Thursday, September 29, 2016

တရုတ်မြန်မာမိတ်ဖက် ဆက်ဆံရေး နှင့် လုံခြုံရေးကဏ္ဍ ပူးပေါင်းမှု အဆင့်မြှင့်တင်ရန် တရုတ်နိုင်ငံတော်ကောင်စီဝင်မှ တိုက်တွန်းတောင်းဆို

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် လူထုရေးရာ လုံခြုံရေးဌာန ၀န်ကြီး ကော်စိမ်းခွန် ( Guo Sheng Khun ) က တရုတ်- မြန်မာ နှစ်နိုင်ငံဆက်ဆံရေးတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို အဆင့်မြှင့်တင်ရန် အတွက် ကျယ်ပြန့်သည့် မဟာဗျူဟာမြောက် ဆက်ဆံရေးကို တည်ဆောက်ရန်အတွက် တိုက်တွန်းလိုက်သည်။

 

တရုတ်- မြန်မာ နှစ်နိုင်ငံ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ၅ ကြိမ်မြောက် အစည်းဝေးကို တက်ရောက်ခဲ့သည့် မစ္စတာကော်စိမ်းခွန်သည် သမ္မတဦးထင်ကျော်နှင့် အဂါင်္နေ့က တွေ့ဆုံစဉ် တိုက်တွန်းတောင်းဆိုခဲ့ခြင်း ဖြစ်သည်။

 

တရုတ်အနေဖြင့် မြန်မာနှင့် လုံခြုံရေး ၊ တရားဥပဒေ စိုးမိုးရေး အကြမ်းဖက်မှု နှိမ်နင်းရေးနှင့် မူးယစ်ဆေးဝါး နှိမ်နင်းရေးဆိုင်ရာ လုပ်ငန်းများတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်ရန် ဆန္ဒရှိနေကြောင်း ကောင်စီဝင်က ပြောကြားသည်ဟု တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။

 

မြန်မာသမ္မတ ဦးထင်ကျော်ကလည်း မြန်မာအနေဖြင့် တရုတ်နိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ကူညီမှု စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ကူညီမှုများကို မေ့မထားကြောင်းလည်း ပြောဆိုခဲ့သည်။

 

နေပြည်တော်တွင် ကျင်းပနေသည့် တရုတ် မြန်မာ ၅ ကြိမ်မြောက် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု အစည်းဝေး တက်ရောက်နေသည့် မစ္စတာကော်က တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုသည် တရုတ်- မြန်မာ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးတို့တွင် လွန်စွာ အရေးပါကြောင်း အစည်းဝေးတွင် ပြောကြားခဲ့သည်ဟု ဆင်ဟွာ သတင်းဌာနက ဖော်ပြသည်။

 

အရပ်သားအစိုးရသစ် လက်ထက်တွင် မြန်မာနိုင်ငံမှာ ဂျပန်နိုင်ငံနှင့် လုံခြုံရေး ကာကွယ်ရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်ရန် သဘောတူထားပြီး အမေရိကန်နိုင်ငံမှလည်း မြန်မာအပေါ် နှစ်ရှည်ချမှတ်ထားသည့် ပိတ်ဆို့မှုများ ရုပ်သိမ်းဖြေလျှော့ရန်ရှိနေကာ မြန်မာ့ တပ်မတော် ထိပ်သီးအရာရှိ အချို့မှာလည်း အမေရိကန်နိုင်ငံသို့ လတ်တလောကာလ အတွင်း သွားရောက်မှုများ ရှိသည်။

 

The Ladies News

No comments: