Friday, October 28, 2016

ယာဉ်မတော်တဆမှုဖြစ်လျှင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ထွက်ပြေးမှုကြောင့် ယာဉ်ပိုင်ရှင်ကိုပါ အရေးယူမည်ဟုဆို

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော ယာဉ်လိုင်းများ အား အရေးယူမှု အားပျော့နေသည်ဟု ထင်မြင်ယူဆသည့်အတွက် ပြစ်ဒဏ်များကို တိုးမြှင့်ရန် စီစဉ်ဆောင်ရွက်နေပြီး ယာဉ်မတော်တစ်ဆမှု ဖြစ်ပွားပါက ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ထွက်ပြေးမှုကြောင့် ယာဉ်ပိုင်ရှင်ကိုပါ အရေးယူရန် စီစဉ်ဆောင်ရွက်နေသည်ဟု စက်မှုလက်မှုနှင့်

လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ပြောဆိုလိုက်သည်။

 

“ယာဉ်မတော်တဆဖြစ်ပြီး လူသေဆုံးမှု ဖြစ်ပွားရင်လက်ရှိ ဥပဒေအရ ဖြစ်စဉ်ဖြစ်ပွားတဲ့ ယာဉ်ကို ၆ လ ပိတ်သိမ်းတာ၊ ယာဉ်လိုင်းမှ ကျန်ယာဉ်များ အလှည့်ကျ ငါးရက်စီ ပြေးဆွဲခွင့် ပိတ်သိမ်းတာဆိုတဲ့ ပြစ်ဒဏ်က ပေါ့နေတယ်လို့ ယူဆတဲ့အတွက် ပြစ်ဒဏ်တွေ တိုးမြှင့်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်” ဟု ၀န်ကြီးဒေါ်နီလာကျော်က ပြောသည်။

 

ဒဂုံမြို့သစ် တောင်ပိုင်း လွှတ်တော် ကိုယ်စားလှယ် ဦးညီညီက အောက်တိုဘာ ၂၈ ရက်က ကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ဘီအမ်ယာဉ်လိုင်းများ၏ ဥပဒေအား မထီမဲ့မြင်ပြုလုပ်၍ ပြည်သူများ ထိတ်လန့်ကာ အသက်ဆုံးရှုံးမှုများ ရှိနေ၍ ယာဉ်လိုင်းပိတ်သိမ်းခြင်း၊ စည်းကမ်းထိန်းသိမ်းခြင်း တို့ကို ဥပဒေနှင့်အညီ အမြန် ဆောင်ရွက်ပေးမှသာလျှင် ပြည်သူများ စိတ်ချမ်းသာစေနိုင်မည်ဖြစ်၍ မည်သို့ရှင်းလင်း ဆောင်ရွက်ပေးရန် အစီအစဉ်ရှိမရှိ မေးမြန်းမှုကို ၀န်ကြီးက ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

 

“လူသေဆုံးလို့ ၆ လ ပိတ်သိမ်းတယ်ဆိုတာ ဒီယာဉ်လိုင်းက ပိတ်သိမ်းတာ ဖြစ်တဲ့အတွက် တခြားယာဉ်လိုင်းတွေမှာ ခွင့်ပြုချက်မရှိဘဲ လုပ်တာတွေရှိပါတယ်။ ဒါတွေအားလုံးကိုလည်း စိစစ်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်က ဖြစ်ပြီးရင်ပြေးတာပါပဲ။ ပြေးရင် ကျွန်မအနေနဲ့ကတော့ ယာဉ်ပိုင်ရှင်ကိုပါ အရေးယူဖို့အတွက် စီစဉ်ဆောင်ရွက်နေပါတယ်” ဟု ၀န်ကြီးဒေါ်နီလာကျော်ကပြောသည်။

 

ထို့အတူ အများပိုင်ယာဉ်လိုင်းများ မပေါ်ပေါက်မီ ကာလအတွင်းတွင် ဘီအမ်ယာဉ်လိုင်းများ စည်းကမ်းဖောက်ဖျက်မှု မရှိစေရေးကိုလည်း ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သွားမည်ဖြစ်ပြီး အရေးယူ ဆောင်ရွက်ချိန်တွင်လည်း ပြည်သူများ သွားလာမှုထိခိုက်မှု မရှိစေရေးအတွက်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၀န်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

 

ဇော်မင်းထွန်း

The Ladies News

No comments: