Monday, October 31, 2016

ကင်ညာက မြန်မာ့ဆန်ကို ရသရွေ့ဝယ်မည်ဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၃ဝ

တရုတ်နိုင်ငံက အဖမ်းအဆီးများ နေခြင်းကြောင့် ဆန်တင်ပို့မှု လျော့ကျနေသော မြန်မာ့ဆန်ကို ကင်ညာနိုင်ငံက ရသရွေ့ ဝယ်ယူမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

သို့သော် နှစ်ဖက်ကုန်သည်များ အနေနှင့် ဈေးနှုန်း၊ သင်္ဘောတင်မည့် ကိစ္စများအတွက် ညှိနှိုင်းစရာများ ရှိနေပြီး ထိုသို့ ညှိနှိုင်းပြီးမှသာ အတိအကျ ပြောဆိုနိုင်မည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနမှ လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

“သင်္ဘောတင်မယ့် ကိစ္စဆိုလို့ရှိရင် ကင်ညာဘက်က သင်္ဘောလိုင်းတွေက ကျွန်တော်တို့ဆီကို အမြဲတမ်း ဝင်လေ့ မရှိဘူးလေ”ဟု ၎င်းက ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ကို အသိပေး ပြောဆိုသွားမည်ဖြစ်ပြီး ဆန်စပါး အသင်းချုပ်မှတစ်ဆင့် ပြန်လည် ဆက်သွယ်၍ ညှိနှိုင်း လုပ်ဆောင်စေမည်ဖြစ်ကြောင်း ဦးခင်မောင်လွင်က ရှင်းပြသည်။

ထိုသို့ ဈေးကွက်သစ် ရှာဖွေခြင်းများနှင့်အတူ ပုံမှန် တင်ပို့နေကျ နိုင်ငံများကိုလည်း တင်ပို့မှု လျော့ကျခြင်း မရှိစေရန် အတွက်လည်း လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ထံမှ သိရသည်။

ထို့ပြင် ဖိလစ်ပိုင် နိုင်ငံကလည်း မြန်မာ့ဆန်ကို ဝယ်ယူရန် ကမ်းလှမ်းထားသော်လည်း မြန်မာ့ဆန် ဈေးနှုန်းမှာ ဖိလစ်ပိုင်နိုင်ငံက လက်ရှိ ဝယ်ယူနေသည့် ဗီယက်နမ် ဆန်ထက် ဈေးနှုန်း မြင့်မားနေခြင်းကြောင့် ကမ်းလှမ်းမှုမှာ အဆင်ပြေခြင်း မရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။ 

No comments: