Friday, September 30, 2016

ယူကရိန်းဝေဟင်တွင် MH17 လေယာဉ်ကို ပစ်ချခဲ့သည့် ဒုံးကျည်မှာ ရုရှားလုပ် ဖြစ်ကြောင်း စုံစမ်းရေးမှူးများ ထုတ်ပြန် 30-Sep-2016 tagged as ရုရှား ယူကရိန်း

ကိယက်ဗ်၊ စက်တင်ဘာ ၂၈

၂၀၁၄ ခုနှစ်က ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် မလေးရှား လေကြောင်းလိုင်းပိုင် ပျံသန်းမှု အမှတ်စဉ် MH17 လေယာဉ်ကို ပစ်ချခဲ့သည့် ဒုံးကျည်မှာ ရုရှားနိုင်ငံမှ တင်သွင်းလာခြင်း ဖြစ်ကြောင်း နိုင်ငံတကာ  စုံစမ်းရေးမှူးများက ထုတ်ပြန်ကြေညာခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြထားသည်။

ရုရှား ကျောထောက်နောက်ခံပြု သူပုန်တပ်များ ထိန်းချုပ်ထားသည့် နယ်နိမိတ်အတွင်းမှ လှမ်းပစ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း စုံစမ်းဖော်ထုတ်ခဲ့သည်။

ဒုံးကျည်ထိမှန်ခဲ့ခြင်းကြောင့် ဘိုးအင်း ၇၇၇ အမျိုးအစား ခရီးသည်တင် လေယာဉ်မှာ လေထုထဲတွင် ထက်ပိုင်းကျိုးသွားခဲ့ပြီး လိုက်ပါလာသည့် ခရီးသည် ၂၉၈ ဦးစလုံး သေဆုံးခဲ့ရသည်။

နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့မှ မလေးရှားနိုင်ငံ ကွာလာလမ်ပူသို့ ထွက်ခွာလာရာ ယူကရိန်းနိုင်ငံပေါ်မှ ဖြတ်သန်းစဉ်တွင် ပစ်ချခံခဲ့ရခြင်း ဖြစ်သည်။

ရုရှားကမူ ယခုတွေ့ရှိချက်ကို အမှန်ဟု လက်မခံနိုင်ကြောင်း ငြင်းဆိုခဲ့ပြီး မည်သည့် ရုရှားလက်နက်မျှ ယူကရိန်း အတွင်းသို့ ပို့ဆောင်ခဲ့ခြင်း မရှိကြောင်း ငြင်းဆိုခဲ့သည်။

“ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုအပေါ် အခြေခံပြီး MH17 ဟာ ရုရှားပြည်ထောင်စု နယ်မြေအတွင်းက လာတဲ့ Buk ဒုံးကျည်စီးရီး 9M83 ထိမှန်ပျက်ကျခဲ့တယ်လို့ ကျွန်တော်တို့ ကောက်ချက်ဆွဲနိုင်ပါတယ်” ဟု ဒပ်ခ်ျရဲစုံစမ်းရေးမှူးချုပ် ဝီးလ်ဘာ့တ်ပေါ်လစ်ဆင်က စက်တင်ဘာလ ၂၈ ရက်နေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဇူလိုင်လ ၁၇ ရက်နေ့နံနက်ပိုင်းတွင် ဒုံးကျည်ကို ယူကရိန်းနိုင်ငံ အတွင်းရှိ သူပုန်ထိန်းချုပ်ဒေသသို့ ရုရှားနိုင်ငံမှ ယူဆောင်လာခဲ့ခြင်း ဖြစ်ပြီး ယင်းနေ့တွင်ပင် လေယာဉ်ကို ပစ်ချခဲ့ခြင်း ဖြစ်ကာ နောက်တစ်နေ့တွင် ဒုံးလွှတ်လောင်ချာကို ရုရှားသို့ ပြန်လည်သယ်ဆောင်သွားခဲ့ကြောင်း ပေါ်လစ်ဆင်က ပြောကြားခဲ့သည်။

ဒုံးကျည်ပစ်လွှတ်ရာ နေရာမှာ ထိုစဉ်က သူပုန်များ လက်ထဲတွင် ရှိသော ပါဗိုမေ့စ်ခ်ယီး ကျေးရွာအနီးအနားမှ ကွင်းပြင်တစ်ခု ဖြစ်ကြောင်း ပါဒပ်ခ်ျ (နယ်သာလန်) ဦးဆောင်သည့် ပူးတွဲစုံစမ်းရေးအဖွဲ့ (JIT) က အသေးစိတ် ထုတ်ပြန်နိုင်ခဲ့သည်။

BBC သတင်းဌာန၏ မေးမြန်းမှုတွင် ကရင်မလင်နန်းတော် ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီပက်စ်ကော့ဗ်က “လက်ခံစရာ မရှိသလို ငြင်းဆိုစရာလည်း မရှိကြောင်း” ဖြေရှင်းခဲ့ပြီး ယင်းတွေ့ရှိချက်များမှာ ကနဦး မှန်းဆချက်များသာ ဖြစ်သည်ဟု နားလည်ထားကြောင်း ဖြေကြားခဲ့သည်။

“သူတို့ပြောတာကို အပြီးသတ် အမှန်တရားလို့ လက်မခံနိုင်ပါဘူး။ သူတို့ ပြောတာအတွက် သက်သေတစ်စုံတစ်ရာကိုမှ ခင်ဗျားတို့ မြင်ရမှာ မဟုတ်ပါဘူး” ဟု ပက်စ်ကော့ဗ်က ပြောကြားခဲ့သည်။

ဒုံးကျည်မှာ ရုရှားဘက်မှလာသည် ဆိုခြင်းကိုမူ ပက်စ်ကော့ဗ်က လုံးဝ ငြင်းပယ်ခဲ့သည်။

“ရုရှားလက်နက် တစ်စုံတစ်ရာ ယူကရိန်းနိုင်ငံထဲကို တင်သွင်းလာခဲ့တယ်၊ ရုရှားစစ်သားတွေ၊ ရုရှားတပ်တွေ ယူကရိန်းနိုင်ငံထဲ ဝင်လာခဲ့တယ်ဆိုတဲ့ အချက်ကိုတော့ ကျွန်တော်တို့ ငြင်းပါတယ်” ဟု ပက်စ်ကော့ဗ်က ပြောာကြားခဲ့သည်။

ယူကရိန်းသမ္မတ ပက်ထရိုပိုရိုရှင်ကိုကမူ “ဒီကြောက်မက်ဖွယ် ရာဇဝတ်မှုကြီးအတွက် ဘယ်သူ့ကို အပြစ်တင်ရမယ်ဆိုတဲ့ ခိုင်မာတဲ့သက်သေ ရပါပြီ” ဟု ပြောကြားခဲ့သည်။

နယ်သာလန် ဝန်ကြီးချုပ် မာ့ခ်ရူတီက ယခုကနဦး တွေ့ရှိချက်များသည် အဆုံးစွန်သော ရည်မှန်းချက်ဖြစ်သည့် ကျူးလွန်သူများကို ဖော်ထုတ်တရားစီရင်နိုင်ရေး အတွက် အရေးပါသော ခြေလှမ်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

မလေးဝန်ကြီးချုပ် နာဂျစ်ရာဇတ်ကလည်း အပြစ်ရှိသူများကို ဥပဒေနှင့်အညီ စီရင်နိုင်ရန် ခိုင်ခိုင်မာမာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

JIT မှ စစ်ဆေးရေးမှူးများသည် Buk ဒုံးကျည် သယ်ယူလာမှု၊ လေယာဉ်ပျက်ကျမှုနှင့် ဆက်စပ်နေသော လူ ၁၀၀ ၏ အမည်ကိုပါ ထုတ်ပြန်နိုင်ခဲ့သော်လည်း မည်သူ့တွင် ရာဇဝတ်ကြောင်းအရ တာဝန်ရှိသည် ဆိုခြင်းကိုမူ မဆုံးဖြတ်နိုင်သေးပေ။

ဒုံးလွှတ်လောင်ချာကို ယူကရိန်း အရှေ့ပိုင်းသို့ သယ်ဆောင်လာရန် မည်သူက အမိန့်ပေးခဲ့သည်၊ ပစ်လွှတ်ရန် မည်သူက အမိန့်ပေးခဲ့သည် ဆိုသည်တို့ကိုလည်း ဖော်ထုတ်ရန် အချိန်ယူရဦးမည် ဖြစ်သည်။

သတင်းစာရှင်းလင်းပွဲအတွင်း စုံစမ်းရေးမှူးများက ကြားဖြတ်ဖမ်းယူနိုင်ခဲ့သည့်  ဖုန်းဆက်သွယ်မှု အသံဖိုင်များကိုပါ ဖွင့်ပြခဲ့ပြီး ရုရှားမှ ယူကရိန်းသို့ ဒုံးလွှတ်လောင်ချာ သယ်ယူလာပုံကို မြင်တွေ့ခဲ့ရသည့် မျက်မြင်သက်သေများ၏ ပြောကြားချက်ကို ကိုးကားခဲ့သလို ဓာတ်ပုံနှင့် ဗီဒီယိုင် ဖိုင်များလည်း ထုတ်ပြန်ပေးခဲ့သည်။             

No comments: