Friday, October 28, 2016

MPT M50

Device Support – MPT
Price - 99,000 Ks

အားသာချက်
ဈေးနှုန်းသက်သာတဲ့ တန်ဖိုးနည်း စမတ်ဖုန်း အမျိုးအစား ဖြစ်တာကြောင့် ငွေကြေးချွေတာ လိုသူတွေ အတွက်တော့ ရွေးချယ်နိုင်မယ့် ဖုန်းဖြစ်ပါတယ်။ တန်ဖိုးနည်း ဖုန်းအမျိုးအစားဖြစ်ပေမယ့် ဖုန်းမှာထည့်သွင်း အသုံးပြုထားတဲ့ CPU နဲ့ ဖုန်းရဲ့တည်ဆောက်မှု ပုံစံဒီဇိုင်းတွေဟာ ကောင်းမွန်တယ်လို့ ဆိုနိုင်တဲ့အပြင် Gesture Sensor စနစ် အသုံးပြုခြင်း တွေကိုလည်း ဒီဖုန်းမှာ မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။
အားနည်းချက်
ဖုန်းမှာပါဝင်တဲ့ မှတ်ဉာဏ်ဟာ 8GB ဖြစ်ပေမယ့် တကယ်တမ်း အသုံးပြုနိုင်တဲ့ မှတ်ဉာဏ်ဟာ 4GB  ကျော်ကျော်လောက်ပဲ ရှိတဲ့အတွက် မှတ်ဉာဏ်များများ သုံးချင်တဲ့ သူတွေအနေနဲ့ SD Card ကို အသုံးပြုရ ပါလိမ့်မယ်။ Sim 1 နေရာမှာ MPT ကတ်ကို မဖြစ်မနေထည့်သွင်း အသုံးပြုထားမှသာ ဖုန်းကွန်ရက် စနစ်ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အခြား Sim Card တွေနဲ့ ဆိုရင်တော့ ဖုန်းကိုအသုံးပြုလို့ ရနိုင်မှာမဟုတ်ပါဘူး။
ဒီဇိုင်း
ဖုန်းကို တည်ဆောက်ထားတဲ့ ပုံစံဒီဇိုင်းလှပ သေသပ်တယ်လို့ ဆိုနိုင်တဲ့ဖုန်း ဖြစ်ပါတယ်။ နောက်ပိုင်းထွက် တန်ဖိုးမြင့် စမတ်ဖုန်းတွေရဲ့ ဖွဲ့စည်းတည်ဆောက်ပုံနဲ့ တူညီတဲ့အပြင် ကိုင်တွယ်အသုံးပြုချိန်မှာလည်း ထိတွေ့မှုက ကောင်းမွန်တာ တွေ့ရမှာပါ။ ဖုန်းကိုယ်ထည် ဘေးဘောင်ပတ်လမ်း တစ်ခုလုံးကို သတ္တုဘေးဘောင်ပတ်လမ်းနဲ့ တည်ဆောက် ထားတာဖြစ်ပြီး နောက်ဘက် ကာဗာပေါ်မှာလည်း ချောမွေ့ တောက်ပြောင်တဲ့ 2.5D Curvy Glasses နဲ့ ကာကွယ်ပေးထားတာ တွေ့ရမှာပါ။ ဖုန်းတစ်ခုလုံးရဲ့ အရွယ်အစားကတော့ အထက်အောက်အမြင့် ၁၄.၄ စင်တီမီတာ၊ ဘေးတိုက်အကျယ် ၇.၁ စင်တီမီတာနဲ့ ထုထည်ကတော့ ၀.၆၈ စင်တီမီတာ ဖြစ်တဲ့အတွက် ပါးတယ်လို့ဆိုရမယ့် ဖုန်းပါပဲ။
မြင်ကွင်း
၅.၀ လက်မရှိတဲ့ HD on-cell, Full Lamination Screen အမျိုးအစားဖြစ်ပြီး Screen Resolution တွေကိုတော့ ဖော်ပြထားတာ မတွေ့ရပါဘူး။
နည်းပညာ
တန်ဖိုးနည်းဖုန်း အမျိုးအစား ဖြစ်တဲ့အတွက် နည်းပညာ ပိုင်းမှာတော့ ထူးခြားဆန်းပြားတဲ့ နည်းပညာ အသစ်အဆန်းတွေကို အများအပြား အသုံးပြုထားတာ တွေ့ရမှာ မဟုတ်ပါဘူး။ Gesture Sensor အသုံးပြုစနစ်တွေ ပါဝင်ပြီး Screen Double Tap စနစ်နဲ့ Screen ဖွင့်ခြင်းစနစ်၊ Screen ပိတ်ထားချိန်မှာ Screen ပေါ်မှာ သတ်မှတ်ထားတဲ့ သင်္ကေတတွေကို ရေးဆွဲပြီး မိမိအသုံးပြုလိုတဲ့ စနစ်တွေထဲကို ချက်ချင်း ဝင်ရောက်နိုင်တဲ့ စနစ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် ဖုန်းကို ကွန်ပျူတာ တွေမှာလိုမျိုး User Account နဲ့ Guest အကောင့်တွေ ခွဲခြားအသုံးပြုနိုင်တဲ့ စနစ်ကိုလည်း မြင်တွေ့ရမှာပါ။
သုံးသပ်ချက်
ဖုန်းတစ်ခုလုံးကို ခြုံငုံသုံးသပ် ကြည့်မယ်ဆိုရင်တော့ MPT M50 ဟာ ဖုန်းရဲ့ဈေးနှုန်းနဲ့ ဖုန်းမှာဖွဲ့စည်း တည်ဆောက်ပေးထားတဲ့ စနစ်တွေ၊ အသုံးပြုနိုင်မှု ပုံစံတွေဟာ မျှတမှုရှိတယ်လို့ ဆိုနိုင်ပါတယ်။ Gesture စနစ်နဲ့ User Account စနစ်တွေ အသုံးပြုနိုင်တဲ့အပြင် Google ၀န်ဆောင်မှုနဲ့ မြန်မာစာ စနစ်တွေလည်း ပါဝင်တဲ့အတွက် ပြည်တွင်းနဲ့ ကိုက်ညီမှုရှိတယ်လို့ ဆိုနိုင်ပါတယ်။ ပုံစံဒီဇိုင်းပိုင်းကလည်း ပေးရတဲ့ဈေးနှုန်းနဲ့ ကြည့်ရင် စိတ်ကျေနပ်စရာပါပဲ။ Sim Card ထည့်သွင်း အသုံးပြုခြင်း အပိုင်းမှာတော့ အသုံးပြုသူ စိတ်ကြိုက် Sim Card တွေကို ထည့်သွင်းဖို့အတွက်တော့ အခက်အခဲ ရှိနိုင်ပါလိမ့်မယ်။
Network        GSM - 2G/ 3G
SIM              Dual SIM (Micro SIM & Nano Sim)
OS               Android OS, v5.1
CPU              Quad Core 4*1.2GHz
Memory        Internal 8 GB, 1 GB RAM, Micro SD 32GB
Camera         8 MP, autofocus, LED flash, touch focus, HDR,
                      Front 5 MP
Wi-Fi             Yes
Bluetooth     Yes
Battery          Polymer Li-Ion 2000mAh Battery

သူတို့အမြင်
D Mobile (YGN)
ဈေးနှုန်းက ကိုးသောင်းကျော် တစ်သိန်းဝန်းကျင် ပဲဆိုတော့ ဈေး နှုန်းသက်သာ တယ်လို့တော့ ပြောရမယ်။ ပြီးတော့ နောက်ထပ် ကြိုက်တာတစ်ခုက ဒီဇိုင်းပိုင်းပေါ့။ ဒီဇိုင်းကလည်း မဆိုးဘူး။ တော်တော်လေး ကြည့်ကောင်းပြီးတော့ ကိုင်ရတာလည်း ကောင်းပါတယ်။ ဖုန်းထဲမှာ Motion စနစ်လေးတွေ ထည့်ပေးထားတာနဲ့ User Account တွေ ခွဲသုံးလို့ရတဲ့ စနစ်လေးတွေ ပါတာကလည်း သုံးတဲ့သူတွေအတွက် ဒါက ဆွဲဆောင်မှု တစ်ခုလိုပါပဲ။ ဒါပေမဲ့ Display ကိုတော့ သိပ်မကြိုက်ဘူး။ Memory ကလည်း 16GB လောက်ဆို Customer က ပိုစိတ်ဝင်စားနိုင်မယ်လို့ ထင်တယ်လေ။ Sim Card အသုံးပြုတဲ့ အပိုင်းမှာ ဆိုရင်လည်း သတ်မှတ်ချက် ရှိနေတဲ့အတွက် Sim Card မတူတဲ့ သူတွေကြတော့ ကိုင်ဖို့စဉ်းစား ကြလိမ့်မယ် ထင်ပါတယ်။
မဖူးပွင့် (YGN)
MPT M50 ကို ဘာလို့ဝယ်လဲဆိုတော့ အဓိကတော့ ဈေးနှုန်းကြောင့်လို့ပဲ ပြောရမယ်။ ဈေးနှုန်းသက်သာတာရယ်၊ ဒီဇိုင်းလေး လှတာရယ်ကြောင့် ဝယ်ဖြစ်သွားတာပါ။ ဖုန်းရဲ့ဒီဇိုင်းက နောက်ပိုင်းထွက် ဈေးနှုန်းမြင့်တဲ့ ဖုန်းတွေနဲ့  ပုံစံချင်းဆင်တယ်။ လှပါတယ်။ ကျွန်မက MPT ကတ်ပဲ ကိုင်တာဆိုတော့ ဒီဖုန်းက ကျွန်မအတွက် သိပ်အခက်အခဲ မရှိဘူး။ အခြားကတ် ကိုင်တဲ့သူတွေဆိုရင်တော့ အဆင်ပြေချင်မှ ပြေမှာပေါ့နော်။ ဖုန်းထဲမှာ အကောင့်ခွဲ သုံးလို့ရတဲ့ စနစ်လေးတွေနဲ့ Motion စနစ်လေးတွေလည်း အသုံးပြုရတာ အဆင်ပြေပါတယ်။ Memory ဒီထက်နည်းနည်း ပိုများရင်တော့ ပိုကောင်းမှာပေါ့။ ကင်မရာတော့ သိပ်မကြိုက်ဘူး။ ကင်မရာက Megapixels အသင့်အတင့် ရှိပေမယ့် ဓာတ်ပုံရိုက်ရတာတော့ သိပ်စိတ်တိုင်းမကျဘူး။
လူကြီးမင်း မိုဘိုင်း (YGN)
M50 မှာတော့ ပြောရမယ်ဆိုရင် ဈေးနှုန်းတစ်သိန်း ဝန်းကျင်နဲ့ ဒီဇိုင်းလှလှလေး အသုံးပြုနိုင်တာကတော့ ကောင်းတဲ့အချက် တစ်ခုပေါ့နော်။ ဒီဇိုင်းလေးလှတယ်၊ ပြီးတော့ ဖုန်းထဲက အသုံးပြုရတဲ့ စနစ်လေးတွေကလည်း မဆိုးပါဘူး။ တော်တော် အဆင်ပြေပြေလေး လုပ်ပေးထားတာတွေ့ရတယ်။ ဒါပေမဲ့ ဈေးနှုန်းတစ်သိန်း ဝန်းကျင်ပဲ ရှိပေမယ့် Sim Card နှစ်ကတ်သုံးရင် Memory ထပ်စိုက်လို့ မရတဲ့အတွက် အဲဒီအချက်ကိုတော့ Customer တွေက သိပ်သဘောမကျ ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူကဖုန်းထဲမှာပါတဲ့ မှတ်ဉာဏ်ကလည်း 8GB ပဲရှိတော့ Memory Card က သုံးချင်ကြတယ်။ ပြီးတော့ Network ပိုင်းမှာလည်း Sim Card ရွေးချယ်တဲ့အတွက် ဒါကလည်း Customer တိုင်း သုံးဖို့သိပ်မလွယ်ဘူး ဖြစ်နေတာပေါ့။
Sim Slot 1 နေရာမှာ MPT ကတ်ကို ထည့်သွင်း အသုံးပြုထားမှသာ ဖုန်းကွန်ရက်စနစ်ကို အသုံးပြုနိုင်မှာပါ။ Sim Card တစ်ကတ်မှ ထည့်သွင်းအသုံးမပြု ထားဘူးဆိုရင်တော့ ကွန်ရက်စနစ် အသုံးမပြုနိုင်ပေမယ့် အခြားဖုန်းမှာ ပါဝင်တဲ့စနစ်တွေကိုတော့ အသုံးပြုနိုင်ပါတယ်။ Sim 1 နေရာမှာ MPT မဟုတ်တဲ့ အခြား Sim တစ်ခုခုကို ထည့်သွင်းထားမယ် ဆိုရင်တော့ ဖုန်းတစ်ခုလုံးကို အသုံးပြုခွင့်ရရှိနိုင်မှာ မဟုတ်ပါဘူး။ အခြား Sim ထည့်လိုက်ရင် MPT Sim ကို ထည့်ဖို့ စာပေါ်လာမှာဖြစ်ပြီး ဖုန်းကိုပါဝါ ပိတ်ဖို့ပြောမှာ ဖြစ်ပါတယ်။
  
Gesture စနစ်မှာတော့ ဖုန်းကို Double Tap စနစ်နဲ့ ဖုန်း Screen ဖွင့်ခြင်းအပြင် Screen ပိတ်ထားချိန်မှာ Screen ပေါ်မှာ သတ်မှတ် သင်္ကေတတွေကို ရေးဆွဲပြီး အသုံးပြုချင်တဲ့ စနစ်တွေကို မှတ်သားပြီး အလွယ်တကူ ဝင်ရောက်နိုင်တဲ့ စနစ်တွေ ပါဝင်ပါတယ်။
  
Gesture စနစ်ကို On လုပ်ပြီး သွားရင်တော့ အောက်ဘက်မှာ Double Click ဆိုတာရှိပါတယ်။ ဒီနေရာမှာ On လုပ်လိုက်ရင် ဖုန်းကို Screen Off လုပ်ထားတဲ့ အချိန်မှာ Screen ပေါ်မှာ လက်နဲ့နှစ်ချက် ပုတ်လိုက်ရုံနဲ့ Screen ကို ဖွင့်ပေးနိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် အောက်ဘက်မှာ Move Down, Move Up, Right, Left စနစ်တွေအပြင် Paint C, Paint M အစရှိတဲ့ စနစ်တွေကိုလည်း  မြင်တွေ့နိုင်ပါတယ်။ ဒီစနစ်တွေဟာ Screen ပေါ်မှာ ရေးဆွဲဖို့ သတ်မှတ်ထားတဲ့ စနစ်တွေဖြစ်ပြီး ကိုယ်ကြိုက်တဲ့ သင်္ကေတပေါ်မှာ အသုံးပြုချင်တဲ့ စနစ်တွေကို ဖြည့်စွက်ရမှာပါ။ ဥပမာ Move Up စနစ်ကို ဖွင့်လိုက်မယ်ဆိုရင် Move Up စနစ်ကို အသုံးပြုတဲ့ အချိန်မှာ ဘယ်စနစ်ကို ဖွင့်မယ်ဆိုတာကို စိတ်ကြိုက်ရွေးချယ် အသုံးပြုရမှာ ဖြစ်ပါတယ်။
  
 
User ဆိုတဲ့ စနစ်ကတော့ ဖုန်းထဲမှာ အကောင့်တွေကို ခွဲခြားပြီး အသုံးပြုတဲ့စနစ် ဖြစ်ပါတယ်။
  
အကောင့်တွေကို ခွဲခြားပြီး အသုံးပြုတဲ့အခါမှာ ကိုယ်ပိုင်အကောင့်အတွက် Password တွေ အသီးသီးပေးပြီး အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ Second အကောင့်အတွက် ဖုန်းမှာ အသုံးပြုခွင့်ကိုတော့ မူလအကောင့် ပိုင်ရှင်ကသာ ထိန်းချုပ်အသုံးပြုခွင့် ပေးနိုင်မှာဖြစ်ပါတယ်။
  
  
  

1 comment:

အလင်္ကာ said...

SIM 1 မှာ အခြားကဒ်တွေအသုံးပြုလိုရရင် ပိုအဆင်ပြေပါတယ်