Tuesday, November 29, 2016

ဦးလေးနှင့်တူ စကားများရာမှ ဝါးလုံးဖြင့်ရိုက်၍ ဦးလေးဖြစ်သူသေဆုံး


 


ဇင်းကျိုက် နိုဝင်ဘာ ၂၈

ပေါင်မြို့နယ် တပ်မှူးချောင်ကွင်း တပ်မှူးချောင်ကျေးရွာ၌ ဦးလေးဖြစ်သူနှင့် တူတော်စပ်သူတို့ စကားများကြရာမှ တူဖြစ်သူက ဦးဖြစ်သူအား ဝါးလုံးဖြင့်ရိုက်ခြင်း၊ ခြေထောက်ဖြင့်ဆောင့်ကန်ခြင်းများ ကြောင့် ဦးလေးဖြစ်သူမှာ ဒဏ်ရာ များရရှိပြီး ယခုလ ၂၅ ရက် မွန်းလွဲ ၁၂ နာရီခွဲက မော်လမြိုင် ဆေးရုံကြီးတွင် သေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရဲအုပ်အောင်မင်း ထွန်းသည် ဇင်းကျိုက်ရဲကင်းစခန်း တွင် စခန်းမှူးတာဝန် ဆောင်ရွက် နေစဉ်ပေါင်မြို့နယ်ဖလပ်ရပ်ကွက်၊ နယ်မြေ(၅)၊ ကျောက်သင်္ဘောလမ်း နေ ကိုသန်းထိုက်(၄၁နှစ်)ဆိုသူမှာ ဦးခေါင်းဝဲယာ ဖူးရောင်ဒဏ်ရာ၊ ယာနားနောက် ပွန်းပဲ့ဒဏ်ရာ၊ ဝဲယာနံရိုးဘေး ပွန်းပဲ့ဒဏ်ရာများ ရရှိပြီး မော်လမြိုင်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဉ် ယခုလ၂၅ ရက် မွန်းလွဲ ၁၂ နာရီခွဲက သေဆုံး ခဲ့သဖြင့် မော်လမြိုင်ဆေးရုံကြီး မှ ဇင်းကျိုက်ရဲကင်းစခန်းသို့ ဖုန်း ဖြင့် အကြောင်းကြားရာ သွား ရောက်စစ်ဆေးမှုများ ဆောင်ရွက် ခဲ့သည်။

ဆက်လက်၍ ကိုသန်းထိုက် သေဆုံးမှုနှင့်ပတ်သက်၍ စုံစမ်း စစ်ဆေးခဲ့ရာ ယခုလ ၂၄ ရက် မွန်းလွဲ ၂ နာရီခန့်က သေဆုံးသူ ကိုသန်းထိုက်၏ဖခင်ဖြစ်သူပိုင်ဆိုင် သော ပေါင်မြို့နယ် တပ်မှူးချောင် ကွင်း ကွင်းအမှတ်(၇၉၃)လယ်ထဲ တွင် ကိုသန်းထိုက် ၄င်း၏တူတော် စပ်သူ စည်သူထက် (၂၆ နှစ်) ကျောက်သင်္ဘောလမ်း အပိုင်း(၅) ဖလပ်ရပ်ကွက် ဇင်းကျိုက်မြို့ပေါင် မြို့နယ် လယ်ဦးစီး ဦးဝင်းလှိုင် (၄၃ နှစ်)၊ တပ်မှူးချောင်ကွင်း ကွင်းအမှတ်(၇၉၃) တပ်မှူးချောင် ကျေးရွာ ပေါင်မြို့နယ် မောင်မနွမ်း စွမ်း(၁၃ နှစ်)၊ တပ်မှူးချောင်ကွင်း ကွင်းအမှတ်(၇၉၃) တပ်မှူးချောင် ကျေးရွာ ပေါင်မြို့နယ်နေသူတို့ လေးဦးရှိနေစဉ် စည်သူထက်က ဦးလေးတော်စပ်သူ ကိုသန်းထိုက် အား ထမင်းချက်ပေးခြင်းမရှိဘဲ အရက်ကြီးပဲသောက်နေကြောင်း ပြောရာမှစ၍ စကားများကြရာ စည်သူထက်က ကိုသန်းထိုက် အား ခြေထောက်ဖြင့် ရင်ဘတ် အား နှစ်ချက်ဆောင့်ကန်ခြင်း၊ ဝါးလုံးဖြင့်ရိုက်ခြင်းများ ပြုလုပ်ခဲ့ သဖြင့် ကိုသန်းထိုက်မှာ ဒဏ်ရာ များရရှိခဲ့ကြောင်းနှင့် ၄င်းအား မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင် ကုသခဲ့ရာ ယခုလ ၂၅ရက် မွန်းလွဲ ၁၂ နာရီခွဲက သေဆုံးခဲ့ကြောင်း သိရှိခဲ့သဖြင့် ကိုသန်းထိုက်သေ ဆုံးရခြင်းနှင့်ပတ်သက်၍ စည်သူ ထက်အား ရဲအုပ်အောင်မင်းထွန်း ကတရားလိုပြုလုပ်ကာ ပေါင်မြို့မ ရဲစခန်းက(ပ)၂၈၁/၂ဝ၁၆၊ ရာဇ သတ်ကြီး ပုဒ်မ-၃ဝ၂ဖြင့် အမှု ဖွင့် အရေးယူဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

နေခြည်(ဇင်းကျိုက်)
The Union Daily

No comments: