Friday, October 28, 2016

မြန်မာနိုင်ငံစီးပွားရေး အခြေအနေ၊ ငွေကြေးဖောင်းပွမှု အခြေအနေတို့နှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့် လွှတ်တော် ကော်မတီသုံးခုတို့ တွေ့ဆုံဆွေးနွေး

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့် လွှတ်တော်ကော်မတီ သုံးခုမှ အဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ်များ အောက်တိုဘာ ၂၆ ရက်က တွေ့ဆုံဆွေးနွေးနေစဉ် (ဓါတ်ပုံ- Sai Hak facebook)

မြန်မာနိုင်ငံ စီးပွားရေးအခြေအနေ၊ ငွေကြေး ဖောင်းပွမှု အခြေအနေတို့နှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့် လွှတ်တော် ကော်မတီသုံးခုတို့ အောက်တိုဘာ ၂၆ ရက်တွင် ပြည်ထောင်စုလွှတ်တော် (D) ဆောင်၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) International Monetary Fund နှင့် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၊ ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေး ကော်မတီတို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တွေ့ဆုံမှုတွင် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က မြန်မာနိုင်ငံ စီးပွားရေး တုံ့နှေးနေမှုအခြေအနေ၊ ငွေကြေးဖောင်းပွမှု အခြေအနေ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အခြေအနေ၊ ငွေလဲလှယ်နှုန်း၊ ငွေကြေးဈေးကွက် အခြေအနေ လေ့လာတွေ့ရှိမှု ခန့်မှန်းချက်တို့နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး လွှတ်တော် ကော်မတီ အဖွဲ့ဝင်များကလည်း မေးခွန်းမေးမြန်းခြင်းနှင့် ပြန်လှန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“အဓိကတော့ ၄၊ ၅၊ ၆ ချက်တော့ရှိပါတယ်။ တစ်အချက်ကတော့ မြန်မာနိုင်ငံစီးပွားရေး အခြေအနေပေါ့နော်။ နောက်ပြီးတော့ ငွေကြေးလဲလှယ်မှု အခြေအနေ၊ ငွေကြေး ဖောင်းပွမှု အခြေအနေတွေ၊ နောက် GDP တိုးတက်မှုနှုန်းနဲ့ နောက် အခွန်ရငွေဆိုင်ရာ ကိစ္စရပ်တွေပေါ့။ နောက်ပြီးတော့ ဘဏ္ဍာရေး လိုငွေဖြည့်တင်းခြင်းဆိုင်ရာ ကိစ္စရပ်တွေပေါ့။ အဲဒီအပေါ်မှာ သူတို့တွေ့ရှိချက်၊ လေ့လာချက်တွေကို ကျွန်တော်တို့ကို ရှင်းပြတယ်။ ပြီးတော့ သူတို့ရဲ့ ခန့်မှန်းခြေပေါ့။ ကျွန်တော်တို့နဲ့ ဆွေးနွေးတဲ့ ရတဲ့ရလဒ်ကို သူတို့ IMF အဖွဲ့ကနေပြီးတော့ သူတို့ရဲ့ဌာနချုပ်ကိုပြန်ပြီး တင်ပြပြီးတော့ မြန်မာနိုင်ငံနဲ့သက်ဆိုင်တဲ့ သုံးသပ်ချက် ထွက်လာပါလိမ့်မယ်။ အဲဒါတွေကိုလည်း ကျွန်တော်တို့ မြန်မာနိုင်ငံအစိုးရအနေနဲ့ လိုက်နာဆောင်ရွက်သင့်တဲ့ အချက်အလက်တွေ ပါဝင်ပါလိမ့်မယ်” ဟု ပြည်ထောင်စု လွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ အဖွဲ့ဝင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က ပြောကြားသည်။

ငွေကြေးဖောင်းပွမှုနှင့် ပတ်သက်၍ “သူတို့ပြောတာကတော့ ပြီးခဲ့နှစ်က ငွေကြေး ဖောင်းပွမှုနှုန်းကို သူတို့မှန်းတာ ခုနစ်၊ ရှစ်ပဲ လောက်ပေါ့၊ အခုကျတော့ ၁၃ လောက်အထိ တက်သွားနိုင်တဲ့ အနေအထားဖြစ်နေတယ်ပေါ့။ သိပ်မကြာခင် အချိန်အတွင်းမှာတော့ ပြန်ကျလာဖို့ အလားအလာရှိပါတယ်လို့ ပြောပါတယ်” ဟု ဦးစိုင်းသီဟကျော်က ဆိုသည်။

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ တစ်နှစ် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၉ ဒသမ ၁၆ ရာခိုင်နှုန်းရှိကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေး ၀န်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားသည်။

ယခုနှစ် စက်တင်ဘာတွင် ချင်းပြည်နယ်သည် ၂၃ ဒသမ ၀၉ ရာခိုင်နှုန်းဖြင့် ပျမ်းမျှငွေ ကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးဖြစ်ပေါ်ခဲ့ပြီး ရခိုင်ပြည်နယ်သည် ၁၈ ဒသမ ၀၄ ရာခိုင်နှုန်း ဖြင့် ဒုတိယအမြင့်ဆုံးဖြစ်ကာ ကယားပြည်နယ်သည် ၁၅ ဒသမ ၈၀ ရာခိုင်နှုန်းဖြင့် တတိယအများဆုံး ဖြစ်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ကော်မတီထဲက တချို့ကျတော့ လက်ရှိစီးပွားရေးအခြေအနေက ဘက်မညီမှုတွေ ဖြစ်နေတယ်ဆိုတဲ့အကြောင်းတွေပေါ့။ IMF ကလည်း ဆွေးနွေးပါတယ်။ ကျွန်တော်တို့ဘက်ကလည်း ဆွေးနွေးပါတယ်။ ဘက်မညီဘူးဆိုတာက တစ်ဖက်က ငွေကြေးဖောင်းပွနေတယ်။ ဒီဒေါ်လာဈေးနှုန်းတွေ တက်နေတယ်။ ရွှေဈေးနှုန်းတွေ တက်နေတယ်။ တစ်ဖက်က အဲဒီလိုမျိုးတက်နေပေမယ့် တစ်ဖက်ကကျတော့ ထုတ်ကုန်သီးနှံတွေ ဈေးနှုန်းတွေက ကျနေတယ်။ တက်ရင်တော့ အားလုံးတက်ရမှာပေါ့။ ကျရင်လည်း အားလုံးကျရမှာပေါ့။ အဲဒီလိုဆို ခံသာတယ်ပေါ့။ အခုကျတော့ အဲဒီလိုမျိုး ဘက်မညီတဲ့ ပုံစံအနေအထားတွေ ဖြစ်နေတယ်ပေါ့”  ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က ပြောကြားသည်။

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF အနေဖြင့် ငွေကြေးမူဝါဒကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ရန် လိုအပ်ကြောင်းကိုလည်း ထည့်သွင်းအကြံပြုခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့အနေဖြင့် အခွန်အကောက်ရငွေပိုင်းဆိုင်ရာ၌ နည်းပညာ အကူအညီများပေးလျက်ရှိကြောင်း သိရသည်။         

Writer: 

မျိုးမင်းထက်

No comments: