Friday, September 30, 2016

တရုတ်က ဘာလို့ မြည်းတွေ ပြည်ပကနေ အများကြီး ဝယ်နေရတာလဲ

တရုတ်နိုင်ငံဟာ ဒီဘက်နှစ်ပိုင်းမှာ ပြည်ပနိုင်ငံတွေကနေ မြည်းတွေအများကြီး တင်သွင်းနေရပါတယ်။

အထူးသဖြင့် အာဖရိက နိုင်ငံတွေဆီကပါ။ ဒီလို တရုတ်နိုင်ငံဘက်က ဝယ်လိုအား မြင့်မားလာမှုကြောင့် အာဖရိကနိုင်ငံတွေမှာ လစဉ် မြည်းတွေ သောင်းနဲ့ချီ သေဆုံးနေကြရပါတယ်။

ဒါကြောင့်ပဲ ဒီဘက်နှစ်ပိုင်းမှာ နိုင်ဂျာ၊ ဘူကီနာဖာဆို စတဲ့ အာဖရိကနိုင်ငံ အချို့ဟာ သူတို့ တိုင်းပြည်တွေထဲမှာ မြည်းတွေမျိုးတုန်းကုန်မှာ စိုးရိမ်လာတဲ့အတွက် မြည်းတင်ပို့ခြင်းကို ပိတ်ပင်တဲ့ ဥပဒေတွေတောင် ထုတ်ရတဲ့အထိ ဖြစ်လာခဲ့ပါတယ်။

ဒါဆိုရင် တရုတ်နိုင်ငံက ဘာဖြစ်လို့ မြည်းတွေ ပြည်ပကနေ အများအပြား ဝယ်ယူနေရတာလဲ။ အဖြေကတော့ တရုတ်လူမျိုး အများစု စွဲစွဲမြဲမြဲ သုံးနေတဲ့ တရုတ်တိုင်းရင်းဆေးတွေမှာ မြည်းကနေရရှိတဲ့ ejiao လို့ခေါ်တဲ့ အမယ်တစ်မျိုးက မပါမဖြစ် ဖြစ်နေလို့ပါပဲ။

အရင်တုန်းကတော့ တရုတ်နိုင်ငံအတွင်းက မြည်းတွေကနေပဲ ejiao ကို ထုတ်လုပ်ရယူနေရာကနေ ယခုအခါမှာ တရုတ်နိုင်ငံအတွင်းမှာ မြည်းအကောင်ရေက စိုးရိမ်စရာ ကောင်းလောက်အောင် လျော့ကျလာပြီး အခုလို ပြည်ပကနေ တင်သွင်းရတဲ့ အခြေအနေကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ စက်မှုလုပ်ငန်းတွေ ပိုမိုထွန်းကားလာတာနဲ့အမျှ ရိုးရာစိုက်ပျိုးရေး လုပ်ငန်းတွေ လျော့ကျလာပြီး မြည်းအကောင်ရေပါ လျော့ကျလာခဲ့တာပါ။ တရုတ်နိုင်ငံရဲ့ မြည်းအကောင်ရေဟာ ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်းမှာ ၁၁ သန်း ကနေ ၆ သန်းအထိ လျော့ကျခဲ့ပါတယ်။

ဒီလိုစက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးလာနေတဲ့ တရုတ်နိုင်ငံမှာ မြည်းအကောင်ရေ လျော့ကျခြင်းအပြင် အခြားသဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေနဲ့လည်း ရင်ဆိုင်ရလျက် ရှိပါတယ်။

Ref : CNN

No comments: