Friday, October 28, 2016

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ တန်ဖိုးမျှတအိမ်ရာ တိုက်ခန်းပေါင်း သုံးထောင်ကျော် လာမည့်နှစ်တွင် ရောင်းချပေးမည်

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည် မြို့နယ်ရှိ မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာအနီးတွင် တည်ဆောက်လျက်ရှိသည့် တန်ဖိုးမျှတ အိမ်ရာစီမံကိန်းမှ တိုက်ခန်းပေါင်း သုံးထောင်ကျော်အား လာမည့်နှစ်အတွင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

အဆိုပါစီမံကိန်းအား ၂ဝ၁၆ ခုနှစ် မေလက စတင်ဆောင်ရွက်ခဲ့ပြီး ခြောက်ထပ် တိုက်အလုံး ၁၄ဝ၊ အခန်းပေါင်း ၃၃၆ဝ ပါဝင်မည်ဖြစ်ပြီး တစ်ခန်းလျှင် ၆၅ဝ စတုရန်းပေ ကျယ်ဝန်း၍ အိပ်ခန်း နှစ်ခန်း ထည့်သွင်း တည်ဆောက် ထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီ အဆောက်အအုံနှင့် ကုန်ရုံ ဌာနမှူး ဦးဇော်ဝင်းက ပြောသည်။

 

''ဘယ်ပုံစံနဲ့ ရောင်းချမလဲ။ ဘယ်သူတွေကို ရောင်းပေးမယ် ဆိုတာတော့ မဆုံးဖြတ်ရသေးပါဘူး။ အဓိကအနေနဲ့ကတော့ အမှန်တကယ် အိမ်ရာလိုအပ်ချက် ရှိသူတွေကိုပဲ ဦးစားပေးရောင်းချ ပေးမှာပါ။ နိုင်ငံတကာမှာလည်း ဒီလိုပဲ ကျင့်သုံးနေကြတာ ဆိုတော့ ဝယ်ယူမယ့်သူတွေ အနေနဲ့ အလုပ်အကိုင် ရှိထားဖို့တော့ လိုတာပေါ့'' ဟု ၎င်းကပြောသည်။

 

ယခုတည်ဆောက်နေသည့် အိမ်ရာ စီမံကိန်းအား ဆောက်လုပ်ရေး ကုမ္ပဏီ ၄၇ မှ တာဝန်ယူ တည်ဆောက်ပေးခြင်း ဖြစ်ပြီး ဆောက်လုပ်ပြီးစီးပါက တိုက်ခန်းအားလုံးကို မန္တလးမြို့တော် စည်ပင်သာယာရေး ကော်မတီသို့ လွှဲပြောင်းအပ်နှံ၍ မြို့တော်စည်ပင်မှ ရောင်းချပြီးမှသာ ကုမ္ပဏီများသို့ ငွေပြန်လည် ပေးအပ်သွားမည့် စနစ်ဖြစ်သည်ဟု ပြန်ကြားရေးဝန်ကြီးဌာန သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။

 

The Ladies News

No comments: