Saturday, November 26, 2016

ကျည်လုံရေချိုးခန်းတွေ ပါဝင်ပြီး ခမ်းနားထည်ဝါလွန်းသော အိမ်တော်သို့ ပြောင်းရွှေ့နေထိုင်သည့် အိန္ဒိယ ပြည်နယ်ဝန်ကြီးချုပ် ဝေဖန်ခံရ

အိန္ဒိယနိုင်ငံ တီလန်ဂါနာပြည်နယ်ရဲ့ ပြည်နယ်ဝန်ကြီးချုပ်ဟာ ကျည်လုံရေချိုးခန်းတွေ ပါဝင်ပြီး နန်းတော်တမျှ ခမ်းနားထည်ဝါလွန်းတဲ့ အိမ်တောင်ကို ပြောင်းရွှေ့နေထိုင်ခဲ့တာကြောင့် ဝေဖန်မှုတွေ ထွက်ပေါ်လျက် ရှိပါတယ်။

အဆိုပါ ပြည်နယ်ဝန်ကြီးချုပ် ပြောင်းရွှေ့နေထိုင်တဲ့ အိမ်တော်ဟာ စတုရန်းပေ တစ်သိန်းလောက် ကျယ်ဝန်းပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၇ ဒသမ ၃ ခန့်ထိ ကုန်ကျခဲ့တယ်လို့ ဒေသတွင်း မီဒီယာရဲ့ဖော်ပြချက်အရ သိရပါတယ်။

ယင်းအိမ်တော်မှာ ကျည်လုံရေချိုးခန်းတွေ အပြင် လူ ၅၀၀ ခန့်ဆန့်တဲ့ အစည်းအဝေးခန်း လူ ၂၅၀ ဆန့် ကဇာတ်ရုံတွေလည်း ပါဝင်ပါသေးတယ်။

အဆိုပါ အိမ်တော်ကို ပြည်နယ်ဝန်ကြီးချုပ် ရာအို ကိုးကွယ်တဲ့ ဂရုတစ်ပါးရဲ့ အကြံပေး လမ်းညွှန်မှုနဲ့ တည်ဆောက်ထားတာလို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

အဲဒီလို တီလန်ဂါနာ ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ခမ်းနားလွန်းတဲ့ အိမ်တော်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ အမျိုးမျိုး ပေါ်ထွက်လျက် ရှိကာ ကျည်လုံရေချိုးခန်းတွေကတော့ အိန္ဒိယက လူမှုကွန်ရက် သုံးစွဲသူတွေကြား လှောင်ပြောင်စရာ ဖြစ်လျက်ရှိပါတယ်။

“သူ့ခမျာ ရေချိုးခန်းဝင်တာတောင် စိတ်မအေးရှာပါလား” လိုမျိုး မှတ်ချက်တွေလည်း လူမှုကွန်ရက် စာမျက်နှာတွေထက်မှာ ပေါ်ထွက်လျက် ရှိပါတယ်။

မစ္စတာရာအိုဟာ အဆောက်အဦ ပြုပြင်ဆောက်လုပ်ခြင်းနဲ့ ပတ်သက်တဲ့ ရှေးဟိန္ဒူအယူဝါဒတွေကို အထူးတလည် ယုံကြည်သူတစ်ဦး ဖြစ်ပါတယ်။

မစ္စတာရာအိုဟာ မကြာသေးခင်ကလည်း သူ့ပြည်နယ်ထဲက အဆောက်အဦတစ်ခုဟာ ပြည်နယ်ကို ကံဆိုးမှုတွေ ကျရောက်စေနိုင်တယ်ဆိုပြီး ဖြိုဖျက်ကာ အသစ်ပြင်ဆောက်ဖို့ ကြိုးစားခဲ့တဲ့အတွက် သတင်းတွေထဲမှာ ဖော်ပြခံခဲ့ရပါသေးတယ်။

Ref : BBC

THE VOICE

No comments: