Monday, October 31, 2016

အကြံပေး နတ်ဆရာမ အရှုပ်တော်ပုံကြောင့် တောင်ကိုရီးယား သမ္မတ နုတ်ထွက်ပေးရန် လူထောင်ချီ ဆန္ဒပြ တောင်းဆို

ဆိုးလ်မြို့တွင် စနေနေ့က လူထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြကာ ပတ်ဂွမ်ဟီး နုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြသည်

ဆိုးလ်၊ အောက်တိုဘာ ၂၉ 

တောင်ကိုရီးယားနိုင်ငံ မြို့တော် ဆိုးလ်တွင် အမျိုးသမီးသမ္မတ ပတ်ဂွမ်ဟီး နုတ်ထွက်ပေးရေး လူထောင်ချီ ဆန္ဒပြ တောင်းဆိုခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။

သမ္မတ ပတ်ဂွမ်ဟီးက သူ၏မိန့်ခွန်းများကို မိတ်ဆွေဟောင်းတစ်ဦးက တည်းဖြတ်ပေးခဲ့ကြောင်း ဝန်ခံခဲ့ပြီး လူထုကို တောင်းပန်ခဲ့သလို သူ၏ အကြီးတန်း အကြံပေးပုဂ္ဂိုလ် ၁၀ ဦးကို ရာထူးမှ နုတ်ထွက်ခိုင်းခဲ့သော်လည်း လူထု၏ မကျေနပ်ချက်ကို မထိန်းချုပ်နိုင်ခဲ့ဘဲ ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ 

ချွိုင်ဆွန်ဆီလ် ဆိုသူ အမျိုးသမီးမှာ အစိုးရ ရာထူးတစ်စုံတစ်ရာ မရယူထားသော်လည်း မူဝါဒ ချမှတ်ရေးတွင် ဝင်ရောက်စွက်ဖက်ပြီး သမ္မတနှင့် အချိတ်အဆက်ရှိမှုကို  ဘဏ္ဍာရေး အကျိုးအမြတ်အတွက် အသုံးချခဲ့သည်ဟု ဝေဖန်ခံထားရသည်။

ပုံမှန်အားဖြင့် ဆိုပါက သမ္မတ၏ မိန့်ခွန်းကို မိတ်ဆွေတစ်ဦးက ကူညီတည်း ဖြတ်ပြင်ဆင်ပေးနေသည် ဆိုခြင်းမှာ ကန့်ကွက်လောက်ရသည်အထိ မကြီးကျယ်ဟု ထင်စရာ ရှိသော်လည်း ဖြစ်စဉ်မှာ ထို့ထက် နက်ရှိုင်းရှုပ်ထွေးသည်ဟု သတင်းများက ဖော်ပြသည်။

ချွိုင်ဆွန်ဆီလ်၏ ဖခင် ချွိင်တေမင်မှာ မကွယ်လွန်မီအထိ ပတ်ဂွမ်ဟီး၏ ကိုးကွယ်ယုံကြည်မှု ခံရသော နတ်ဆရာဆန်ဆန် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ဖခင် ကွယ်လွန်ပြီးနောက် ချွိုင်ဆွန်ဆီလ်သည် ယင်းနေရာကို ဆက်ခံပြီး ပတ်ဂွမ်ဟီး၏ သမ္မတ ရွေးကောက်ပွဲကာလ တစ်လျှောက်နှင့် သမ္မတဖြစ်ပြီး နောက်ပိုင်းကာလအထိ အကြံပေးသည့် အဆင့်ထက် ပိုသော ကြိုးကိုင်ချယ်လှယ်မှုမျိုး လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။ 

သမ္မတ၏ ဝန်ထမ်းများက ညွှန်ကြားချက်များ ပေးနေသာည့် ချွိုင်ဆွန်ဆီလ်ကို ဦးညွှတ်အရိုသေးပေးနေရပုံများ ပါဝင်သည့် ဗီဒီယိုဖိုင်ကို ချိုဆွန်ရုပ်သံက ထုတ်ပြန်ပေးခဲ့သည်။ 

ချွိုင်သည် ပတ်၏ ပြည်ပနိုင်ငံများတွင် ပြောသည့် မိန့်ခွန်းမျိုး အပါအဝင် အရေးကြီးသော မိန့်ခွန်းများကို သာမက မည်သည့်နေ့တွင် မည်သည့်အရောင် ဝတ်ရမည်၊ မည်သို့ လုပ်ဆောင်ရမည် ဆိုခြင်းအထိ အသေးစိတ် ညွှန်ကြားသော နတ်ဆရာ မယ်တော်ကြီးအသွင် လမ်းညွှန်ချယ် လှယ်နေခဲ့သည်ဟု စွဲချက်များ ထွက်ပေါ်လာခဲ့သည်။

အော်တိုဘာလ ၂၉  ရက်နေ့တွင် အစိုးရရှေ့နေများက သမ္မတ လက်ထောက်များ နေထိုင်ရာ နေအိမ်များကို ဝင်ရောက်စီးနင်းရှာဖွေမှုများ ပြုလုပ်ခဲ့ကြသည်။ 

ချွိုင်နှင့် အဆက်အသွယ် လုပ်သည်ဟု သံသယရှိသော တာဝန်ရှိသူများ၏ ကွန်ပျူတာများနှင့် ဖိုင်တွဲများကို သိမ်းဆည်းပြီး စစ်ဆေးလျက်ရှိသည်။

ယင်းနေ့ ညနေပိုင်းတွင် ဆိုးလ်၌ သမ္မတ ပတ်ဂွမ်ဟီး နုတ်ထွက်ပေးရန် တောင်းဆိုဆန္ဒပြသူ ၈၀၀၀ ခန့် ရှိသည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ ပွဲစီစဉ်သူများကမူ ဆန္ဒပြသူ ၂၀,၀၀၀ ဝန်းကျင် ရှိသည်ဟု ထုတ်ပြန်ခဲ့သည်။

“ပတ်ဟာ သမ္မတ တစ်ယောက်ရဲ့ အာဏာပိုင်မှုမျိုး မရှိတော့ပါဘူး။ တိုင်းပြည်တစ်ပြည်ကို အုပ်ချုပ်ဖို့ အခြေခံ အရည်အချင်းတောင် မရှိဘူး ဆိုတာ ဖော်ပြနေပါတယ်” ဟု အတိုက်အခံခေါင်းဆောင် လီဂျေမြောင်က ပြောကြားခဲ့သည်။

သမ္မတက ယင်းဖြစ်စဉ်အတွက် ပြီးခဲ့သည့်တစ်ပတ်က ရုပ်သံမိန့်ခွန်းဖြင့် လူထုကို ဝန်ချတောင်းပန်ခဲ့သော်လည်း အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့ခြင်း မရပေ။

ယခုအရှုပ်တော်ပုံကြောင့် ပတ်အပေါ် လူထုထောက်ခံမှု တစ်ဟုန်ထိုး ကျဆင်းခဲ့သလို အတိုက်အခံပါတီများက ပတ်ကို နုတ်ထွက်ပေးရန် တောင်းဆိုမှုများ ရှိလာခဲ့သည်။

အသက် ၆၄ နှစ်ရှိပြီ ဖြစ်သော ပတ်ဂွမ်ဟီးသည် ၂၀၁၂ ခုနှစ် သမ္မတ ရွေးကောက်ပွဲ အနိုင်ရပြီး နိုင်ငံကို အုပ်ချုပ်ခွင့်ရသည့် ပထမဆုံး အမျိုးသမီး ဖြစ်လာခဲ့သည်။ သမ္မတများကို သက်တမ်းနှစ်ကြိမ်ဆက် တာဝန်ထမ်းဆောင်ခွင့် ပြုရန်လည်း အဆိုပြုထားခဲ့ပြီး အရှုပ်တော်ပုံများ မပေါ်ထွက်မီအထိ လူထုထောက်ခံမှု အားကောင်းခဲ့သူ ဖြစ်သည်။

နောက်ကွယ်မှ ကြိုးကိုင်နေသည့် နတ်ဆရာမဟု စွပ်စွဲခံရသူ ချွိုင်မှာ ပြီးခဲ့သည့် လကတည်းက နိုင်ငံမှ ထွက်ခွာသွားခဲ့ပြီး လက်ရှိတွင် ဂျာမနီတွင် နေထိုင်လျက် ရှိသည်။  

No comments: