Monday, October 31, 2016

နိုင်ငံတော်အစိုးရမှ အခြေခံဈေးနှုန်း (Minimum Support Price) ဖြင့် စပါးဝယ်ရေးစီမံချက် ဆောင်ရွက်ပေးရန် စီစဉ်

Posted: October 31, 2016

တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်ရေးနှင့် မြှင့်တင်ရေး ဥပဒေအရ ဖွဲ့စည်းထားသော ကော်မတီများမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး အစိုးရတို့ ပူးပေါင်း၍ နိုင်ငံတော်အစိုးရမှ အခြေခံဈေးနှုန်း (Minimum Support Price) ဖြင့် စပါးဝယ်ရေးစီမံချက် ဆောင်ရွက်ပေးရန် စီစဉ်လျှက်ရှိကြောင်း သိရသည်။

 

ယင်းကဲ့သို့ ၀ယ်ယူနိုင်ရေးအတွက် အစိုးရ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် တာဝန်ရှိသူများ ဆွေးနွေးခဲ့ပြီး ဖြစ်ကြောင်းလည်း သိရသည်။

 

ပြည်ပသို့ ဆန်တင်ပို့ရောင်းချနိုင်ရန် အစိုးရအချင်းချင်း လက်မှတ်ရေးထိုးနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်း

ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဆောင်ရွက်သွားမည်ဖြစ်ပြီး လိုအပ်လာပါက စီးပွားကူးသန်းအနေဖြင့် စပါးပြည်ပ တင်ပို့ရောင်းချခွင့် ပြုနိုင်ရေးအတွက် အကန့်အသတ် (ဥပမာ- အချိန်ကာလ(သို့မဟုတ်) တန်ချိန်) ဖြင့် ခွင့်ပြုရန် ညှိနှိုင်း ဆောင်ရွက်ပေးရန် ရှိကြောင်း ဆန်စပါးအသင်းချုပ်မှ ဒေါက်တာစိုးထွန်းက ပြောသည်။

 

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဖွဲ့စည်းတည်ထောင်ထားသည့် MAPCO မှလည်း အခြောက်ခံစက်(Dryer) များ တင်သွင်း၍ ဆန်စက်များတွင် စပါးအခြောက်ခံ ဝန်ဆောင်မှု ပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျှက်ရှိရာမြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အသင်းဝင် ဆန်ကုန်သည်များ၊ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်များနှင့် ဆန်စက်ပိုင်များမှလည်း တောင်သူများထံမှ စပါးဝယ်ယူပေးခြင်းနှင့် ပြည်ပသို့တင်ပို့ခြင်းကို တိုးမြှင့်ဆောင်ရွက် သွားမည်ဖြစ်ဟု ဆိုသည်။

 

ဆန်လုပ်ငန်းရှင် တစ်ဦးဖြစ်သည့် ဦးစိုင်းကျော်ကလည်း “ငွေဈေးသာ ကြီးကြီးမားမား ပြောင်းလဲမှု မရှိဘူးဆိုရင် လက်ရှိစပါးဈေးဟာ အရမ်းနည်းနေပြီး ပြန်လည်ဦးမော့ လာမယ်လို့ ထင်ပါတယ်” ဟု သုံးသပ်သည်။

 

ယခုနှစ်သည် ပြည်ပသို့ ဆန်တင်ပို့မှု လျော့ကျခဲ့ရခြင်းကြောင့် ဆန်လုပ်ငန်းရှင်များနှင့် တောင်သူများအတွက် အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရသော နှစ်ဖြစ်ရာ စပါးပေါ်ကာစတွင် စပါးတင်းတစ်ရာလျှင် ကျပ် ၃၇၀၀၀၀ ရှိခဲ့သော်လည်း လက်ရှိတွင် ကျပ် ၃၂၀၀၀၀ နှင့် ၃၅၀၀၀၀ ကြားတွင်သာ ရှိနေသည်ဟု လုပ်ငန်းရှင်များထံမှ သိရသည်။

 

ဝသန်

The Ladies News

No comments: