Friday, September 30, 2016

ကျောက်ဆည် နည်းပညာတက္ကသိုလ်တွင် အဖြေလွှာအချို့ မီးရှို့ခံရ

မန္တလေး၊ စက်တင်ဘာ ၃၀

ကျောက်ဆည်မြို့ အေးမြကြည်လင် ရပ်ကွက်ရှိ နည်းပညာတက္ကသိုလ်တွင် စာမေးပွဲအဖြေလွှာ အချို့ စက်တင်ဘာလ ၃၀ ရက် နံနက် ၅ နာရီ ၃၀ မိနစ်ခန့်က မီးရှို့ခံခဲ့ရကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရှိရသည်။

အဖြေလွှာများ ထားရှိသည့် အခန်းတံခါးသော့ကို ဖျက်ကာ ဓာတ်ဆီလောင်း၍ မီးရှို့ခဲ့ရခြင်း ဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားပြီး မိနစ် ၂၀ ခန့် အကြာတွင် မီးငြိမ်းနိုင်ခဲ့ကြောင်း ယင်းဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“မီးရှို့တာကို ကျောင်းသားလုပ်တာလို့ လတ်တလော ယူဆထားတယ်” ဟု ၎င်းက ပြောဆိုသည်။

လက်ရှိတွင် မီးလောင်သည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း ကျောက်ဆည်ခရိုင် မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇင်ထွန်းက ပြောကြားသည်။

အဖြေလွှာအချို့ မီးရှို့ခံရသည့် အခြေအနေနှင့် ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန် ကျောက်ဆည်မြို့ နည်းပညာတက္ကသိုလ်မှ လုံခြုံရေးတာဝန်ခံ ဦးတင်ထူးထံ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ရဲတပ်ဖွဲ့ထံသို့သာ မေးမြန်းရန် ဖြေကြားခဲ့သည်။

အဖြေလွှာအချို့သာ မီးလောင်ကျွမ်းခဲ့သဖြင့် ဆုံးရှုံးမှုတန်ဖိုး ကျပ်ခုနစ်ထောင် ဖြစ်ကာ ယင်းအမှုကို ကျောက်ဆည်မြို့မ ရဲစခန်းတွင် ပြစ်မှုပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်နေကြောင်း အဆိုပါစခန်း တာဝန်ကျ ရဲအရာရှိက ပြောကြားသည်။

ဓာတ်ပုံ - Than Htay

No comments: