Saturday, November 26, 2016

ကျိုင်းတုံတွင် ပင်စိမ်းသီးများအောက်၌သိုဝှက်သယ်ဆောင်လာသည့် စိတ်ကြွမူးယစ်ဆေးများဖမ်းဆီးရမိ


.
(ကျိုင်းတုံ   နိုဝင်ဘာ   ၂၅)
.
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့တွင် နိုဝင်ဘာလ(၂၅)ရက် နေ့လည်ပိုင်းက ပင်စိမ်းသီးများ
အောက်သိုဝှက်သယ်ဆောင်လာသည့် စိတ်ကြွမူးယစ်ဆေးများ ဖမ်းဆည်းရမိကြောင်းသိရသည်။
.
ကျိုင်းတုံမြို့ လွယ်လုံကျေးရွာအုပ်စု ၀မ်ပျန်ကျေးရွာနေ အားဘောင် နှင့်နာဒေါ (အားဘောင်၏ ဇနီး) တိုက ရွှေမိုင်းယောင်းကားဂိတ်သို့  ပို့ဆောင်ခိုင်းစဉ် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း  မူးယစ်တပ်ဖွဲ့စု(၂၈)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
.
ကျိုင်းတုံမြို့မူးယစ်တပ်ဖွဲ့စု(၂၈)မှရဲအုပ်မြင့်အောင် ဦးစီးတပ်ဖွဲ့ဝင်များနှင့် သက်သေများသည် နိုဝင်ဘာ
လ(၂၅)ရက်မွန်းလွဲ(၁)နာရီခွဲခန့်က သတင်းအရကျိုင်းတုံမြို့အမှတ်(၁)ရပ်ကွက်၊နောင်လျဲန်ရပ်၊ရွှေမိုင်းယောင်း
ကားဂိတ်အနီး ရွှေနှင်းဆီလမ်း၌ စောင့်ဆိုင်းနေစဉ် မော်တော်ဆိုင်ကယ်မောင်နှင်လာသော အားခေ့(ခ)အားဆိုင်
ကိုရပ်တန့်၍ စစ်ဆေးရာ ဆိုင်ကယ်အရှေ့ဂွကြား မြွေရေခွံအိတ်အတွင်းရှိ (၁၂×၁၀)လက်မ ကတ်ထူဖာအတွင်း ထည့်ထားသော ပင်စိမ်းသီးများအောက်၌ အပြာရောက်ကပ်ခွာတစ်အိတ်လျင်(၂၀၀)ပြားပါ (၁၈၃)အိတ် အတွင်းမှ စိတ်ကြွ မူးယစ်ဆေး(၃၆၆၀၀)ပြားကို ဖမ်းဆည်းရမိသည်။
.
အဆိုပါ စိတ်ကြွဆေးပြားများကို အားဘောင် နှင့် နာဒေါ တို့က ယင်းကားဂိတ်သို့ ပို့ဆောင်ခိုင်းခဲ့ပြီး မိုင်းယောင်းသွားကားလက်မှတ်နှစ်စောင် ဖြတ်ခိုင်းခဲ့ကြောင်း ပို့ဆောင်ခအဖြစ် ကျပ်ငွေတစ်သိန်းခွဲနှင့် စိတ်ကြွဆေး(၅)ပြားသုံးစွဲစေခဲ့ကြောင်း စစ်ဆေးသိရသည်။ အားဘောင်နှင့်နာဒေါတို့သည် တိမ်းရှောင်လျက်
ရှိပြီး ၎င်းတို့နှစ်ဦးနှင့် စိတ်ကြွဆေးပြားများ သယ်ဆောင်ပေးသူ အားခေ့(ခ)အားဆိုင်(၂၈ နှစ်)  တို့ကို ကျိုင်းတုံ
မြို့မရဲစခန်းတွင်  အမှုဖွင့်ဆောင်ရွက်ထားကြောင်းသိရသည်။
.
.
သီရိ(ကျိုင်းတုံ)

No comments: