Monday, October 31, 2016

တာဝန်ကြီးသူများအနေဖြင့် တင်ပြလာသည့် စီမံကိန်းလုပ်ငန်းများကို ဖြစ်နိုင်မဖြစ်နိုင် သေချာစွာ စုံစမ်းလေ့လာပြီးမှ ခွင့်ပြုဆောင်ရွက်သင့်ဟု လွှတ်တော်ကိုယ်စားလှယ်ဆို


Posted: October 29, 2016

တာဝန် ကြီးကြီးမားမား ယူထားကြသူများအနေဖြင့် အောက်ခြေမှ တင်ပြလာသည့် စီမံကိန်းလုပ်ငန်းများကို ဖြစ်နိုင်မဖြစ်နိုင် သေချာစွာ စုံစမ်းလေ့လာပြီးမှ ခွင့်ပြုဆောင်ရွက်သင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွှန့်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ ကိုယ်စားလှယ် ဦးရန်အောင်က အောက်တိုဘာ ၂၈ ရက်တွင် ပြောဆိုလိုက်သည်။

 

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး တတိယပုံမှန် အစည်းအဝေးတွင် ရေပေါ်တက္ကစီ အမှန်တကယ် အကောင်အထည်ဖော်ရန် ရှိမရှိ၊ ခရီးသွား ပြည်သူလူထုအတွက် အကျိုးစီးပွားမည်မျှ ဖြစ်ထွန်းနိုင်မည်၊ မည်သို့သော လေ့လာချက်၊ သုတေသန ဆောင်ရွက်ချက်များ ပြုလုပ်ပြီးစီးပြီဆိုသည်ကို သိရှိလိုကြောင်း မေးမြန်းရာတွင် ဦးရန်အောင်က ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

 

“လျှပ်စစ်ရထားဟာဆိုရင် တိကျသေချာတဲ့ စစ်တမ်းကောက်ယူမှု အားနည်းခဲ့ခြင်း အလုံမြို့နယ်မှ ဗိုလ်တထောင်မြို့နယ်သို့ပြေးဆွဲခဲ့တဲ့ လျှပ်စစ်ရထားဟာ လူထုရဲ့လက်တွေ့ဘ၀များနဲ့ မကိုက်ညီခြင်း တို့ကြောင့် ဘဏ္ဍာငွေများစွာ ဆုံးရှုံးခဲ့ရပြီး တိတ်ဆိတ်စွာနဲ့ နိဂုံးချုပ်ခဲ့ရပါတယ်။ ဒါတွေကို တာဝန်ရှိသူတွေက သင်ခန်းစာယူစေချင်ပါတယ်။ ဖြစ်နိုင်မဖြစ်နိုင်ကို သေချာစွာ စုံစမ်းလေ့လာမှု မပြုလုပ်ဘဲ စိတ်ထင်တိုင်း ဆောင်ရွက်ခဲ့တဲ့အတွက် ကောက်ရိုးမီးလို ဟုန်းခနဲထတောက်ပြီး ငြိမ်းသွားရတာ ဖြစ်ပါတယ်” ဟုလည်း ဦးရန်အောင်က ထည့်သွင်းပြောဆိုခဲ့သည်။

 

အတိတ်ကာလ စီမံကိန်းအချို့သည် တာဝန်ယူမှု တာဝန်ခံမှု မရှိခဲ့သည့်အတွက် လိုအပ်သည့် လူမှုစစ်တမ်းများကို တိကျသေချာစွာ ဆန်းစစ်လေ့လာမှု မပြုလုပ်ခဲ့ဘဲ လူထုလိုအပ်ချက်နှင့် ကင်းကွာသည့် စိတ်ကူးများကို အကောင်အထည် ဖော်ခဲ့ခြင်းကြောင့် လူထု၏ ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးခဲ့ရသည်ဟုလည်း ဦးရန်အောင်က မေးခွန်းမေးမြန်းရာတွင် ထည့်သွင်းပြောဆိုခဲ့သည်။

 

ရေပေါ်တက္ကစီ ပြေးဆွဲမည့်ကိစ္စနှင့် ပတ်သက်၍ ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဒေါ်နီလာကျော်က “လှိုင်မြစ်နှင့် ငမိုးရိပ်ချောင်းများမှ ရန်ကုန်မြို့ထဲသို့ ရေလမ်းဖြင့် လာရောက်နိုင်မည့် ရေပေါ်တက္ကစီ ပြေးဆွဲရန်စီစဉ်နေပြီး လှိုင်မြစ်တစ်လျှောက်မှာ လှိုင်သာယာ- ပန်းဆိုးတန်း ခရီးစဉ်အတွက် ဆိုက်ကပ်နိုင်မယ့် ဆိပ်ကမ်း ၇ ခုနဲ့ ငမိုးရိပ်ချောင်း တစ်လျှောက်မှာ ဒဂုံမြောက်- မြောင်တန်း ခရီးစဉ်အတွက် ဆိပ်ကမ်း ၁၁ ခု တို့ကို သြဂုတ်လက စတင်ကာ လေ့လာခဲ့ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

ထို့အတူ မကြာမီကာလတွင် ပြည်တွင်းလုပ်ငန်းရှင် ပြည်တွင်းပြည်ပ ဖက်စပ်လုပ်ငန်းရှင်များကို တင်ဒါခေါ်ယူသွားမည် ဖြစ်ပြီး တင်ဒါခေါ်ယူရာတွင်လည်း ရေယာဉ်များ၏ ကြံ့ခိုင်မှု၊ မောင်းနှင်မည့် ပုဂ္ဂိုလ်များ၏ အဆင့်အတန်း အားလုံးကို အဖက်ဖက်မှ ပြည့်စုံအောင် ဆောင်ရွက်သွားမည်ဟုလည်း ၀န်ကြီး ဒေါ်နီလာကျော်က ပြောသည်။

 

ရေပေါ်တက္ကစီ ပြေးဆွဲရန်အတွက် ဂျပန်၊ ပြင်သစ်၊ အင်္ဂလန်နိုင်ငံတို့မှ ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်နေပြီး လာမယ့် ၂၀၁၇ နှစ်ဆန်းပိုင်းတွင် စတင်ပြေးဆွဲရန် စီစဉ်ထားသည်ဟုလည်း ၀န်ကြီးဒေါ်နီလာကျော်က ဆက်လက် ပြောကြားခဲ့သည်။

 

 

ဇော်မင်းထွန်း

The Ladies News

No comments: