဖြင့် မေးခွန်းများ မေးမြန်းရာတွင် ပါတီ၏ခွင့်ပြုချက်ဖြင့်သာ မေးခွန်းတင်ရကြောင်း၊ သို့ရာတွင် ဆွေးနွေးချက်များနှင့် ပတ်သက်၍ ပါတီသို့တင်ပြရမည်ဟု ညွှန်ကြားချက်မရှိကြောင်း၊ ထို့ကြောင့် ကိုယ်ယုံကြည်ရာကို ဆွေးနွေးခွင့်ရှိကြောင်း၊ ယခု ဆွေးနွေးချက်သည်လည်း ပါတီ၏မူဝါဒနှင့် ကိုက်ညီသည်ဟု ယူဆသောကြောင့် ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း၊ နောင်လွှတ်တော်တွင်း ဆွေးနွေးချက်များနှင့် ပတ်သက်၍ ပါတီသို့ တင်ပြရမည့် အခြေအနေလည်း ဖြစ်လာနိုင်ကြောင်း၊ မိမိသည် ပါတီ၏ညွှန်ကြားချက်ကို မချိုးဖောက်ကြောင်း၊ လွှတ်တော်တွင် ဆွေးနွေးချက်များကို ပါတီသို့တင်ပြစေခိုင်းခြင်း မရှိသောကြောင့် လွတ်လပ်စွာ ဆွေးနွေးခွင့်ရှိသည့် သဘောရှိသည်ဟု ယူဆသောကြောင့် ထိုသို့ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ဆွေးနွေးမှုအပေါ် ပါတီလူကြီးများနှင့် သဘောထား ကွဲလွဲခဲ့ခြင်းဖြစ်ကြောင်း ဦးအောင်လှိုင်ဝင်းက ပြောကြားသည်။

ထို့ပြင် မိမိတို့သည် နိုင်ငံရေးလောကသို့ ၀င်ရောက်သည်မှာ မကြာသေးသောကြောင့် အစိုးရနှင့် လွှတ်တော် check and balance ဟု စာအုပ်ထဲတွင်ပါသည့် သီအိုရီအရ ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း၊ ဆွေးနွေးချက်သည် နိုင်ငံရေးသီအိုရီအရ မှန်ကန်၍ ယူဆကြောင်း သို့ရာတွင် ပါတီလူကြီးများက လက်ရှိမြေပြင် အခြေအနေနှင့် ယခုကိစ္စများသည် မပြောသင့်သေးဟု ယူဆသောကြောင့် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ထင်မြင်ကြောင်း နှင့် မိမိတို့သည် ပါတီမှရွေးချယ်ထားသူများ ဖြစ်သောကြောင့် ပါတီလူကြီးများ၏ ပြောစကားများနှင့် ပတ်သက်၍ ပြန်လည်မပြောဆိုလိုကြောင်း၊ သို့ရာတွင် ပြည်သူ၏အကျိုး၊ မဲဆန္ဒနယ်မြေ၏အကျိုးတို့နှင့် ပတ်သက်လာပါက ပြောသင့်ပြောထိုက်သည်များကို ပြောဆိုရမည်ဖြစ်ကြောင်း၊ မှန်ကန်မှု ရှိ မရှိကို ပြည်သူက ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ဦးအောင်လှိုင်ဝင်းက ပြောကြားသည်။

“ကျွန်တော်လွှတ်တော်မှာ ဆွေးနွေးခဲ့တယ်ပေါ့။ ဒါနဲ့ပတ်သက်ပြီးတော့ အခုထက်ထိပေါ့ ကျွန်တော်ကတော့ နောင်တရတာမျိုးတော့ မရှိဘူး။ လူကြီးတွေက ဒီအတွက် ထပ်ပြီး အပြစ်ပေးမယ်ဆိုရင်လည်း ကျွန်တော်တို့က ခံရတော့မှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ခုထက်ထိတော့ ကျွန်တော်ယုံကြည်နေတုန်းပဲ။ မှန်တဲ့အကြောင်းအရာကို ဆွေးနွေးတယ်လို့ ကျွန်တော်ယုံကြည်နေတယ်ပေါ့။ ဒီအပေါ်မှာ အပြစ်ပေးခံရတဲ့ပုံစံမျိုး ဖြစ်တဲ့အပေါ်မှာတော့ ကျွန်တော်မပြောတတ်ဘူးပေါ့။ ဒါကတော့ တစ်ယောက်နဲ့ တစ်ယောက် အမြင်မတူ တာတွေလည်းရှိမှာပေါ့။ တိုင်းရင်းသား ကိုယ်စားလှယ်တွေဆို ဒီနေ့ ကျွန်တော့်ကို စာအုပ်တွေ လက်ဆောင်လာပေးတယ်ပေါ့။ ဒီဆွေးနွေးတဲ့အပေါ်မှာ အင်မတန်ကောင်းတဲ့ ဆွေးနွေးချက်ဖြစ်တယ်။ သူတို့တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်ဖြစ်တယ်ဆိုပြီးတော့ပေါ့။ ဒီအပေါ်မှာတော့ ထွေထွေထူးထူး နောင်တရတာမျိုး၊ မဆွေးနွေးသင့်ဘူး ဒီလိုမျိုးတော့လို့ မမြင်ဘူးပေါ့နော်။ ဒါသဘောထားကွဲလွဲမှု တစ်ခုပါပဲ။ ဒီမိုကရေစီမှာ ဖြစ်နေတဲ့ သဘောတရားတစ်ခုပါပဲ။ လူကြီးပိုင်းနဲ့ လူငယ်ပိုင်း အပေါ်မှာ သဘောထားကွဲလွဲမှု တစ်ခုပေါ့။ လူငယ်ကတော့ မှန်တဲ့ဟာကို ပြောတယ်ဆိုတဲ့ပုံစံမျိုး ပြောတယ်ပေါ့။ အရင်ကလည်း ကျွန်တော့်ကိုခေါ်ပြီး သတိပေးတာရှိတယ်။ အကျပ်အတည်းဖြစ်စေမယ့် မေးခွန်းမျိုးတွေ မပြောဖို့ပေါ့နော်။ ခေါ်ယူသတိပေးတာမျိုး ရှိတဲ့အခါကျတော့ ဒီတစ်ကြိမ်တော့ အရေးယူတဲ့ အဆင့်ဖြစ်လာတာပေါ့” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောကြားသည်။

ဆက်လက်၍ ဦးအောင်လှိုင်ဝင်းက မိမိကိုယ်မိမိ လုံခြုံမှုရှိကြောင်း၊ မိမိ၏ ဆွေးနွေးချက်များသည် လွှတ်တော်တွင် ဆွေးနွေးချက်များဖြစ်သည့်အတွက် လွှတ်တော်ဆိုင်ရာ စည်းမျဉ်းစည်းကမ်း ဥပဒေဖြင့်သာ အရေးယူခံရနိုင်ပြီး အခြားဥပဒေများနှင့် အရေးယူ ခံရနိုင်ခြင်းမရှိကြောင်း၊ ဥပဒေအရ လွှတ်တော်ကိုယ်စားလှယ်များဘက်တွင် လွတ်လပ်စွာ ဆွေးနွေးခွင့်ရှိနေပြီး ဆွေးနွေးရဲချင်း မဆွေးနွေးရဲခြင်းသည် တစ်ဦးတစ်ယောက်ချင်းအပေါ် မူတည်ကြောင်း ဦးအောင်လှိုင်ဝင်းက ပြောကြားသည်။

နိုဝင်ဘာ ၂၂ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်တွင် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်-၃) တည်ဆောက်ရေး စီမံကိန်း အကောင်အထည်ဖော် တည်ဆောက်ရန်အတွက် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီထံမှ ဂျပန်ယန်း ၃၁ ဒသမ ၀၅၁ ဘီလျံ ချေးယူမည့်ကိစ္စနှင့် စပ်လျဉ်း၍ ဦးအောင်လှိုင်ဝင်းက ဆွေးနွေးစဉ် ဦးအောင်လှိုင်ဝင်းက ဆင်းရဲချမ်းသာကွာဟမှု နည်းလိုပါက ပြည်ပချေးငွေများနှင့် ပတ်သက်၍ မဖွံ့ဖြိုးသေးသည့် ဒေသများသို့ ဦးစားပေးဆောင်ရွက်ပေးသင့်ကြောင်း ထည့်သွင်းဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါအစည်းအဝေးတွင် ယင်းကိစ္စနှင့် ပတ်သက်၍ ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာသက်သက်ခိုင်၊ မင်္ဂလာဒုံမဲဆန္ဒနယ်မှ ဦးအောင်လှိုင်ဝင်းနှင့် ကျိုက်လတ်မဲဆန္ဒနယ်မှ ဦးရန်လင်းတို့က ဆွေးနွေးခဲ့ကြသည်။              

 

Writer: 

ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

No comments: