Tuesday, November 29, 2016

၈ နှစ်အရွယ် မိန်းကလေးအား အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ရန် ကြံရွယ်သည့် ပထွေးကိုအမှုဖွင့်

 


စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ စစ်ရင်ကျေးရွာတွင် ၈နှစ်အရွယ် မိန်းကလေးတစ်ဦးအား အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ရန်ကြံရွယ်သည့်ပထွေးကို နိုဝင်ဘာလ(၂၇)ရက်က ချင်ပြစ်နယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်း မိသားစုဝင်များထံမှ သိရသည်။
“မိခင်ဖြစ်သူက ရွာထဲကလူ ဖုန်းငှားသွားလို့ ပြန်သွားယူချိန် မသင်္ကာလို့ လမ်းတစ်ဝက်မှာပဲ ပြန်လာပြီး ပိတ်ထားတဲ့အပေါက်ကို ဖွင့်လိုက်တော့ကလေးမလေးကိုပြုကျင့်နေတာတွေ့လိုက်ရတာပါ။ ယောက်ျား ဖြစ်သူက မိန်းမဖြစ်သူလည်ပင်းကို ဆံပင်နဲ့ရစ်ပြီး ဒီကိစ္စကို တစ်ခြားလူတွေကိုပြောရင် နင်တို့သားမိ ၃ ယောက်လုံး သတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်။ ကျွန်မညီမက ကြောက်တော့ ကျွန်မကို နိုဝင်ဘာလ ၂၂ ရက်ကမှ ပြောပြခဲ့လို့သိခဲ့ရတာပါ”ဟု အဆိုပါ မိန်းကလေး၏အဒေါ်ဖြစ်သူက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက် ညနေပိုင်းက ယင်းမိန်းကလေး၏ မိခင်ဖြစ်သူအိမ်အပြင်သွားနေခိုက် အရက် သေစာမူးယစ်နေသည့် ပထွေးဖြစ်သူမှ မယားပါသမီးဖြစ်သူ အသက်(၈)နှစ်အရွယ် ဒုတိယတန်းကျောင်းသူ အား နေအိမ်အတွင်း သားမယားအဖြစ် ပြုကျင့်ရန်လုံးထွေးနေစဉ် မိခင်မှပြန်လည်ရောက်ရှိလာပြီး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီအမှုနဲ့ပတ်သတ်ပြီး ပုလဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ ချင်ပြစ်နယ်မြေရဲစခန်းမှူးနဲ့ ပုလဲမြို့ ပြည်သူ့ဆေးရုံက ဆေးရုံအုပ်ကြီးတို့နဲ့ တွေ့ဆုံမယ်။ ကြံစည်ရုံပဲ ကြံစည်ရသေးတာလား အထမြောက် သလားဆိုတာ ဆရာဝန်ရဲ့ဆေးစစ်ချက်မှာမှ သိရမှာပါ။ ကာယကံမြောက် ကျူးလွန်တယ်ဆိုရင် တရားဥပဒေ လမ်းကြောင်းအရ မှန်မှန်ကန်ကန်လုပ်ဖို့ ဆက်လက်ဆောင်ရွက်သွားမယ်”ဟု ပုလဲမြို့နယ်၊ မဲဆန္ဒနယ် အမှတ် ၁ မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်က ပြောသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့က ပုလဲမြို့ ပြည်သူ့ဆေးရုံကြီးသွားရောက်၍ အဆိုပါမိန်းကလေးအား ဆေးစစ်၍ မေးမြန်းရာတွင် အမျိုးသမီးအင်္ဂါအတွင်း ပွန်းခြစ်ရာနှင့် သွေးခြေဥတွေ့ရှိသည်ဟု အဒေါ်ဖြစ်သူက ပြောသည်။"အခု အမှုဖြစ်တာက မြို့မရဲစခန်းအပိုင် နယ်မြေထဲမှာဖြစ်တာ မဟုတ်ပါဘူး၊ အမှုကို ချင်ပြစ်နယ် မြေရဲ စခန်းက ကိုင်တာပါ။ ပြစ်မှုကြူးလွန်သူကို ၂၇ ရက်နေ့က ပုလဲမြို့ပြည်သူ့ဆေးရုံကြီးမှာ ဆေးစစ်ပြီး မြို့မရဲစခန်းကို လွှဲပြောင်းပေးခဲ့ပါတယ်" ဟု ပုလဲမြို့မရဲစခန်းမှ စခန်းမှူးထွန်းကျော်က ပြောသည်။

အသက် ၄၅ နှစ်အရွယ် ပထွေးဖြစ်သူအား ဥပဒေအရ အရေးယူပေးရန် နိုဝင်ဘာလ ၂၇ ရက်က မိခင်ဖြစ်သူမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် ပုလဲမြို့နယ်၊ ချင်ပြစ်နယ်မြေရဲစခန်းတွင် (ပ)၂၇/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ အရ အမှုဖွင့်ထားကြောင်း သိရသည်။

ရတနာပုံ သတင်းစာ

No comments: