Friday, October 28, 2016

မြန်မာနိုင်ငံတွင် ငါးနှစ်အောက် ကလေး ၃ ဦးလျှင် ၁ ဦး နာတာရှည် အာဟာရချို့တဲ့၍ အရပ်ပု

ရန်ကုန်၊ အောက်တိုဘာ ၂၇

မြန်မာနိုင်ငံ၏ လက်ရှိအနေအထားအရ ငါးနှစ်အောက် ကလေးငယ် ၃ ဦးလျှင် ၁ ဦးသည် နာတာရှည် အာဟာရချို့တဲ့၍ အရပ်ပုနေကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဒုတိယ တိုင်းပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဒေါ်ခင်စောရီက ပြောကြားသည်။

“မြန်မာနိုင်ငံမှာ ကောက်ယူထားတဲ့ စာရင်းတွေအရ စိုးရိမ်ဖွယ်ရာ ဖြစ်နေပါတယ်။ မြန်မာနိုင်ငံမှာ အသက်ငါးနှစ်အောက် ကလေး ၃ ယောက်မှာ ၁ ယောက်က အာဟာရချို့တဲ့ခြင်း၊ ဖွံ့ဖြိုးမှုချို့တဲ့ခြင်း၊ ပုညှက်ခြင်းဆိုတာ ခံစားနေရတယ်။ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာဆိုရင် ပိုပြီး ဆိုးရွားနေရပါတယ်” ဟု Save the Children ၏ Programme Development, Quality and Advocacy ဒါရိုက်တာ Ms.Katy Webley က ဆိုသည်။

ကလေးများ ပုညှက်ပြီး ဖွံ့ဖြိုးမှု ချို့တဲ့နေခြင်း ပပျောက်စေရန်အတွက် မိခင်ကိုယ်ဝန်ဆောင်စဉ်မှ ကလေးအသက် ၂ နှစ်ပြည့်သည့် ကနဦး ရက်ပေါင်းတစ်ထောင်ကာလ အတွင်း အာဟာရပြည့်ဝစွာ နေထိုင်စားသောက်မှုအား သတိပြုနိုင်ရန် လှုံ့ဆော်ပညာပေးခြင်း အစီအစဉ် မိတ်ဆက်ခြင်း အခမ်းအနားကို အောက်တိုဘာလ ၂၇ ရက်နေ့တွင် ကျင်းပခဲ့သည်။

ငါးနှစ်အောက် ကလေး ၇ ဒသမ ၉ ရာခိုင်နှုန်းသည် လတ်တလောတွင် အာဟာရ ချို့တဲ့ကာ ပိန်လှီနေကြောင်း၊ ကိုယ်ဝန်ဆောင်နှင့် ငါးနှစ်အောက် ကလေးများ၏ လေးပုံသုံးပုံခန့်သည် သွေးအားနည်းနေကြောင်း၊ ယင်းအချက်အလက်များကို ကြည့်ရှု့ခြင်းဖြင့် ကျန်းမာရေးနှင့် ညီညွတ်သည့် အစာများ စားသုံးမှု ဓလေ့ကို မြှင့်တင်ရန် လိုအပ်နေသည်ကို တွေ့ရကြောင်း ယင်းအခမ်းအနားတွင် ထုတ်ပြန်ချက်များအရ သိရသည်။

“နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ နိုင်ငံသားတိုင်း အာဟာရပြည့်ဝပြီး ဉာဏ်ရည်ဉာဏ်သွေး ပြည့်ဖို့ကလည်း အရေးပါတယ်။ နောက် သန္ဓေသား ဘဝကနေ စပြီးတော့ အသက် ၂ နှစ်အတွင်း ရက်တစ်ထောင် ကာလမှာ အာဟာရဆိုင်ရာ ပံ့ပိုးဖြည့်ဆည်းမှုက ရေတိုရော၊ ရေရှည်အတွက်ပါ အကျိုးများစေတဲ့အပြင် ဘဝတစ်လျှောက်လုံး အရေးအကြီးဆုံးနဲ့ ထိရောက်မှု အရှိဆုံး လုပ်ဆောင်ချက် ဖြစ်တယ်” ဟု ဒေါက်တာဒေါ်ခင်စောရီက ရှင်းပြသည်။

ကုလသမဂ္ဂ ထောင်စုနှစ်လွန် ဖွံ့ဖြိုးမှု ရည်မှန်းချက်များတွင်လည်း အာဟာရချို့တဲ့မှု၊ အာဟာရလွန်ကဲမှုများ လျော့နည်း ပပျောက်ရေးသည် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေသည်ကို တွေ့ရပြီး ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် မွေးစကိုယ်အလေးချိန် မပြည့်ခြင်းသည် သန္ဓေသား ဖွံ့ဖြိုးမှု နှေးကွေးခြင်းကြောင့် ပိုမိုအဖြစ်များသည်ကို တွေ့ရကြောင်း၊ ငါးနှစ်အောက် ကလေးငယ် သေဆုံးမှု၏ ထက်ဝက်ကျော်သည် အာဟာရချို့တဲ့မှုနှင့် ဆက်နွှယ်နေကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။          

No comments: