Sunday, November 27, 2016

မောင်တောမြို့နယ်အတွင်းရှိ လူဦးရေနှင့် အိမ်ထောင်စု စစ်ဆေးခြင်းလုပ်ငန်းများ ပြန်လည်စတင်


မောင်တောမြို့နယ်အတွင်းရှိ အကြမ်းဖက်သမားများကို ဖော်ထုတ် ဖမ်းဆီးမှုများနှင့်အတူ လူဦးရေနှင့် အိမ်ထောင်စု စစ်ဆေးခြင်းလုပ်ငန်းများ စတင်လုပ်ဆောင်နေကြောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ သိရသည်။

“အကြမ်းဖက်မှု ပါဝင်ပတ်သက်သူတွေကို ဖော်ထုတ်ဖမ်းဆီး အရေးယူမှုတွေ လုပ်နေသလို ကျေးရွာတွေကို အုပ်ချုပ်မှုအောက်ကို ရောက်ရှိစေရေးအတွက် ဆွဲတင်စစ်လုပ်ငန်းတွေပါ တစ်ပါတည်း လုပ်နေတာဖြစ်ပါတယ်။

ဆွဲတင်စစ် လုပ်တယ်ဆိုတာကတော့ နေအိမ်မှာရှိတဲ့ လူစာရင်းကို အိမ်ထောင်စုစာရင်းနဲ့ တိုက်ဆိုင် စစ်ဆေးပြီး ဓာတ်ပုံမှတ်တမ်းတွေနဲ့ ရယူတာဖြစ်ပါတယ်”ဟု နယ်ခြားစောင့်ရဲ အရာရှိတစ်ဦးက ပြောကြားသည်။

ယင်းသို့ ဆွဲတင်စစ် စစ်ဆေးခြင်းလုပ်ငန်းမှာ မောင်တောနယ်စပ်ကို တာဝန်ယူသည့် တပ်ဖွဲ့များက လုပ်ဆောင်ခဲ့သည့် လုပ်ငန်းဖြစ်ပြီး ဆွဲတင်စစ် စစ်ဆေးခြင်းဖြင့် တရားမ၀င် ၀င်ရောက်နေထိုင်သူများနှင့် တရားမ၀င် တစ်ဖက်နိုင်ငံသို့ ထွက်သွားသူများကို ဖော်ထုတ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ လုပ်ငန်းများကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနှင့်အတူ မြန်မာနိုင်ငံ အနောက်ဘက် တရားမ၀င် လူဝင်မှုတားဆီးကာကွယ်ရေးအဖွဲ့ (မကဖ) ၀န်ထမ်းများက ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ အကြမ်းဖက်မှုတွင် ပါဝင်သူများကို ဆက်လက်ဖော်ထုတ် ဖမ်းဆီးခြင်းများနှင့် နယ်မြေရှင်းလင်းရေး လုပ်ငန်းများကို နယ်ခြားစောင့်ရဲနှင့် တပ်မတော်မှ ဆောင်ရွက်နေကြောင်းလည်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။

တပ်မတော်နှင့် မြန်မာနိုင်ငံနယ်ခြားစောင့်ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့သည် ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၆ ရက် နံနက် ၉ နာရီခန့်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ၌ ပါဝင်ခဲ့သူများ ခိုအောင်းနေကြောင်း သတင်းရရှိသည့် မောင်တောမြို့နယ် ၀ါးပိတ်ကျေးရွာတစ်ဝိုက် နေရာများအား ရှင်းလင်းရာ မသင်္ကာဖွယ်တွေ့ရှိရသည့် ဆွေတာမောက် (၅၈ နှစ်)၊ ဆွေယော့ဟူဆောင်း (၆၅ နှစ်) နှင့် ဆာလီအာမွတ် (၅၁ နှစ်) တို့အား ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ သတင်းထုတ်ပြန်ခဲ့သည်။

အလားတူ နိုဝင်ဘာ ၂၄ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် နယ်ခြားမှတ်တိုင် (၅၀) အနီး နယ်စပ်ခြံစည်းရိုးပေါက်မှ တရားမ၀င် ၀င်ရောက်ကာ မိမိနိုင်ငံအတွင်းသို့ ရောက်ရှိနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နတ်ချောင်စရီမြို့နယ်၊ ဘာချာရီရွာနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဖာဂူတူဖျာ၊ (၄၀ နှစ်) (ဘ) နူရ်မော်ဂူရှိန်အား ဖမ်းဆီးရမိခဲ့ကြောင်း၊ နိုဝင်ဘာ ၂၅ ရက် ညနေ ၃ နာရီခန့်တွင် အကြမ်းဖက် တိုက်ခိုက်မှုနှင့် ဆက်စပ် တိုက်ခိုက်မှုများတွင် ပါဝင်သည်ဟု သံသယရှိသူ မောင်နှမတောင်ရွာမှ နိုရူကာမာ အပါအ၀င် ၁၆ ဦးအား သက်ကယ်ပြင်ကျေးရွာ နှင့် မောင်နှမကျေးရွာကြားမှ ဖမ်းဆီးရမိခဲ့ကြောင်း၊ နိုဝင်ဘာ ၂၄ ရက်တွင် ကျီးကန်းပြင် ရဲစခန်း အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်သည်ဟု သံသယရှိသူ ၁၁ ဦး မောင်နှမရွာနှင့်  ဂူတပြင်ရွာမှ လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ၀ါးပိတ်ကျေးရွာ ဦးရှည်ကျကျေးရွာမှ ၁၃ ဦး အား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန် ချက်များအရ သိရသည်။              

Writer: 

သားရွှေဦး

No comments: