Sunday, November 27, 2016

ရွှေတိဂုံစေတီ လုံခြုံရေးအတွက် ဒေါ်လာ နှစ်သောင်းခွဲတန် Anti - Drone တစ်စင်းကို ဝယ်ယူ

ရန်ကုန်၊ နိုဝင်ဘာ ၂၆

ရွှေတိဂုံစေတီ လုံခြုံရေးဆိုင်ရာ စောင့်ကြည့်စစ်ဆေးရေးတွင် အထောက်အကူဖြစ်စေရန် ဒေါ်လာ နှစ်သောင်းခွဲတန် Anti - Drone တစ်စင်းကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ညွှန်ကြားချက်အရ ရွှေတိဂုံစေတီ ဂေါပကအဖွဲ့က ဝယ်ယူ၍ စမ်းသပ်မောင်းနှင်မှု ပြုလုပ်နေကြောင်း အမှတ် (၂) လုံခြုံရေး ကွပ်ကဲမှု ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မြဝင်းက ပြောကြားသည်။

“ကင်မရာ အလုံးရေ တပ်ဆင်ထားမှုနဲ့ ကနဦး သရုပ်ပြ မောင်းနှင်စမ်းသပ်ချက်အရ အရည်အသွေးကောင်း Drone အမျိုးအစားတစ်ခုပါပဲ၊ ရွှေတိဂုံဘုရား ဂေါပကအဖွဲ့က ရဲတပ်ဖွဲ့ ညွှန်ကြားမှုနဲ့ ဘုရားကြီးရဲ့ လုံခြုံရေး အပိုင်းမှာ အသုံးပြုဖို့ ဝယ်ယူခဲ့တာပါ” ဟု ၎င်းထံမှ သိရှိရသည်။

စင်ကာပူနိုင်ငံမှ မှာယူခဲ့ရသော အော်ဒီယမ် - 7 အမည်ရှိ အဆိုပါ Anti – Drone မှာ အစ္စရေးနိုင်ငံ၏ နည်းပညာဖြင့် ထုတ်လုပ်ထားသော ပုံရိပ်ဖမ်းမှု အားကောင်းသည့် ကင်မရာများ အထူးတပ်ဆင်ထားခြင်းကြောင့် ရွှေတိဂုံဘုရား ပရဝဏ်အတွင်း Drone များ လွှတ်တင်ထားရှိကာ အမြဲစောင့်ကြည့် စစ်ဆေးနိုင် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။ 

“ဒီ Drone ကို လွှတ်တင်အသုံးပြုပေးနိုင်တဲ့ နည်းပညာရှင်ပိုင်းကို ဌားရမ်းရမယ်၊ အခု စမ်းသပ်ကြည့်ပြီးလို့ မှာယူပေးတဲ့ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီတစ်ခုကို ငွေပေးချေတော့မယ်၊ ရွှေတိဂုံဘုရား လုံခြုံရေးကို မလစ်ဟင်းရအောင် အဓိက ဝယ်ယူခဲ့တာပါ” ဟု ရွှေတိဂုံဘုရား ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရွှေတိဂုံဘုရား အနီးဝန်းကျင်တွင် ယခုနှစ်အတွင်း Drone လာရောက်လွှတ်တင် အသုံးပြုသူတို့ကို ဘုရားလုံခြုံရေးအတွက် ဂေါပကအဖွဲ့မှ ခေါ်ယူသတိပေးကာ သိမ်းဆည်းအချို့ရှိခဲ့ပြီး ၎င်း Drone နှင့် ပက်သက်သော သတင်းစာရှင်းလင်းပွဲကို ရွှေတိဂုံဘုရား ဂေါပကအဖွဲ့မှ ပြုလုပ်ခဲ့ကြောင်း ယင်းဂေါပကအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

ရန်ကုန်မြို့တွင် ပြည်သူများ ထိတ်လန့်စေသည့် ဖောက်ခွဲမှုအချို့ ဖြစ်ပွားလာခြင်းကြောင့် လုံခြုံရေး အရေးကြီးသော ရွှေတိဂုံဘုရားတွင် ရဲတပ်ဖွဲ့၏ လုံခြုံရေး ရယူမှုကို ဘက်ပေါင်းစုံမှ တိုးမြှင့်ဆောင်ရွက်နေပြီး လုံခြုံရေးအရ ဧည့်စာရင်း စစ်ဆေးမှုပါ ပူးတွဲဆောင်ရွက်လျက် ရှိကြောင်း အမှတ် (၂) လုံခြုံရေး ကွပ်ကဲမှု ရဲတပ်ဖွဲ့ထံမှ သိရသည်။

THE VOICE

No comments: