Sunday, October 30, 2016

ငြိမ်းချမ်းရေးအတွက် ညီလာခံပြင်ပမှ အချိန် မဆွဲရန် ဒေါ်အောင်ဆန်းစုကြည် ပြောကြား


နေပြည်တော်၊ အောက်တိုဘာ ၂၉

 

ငြိမ်းချမ်းရေးအတွက် အမျိုးသားအဆင့် ဆွေးနွေးပွဲများ ပြုလုပ်ရန် အချိန် ရောက်ပြီဖြစ်သဖြင့်  တိုင်းရင်းသား လက်နက်ကိုင်များ ညီလာခံ ပြင်ပ၌နေ၍ အချိန် ဆွဲမနေရန် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (UPDJC) ဥက္ကဋ္ဌက ပြောကြားသည်။

 

ဒုတိယအကြိမ် ထပ်မံ ကျင်းပမည့် ငြိမ်းချမ်းရေး ညီလာခံ အစည်းအဝေး မစခင်အချိန်၌ပင် အပစ်အခတ် ရပ်စဲရေး လက်မှတ် မထိုးရသေးသူများ အနေနှင့် လက်ရေးထိုး၍ ယင်းညီလာခံ တိုင်းရင်းသား အားလုံး အပြည့်အဝ ပါဝင်လာရန် မျှော်လင့်ထားပြီး ယင်းမျှော်လင့်ချက်ကို အကောင်အထည် ပေါ်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

 

“ငြိမ်းချမ်းရေးညီလာခံထဲ ဝင်လာပြီး အချိန်ယူ ဆွေးနွေးဖို့ ကျွန်မက တိုက်တွန်းချင်ပါတယ်။ ငြိမ်းချမ်းရေး ညီလာခံ ပြင်ပကနေပြီး အချိန် မဆွဲပါနဲ့။ အားလုံး ပါဝင်ကြပါ။ ဒီလို ပြောခြင်းအားဖြင့် လက်မှတ် မရေးထိုးထားတဲ့ အဖွဲ့တွေရဲ့ အနေအထားကို နားလည်မှု မပေးတာ မဟုတ်ပါ ဘူး။ နားလည်မှု ပေးပါတယ်။ ဟိုဘက်ကလည်း ကျွန်မတို့ကို နားလည်မှု ပေးစေချင်ပါတယ်”ဟု ၎င်းက ဆိုသည်။

 

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကို နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ်တွင် ယနေ့ (အောက်တိုဘာ ၂၈) မွန်းလွဲပိုင်းတွင် ပြုလုပ်ခဲ့ပြီး တက်ရောက်လာသည့် တိုင်းရင်းသား ကိုယ်စားလှယ်တို့ကို ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

 

“ကျွန်မတို့ကို တချို့က အချိန်ပေးပါဦး၊ ဒုတိယအကြိမ် အစည်းအဝေး မတိုင်ခင် တစ်ခုခုဖြစ်အောင် လုပ်ပါ့မယ်လို့ဆိုတာ ကျွန်မတို့က အချိန်ကို မပေးချင်လို့ မဟုတ်ဘူး။ အချိန်ကို မဆွဲချင်လို့ အချိန် ဆွဲတာနဲ့ အချိန် ပေးတာနဲ့ မတူပါဘူး။ အချိန် ပေးတယ်ဆိုတာ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေပြီးအောင်လို့ လိုအပ်တဲ့ အချိန်ပေးတာ အချိန်ပေးခြင်းပါဘဲ။ အချိန်ဆွဲတယ် ဆိုတာဟာ တကယ်လုပ်ဖို့ မလိုအပ်ဘဲနဲ့ အကြောင်းကြောင်းကြောင့် ဆုံးဖြတ်ချက် မချချင်လို့ အချိန်ကို မကုန် ကုန်အောင် လုပ်တာက အချိန် ဆွဲခြင်း ဖြစ်ပါတယ်”ဟု ၎င်းက ထပ်လောင်း ပြောသည်။

 

ပဋိပက္ခများ ငြိမ်းချမ်းပြီး ချမ်းသာသော ပြည်ထောင်စု တည်ထောင်နိုင်ရန် လက်နက်ကိုင် တပ်ဖွဲ့ အားလုံးနှင့် သက်ဆိုင်သောကြောင့် လက်နက်ကိုင် တပ်ဖွဲ့များအနေဖြင့် ကတိကဝတ်တည်မှု၊ နားလည်မှု၊ ယုံကြည်မှု တည်ဆောက်နိုင်ရန် များစွာ လိုအပ်နေကြောင်း ၎င်းက ရှင်းပြသည်။

 

“ပဋိပက္ခ ရပ်ဆိုင်းရေးနဲ့ ငြိမ်းချမ်းရေး တွဲနေပါတယ်။ ခွဲထားလို့ မရပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် သဘောထား ဖလှယ်မယ်။ ဆွေးနွေး တိုင်ပင်ပြီးမှ အဖြေ ညှိရမယ်။ အဲ့အဖြေကို သဘောတူမှ အကောင်အထည် ဖော်ရမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

 

ယင်းအပြင် လက်နက်ကိုင် တိုင်းရင်းသားများနှင့် ဆက်နွယ်မှု မရှိသော တိုင်းရင်းသား အချို့သည် ငြိမ်းချမ်းရေးဖြင့် ပြည်ထောင်စု တည်ထောင်ချိန်တွင် မပါဝင်ရမည်ကို စိုးရိမ်စိတ်များ ရှိနေသောကြောင့် အားလုံး ပါဝင်နိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

 

ဒုတိယအကြိမ် ငြိမ်းချမ်းရေး ညီလာခံကို ၂ဝ၁၇ ဖေဖော်ဝါရီတွင် ကျင်းပမည်ဟု ရည်မှန်းထားခြင်း ဖြစ်သည်။

 

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ဆောင်မှုနှင့် ငြိမ်းချမ်းရေး ရရှိရန် လိုလားမှုဖြင့် ကုန်ကျမည့် ရန်ပုံငွေကို  ပြည်တွင်း ပြည်ပမှ အလှူရှင်များက လိုလားစွာ ပေးချင်သောကြောင့် ယင်းရန်ပုံငွေ ရရှိရေးကို NRPC မှ ဦးဆောင် လုပ်ကိုင်သွားရမည် ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံက ပြောကြားခဲ့သည်။

No comments: