Friday, November 25, 2016

NLD ရှမ်းပြည် ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုးနှင့် တောင်ကြီးခရိုင် ဥက္ကဋ္ဌ ဦးတင်မောင်တိုး တို့ နှစ်ဦး၏ အယူခံလွှာ ပယ်ချ

ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုးနှင့် တောင်ကြီးခရိုင် ဥက္ကဋ္ဌ ဦးတင်မောင်တိုး တို့ နှစ်ဦး၏ အယူခံလွှာကို နိုဝင်ဘာ ၂၅ ရက်က ပြုလုပ်သည့် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ပယ်ချခဲ့ကြောင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က မီဒီယာများသို့ ပြောသည်။

 

“တောင်ကြီးအမှုက အယူခံ ၃ ခုရှိတယ်၊ ဒေါ်ခင်မိုးမိုးရယ်၊ တင်မောင်တိုး ရယ်ကတော့ အယူခံ ပလပ်လိုက်တယ်၊ သူတို့ ရှူံးသွားတယ်ပေါ့။ ဒေါ်မီးမီးနဲ့ ဒေါ်ယူမီဇော်ကတော့ သူတို့ အယူခံလွှာကို လက်ခံလိုက်တယ်၊ အရင် တာဝန် ပြန်ပြီးတော့ ပေးအပ်မှာပေါ့” ဟု ဦးဝင်းထိန်က ပြောသည်။

 

ပြည်နယ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ ဖွဲ့စည်းပေးရန်အတွက် ပြီးခဲ့သည့် စက်တင်ဘာ လဆန်းက ရှမ်းပြည်နယ်သို့ ဦးဝင်းထိန် သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း တောင်ကြီးခရိုင် ဥက္ကဋ္ဌ ဦးတင်မောင်တိုး အား နှုတ်မိန့်ဖြင့် ထုတ်ပယ်ခြင်း ပြည်နယ်ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုး၊ ဒေါ်မီးမီးနှင့် ဒေါ်ယူမီဇော်တို့အား ရာထူးလျှော့ချမှုများ ပြုလုပ်ခဲ့သည်။

 

အယူခံခုံရုံးအဖွဲ့က ချမှတ်လိုက်သည့် ဆုံးဖြတ်ချက်ကို ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် အတည်ပြုလိုက်ခြင်း ဖြစ်ကြောင်းလည်း ဦးဝင်းထိန်က ဆက်လက် ပြောဆိုခဲ့သည်။

 

“စုံခုံခေါင်းဆောင်ကို လှမ်းမေးတော့ သူဘာမှ မသိသေးဘူး ပြောတယ်။ မူလကတော့ စီအီးစီ အစည်းအဝေးက ၂၆ မှာ လုပ်မယ်။ အဲ့ဒီကိုပဲ report တက်ထားတယ် ပြောတယ်။ အခုဟာက ၂၆ မဟုတ်ဘဲ ၂၅ ဆိုတော့ စောစောထုတ်ထာပေါ့။ တိတိကျကျတော့ မထုတ်ပြန်သေးဘူး၊ ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ကျွန်မတို့ အတိအကျသိပြီဆိုရင် ပြည်သူကို ချပြစရာတွေ ရှိပါတယ်။ အဲ့ဒီကျတော့မှပဲ ကျွန်မတို့ အပြည့်အစုံသိမှာပါ။ ကျွန်မတို့ဘက်က ဘယ်လို အထောက်အထားတွေ တင်ခဲ့တယ်။ ဘယ်လို ဓာတ်ပုံတွေ စာရွက်စာတမ်း သက်သေတွေ တင်ခဲ့တယ်ဆိုတာ ချပြမှာပါ” ဟု အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ ဒေါ်ခင်မိုးမိုးက နိုဝင်ဘာလ ၂၅ ရက်နေ့ နေ့လယ်ပိုင်းက The Ladies သို့ ပြောသည်။

 

ရှမ်းပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည့် ဒေါ်ခင်မိုးမိုးသည် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကာလက ပြည်နယ်အောင်နိုင်ရေး အဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်မှု မရှိဟုဆိုကာ အရေးယူခဲ့ခြင်းဖြစ်သည်ဟု အန်အယ်လ်ဒီ ပါတီတာဝန်ရှိသူ ဖြစ်သည့် ဦးဝင်းထိန်က ယခင်က မီဒီယာများကို ပြောဆိုထားသည်။

 

“ကျွန်တော်ကတော့ ဘာမှမသိရသေးဘူး ၊သူတို့ ပြောထားတာ နိုဝင်ဘာ ၂၆ ရက်ကို စီအီးစီ အစည်းအဝေး တင်မယ်လို့ ပြောတာလေ၊ အဲ့ဒါပဲ သိရသေးတယ်။ အယူခံဝင်ဖို့ ကတော့ သူတို့ ဘယ်လို ဆုံးဖြတ်လဲဆိုတာ ကြည့်လိုက်ဦးမယ်” ဟု ဦးတင်မောင်တိုးက နိုဝင်ဘာလ ၂၅ ရက်နေ့ နေ့လယ်ပိုင်းတွင် The Ladies သို့ ပြောသည်။

 

တောင်ကြီးခရိုင်ပါတီ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည့် ဦးတင်မောင်တိုးကို ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို ပုတ်ခတ်စော်ကားသည့် စာသာများ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားခဲ့ခြင်းကြောင့် အရေးယူခဲ့ခြင်း ဖြစ်သည်ဟု ဦးဝင်းထိန်က ပြောခဲ့ကြောင်း မီဒီယာအချို့တွင် ဖော်ပြထားသည်။

 

နေပြည်တော် စည်ပင်ဧည့်ရိပ်သာတွင် ကျင်းပခဲ့သည် ဗဟိုအလုပ် အမှုဆောင် အစည်းအဝေးသို့ ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဦးထွန်းထွန်းဟိန်၊ ဒေါက်တာဇော်မြင့်မောင်၊ ဒေါက်တာအောင်မိုးညို၊ မန်းဂျော်နီ၊ ဦးဖြိုးမင်းသိန်း၊ ဦးညီပု၊ ဦးဟံသာမြင့်၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဒေါက်တာမေဝင်းမြင့် စသည့် ဗဟိုအလုပ်အမှုဆောင်များ တက်ရောက် ခဲ့ကြသည်။

 

ဇော်မင်းထွန်း

The Ladies News

No comments: