Tuesday, November 29, 2016

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နှင့်ပတ်သက်၍ ဥပဒေနှင့်အညီ အာမခံပေးနိုင်သည်ဟု ပညာရှင်များက ဆွေးနွေးကြပြီး မှန်ကန်မျှတစွာ ဆောင်ရွက်နိုင်ကြပါစေဟု သူရဦးရွှေမန်း ပြောကြား

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)နှင့် ပတ်သက်၍ ဥပဒေနှင့်အညီ အာမခံပေးနိုင်သည်ဟု ပညာရှင်များက ဆွေးနွေးကြပြီး မှန်ကန်မျှတစွာ ဆောင်ရွက်နိုင်ကြပါစေဟု ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းက နိုဝင်ဘာ ၂၈ ရက်တွင် Thura U Shwe Mann ဖေ့စ်ဘွတ် စာမျက်နှာ၌ ရေးသားပြောကြားသည်။

အဆိုပါရေးသားချက် အပြည့်အစုံမှာ “လက်ရှိ တည်ဆဲဥပဒေအရပင်၊ တရားရုံး တာဝန်ရှိသူနှင့် ရဲတို့က၊ အဂတိတရား ကင်းသော ဆင်ခြင်တုံ့တရားဖြင့်၊ ဥပဒေနှင့်အညီ အာမခံပေးနိုင်သည်ဟု ပညာရှင်များက ဆွေးနွေးကြသည်၊ မှန်ကန်မျှတစွာ ဆောင်ရွက်နိုင်ကြပါစေ” ဟု ရေးသားထားသည်။

အလားတူ သူရဦးရွှေမန်းက နိုဝင်ဘာ ၁၅ ရက်တွင် ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာမှပင် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နှင့်ပတ်သက်၍ ပုဒ်မ ၆၆ (ဃ) ဥပဒေကိစ္စများအပေါ် စကားများပြောနေကြကြောင်း၊ စကားများ များနေကြကြောင်း၊ ပြဿနာများ ရှိနေကြောင်း၊ ပြင်သင့်တာပြင်မည်လား၊ ဖျက်မည်လား၊ ဆက်ထားမည်လား၊ ဒါသည်မူဝါဒ ပြဿနာဖြစ်ကြောင်း၊ မူဝါဒက ဥပဒေဖြစ်လာသည်အတွက် ပေါ်လစီချမှတ်သူများနှင့် လွှတ်တော်က အရေးကြီးကြောင်း၊ ယင်း ဥပဒေကို ကိုင်တွယ်ကျင့်သုံးသူများသည် လိုတစ်မျိုး၊ မလိုတစ်မျိုး လုပ်လို့ရကြောင်း၊ ပြင်းထန်ကြောင်း၊ တစ်ချက်လွှတ်ဖြစ်နေသည်ဟု ဝေဖန်နေကြကြောင်း၊ ဥပဒေသည် တရားမျှတသော ဥပဒေဖြစ်ရန် နိုင်ငံနှင့် နိုင်ငံသားအကျိုး ဖြစ်ထွန်းရန် ဖြစ်သလို ကိုင်တွယ်ကျင့်ုံးသူများသည် မျှတမှုနှင့် ဆင်ခြင်တုံတရား ကောင်းဖို့လိုကြောင်းနှင့် ပြည်သူများ၏ သဘောထားဆန္ဒနှင့် အကြံပြုချက်များ မည်သို့ရှိကြသလဲဟု သူရဦးရွှေမန်းက ပြည်သူများ၏ သဘောထားတောင်းခံ ခဲ့သည်။

ထို့နောက် နိုဝင်ဘာ ၂၁ ရက်တွင် သူရဦးရွှေမန်းက ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နှင့်ပတ်သက်၍ ထပ်မံရေးသားရာတွင် လူတစ်ဦးတစ်ယောက်၊ တစ်ဖွဲ့အတွက်မဟုတ်ဘဲ နိုင်ငံတော်နှင့် နိုင်ငံသားအကျိုးစီးပွား အတွက် ကာကွယ်ရန်နှင့် လိုတစ်မျိုး၊ မလိုတစ်မျိုး ဥပဒေတစ်မျိုး မဖြစ်စေရန်အတွက် ပုဒ်မ ၆၆ (ဃ) ကို ဆက်လက်ထားရှိရမည် ဖြစ်ကြောင်း၊ သို့သော် ပြင်သင့်သည်ကို ပြင်ရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် အာမခံပေးခြင်း နှင့် လုပ်ထုံးလုပ်နည်း အပိုင်းကြောင့် မလိုအပ်သည့် ပြဿနာများ ဖြစ်နေရကြောင်း၊ ဒါ့အပြင် စိတ်ဝမ်းကွဲမှု၊ အထင်အမြင်လွဲပြီး ရင်ကြားစေ့ရေးကို ခက်ခဲစေမှု၊ အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းဆင်းရဲမှုများကြောင့် ဖြစ်ပေါ်နေရသည်ဟု ဝေဖန်ထောက်ပြအကြံပြုမှုများ ရှိနေကြကြောင်း၊ အဆိုပါကိစ္စရပ်အပေါ် သဘောထားမှတ်ချက်များ မည်သို့ပေးပို့လိုကြောင်း မေးမြန်းခဲ့သည်။

ဆက်သွယ်ရေးဥပဒေကို သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၈ ရက်တွင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး ယခင်အစိုးရ လက်ထက်တွင် ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခံရသူ ခုနစ်ဦးရှိကာ ပြစ်ဒဏ်ချမှတ်ခံခဲ့ရသူ ငါးဦးရှိကြောင်း ဆက်သွယ်ရေးဥပဒေဆိုင်ရာ သုတေသနအဖွဲ့ မှတ်တမ်းများအရ သိရသည်။ ထိုသို့ ယခင်အစိုးရလက်ထက် အရေးယူခဲ့သည့် အမှုများသည် သမ္မတ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် လက်ရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ပတ်သက်သည့် အမှုများသာဖြစ်ကြောင်း အရေးယူခဲ့သည့် မှတ်တမ်းများအရ သိရသည်။

လက်ရှိအစိုးရလက်ထက်တွင်  ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခံရသည့် အမှုပေါင်း ၂၇ မှုရှိပြီး ပြစ်ဒဏ်ချမှတ်ခံရသူ သုံးဦးနှင့် ဖမ်းဆီးချုပ်နှောင်ခံရသူ ၁၂ ဦးအထိရှိနေကြောင်း၊ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၆ ရက်အထိ ရရှိသောသတင်းများအရ ပုဒ်မ ၆၆ (ဃ) ဖြင့် တရားရုံးတင်ပြီး တရားစွဲဆိုမှု ၃၄ မှုရှိပြီဖြစ်ကြောင်း ဆက်သွယ်ရေး ဥပဒေဆိုင်ရာ သုတေသနအဖွဲ့ မှတ်တမ်းများအရ သိရသည်။               

Writer: 

ကျော်ဇင်ဝင်း

No comments: