Thursday, September 29, 2016

အငှားယာဉ်ငှားရမ်းစီးနင်းကာ ၀ိုင်းဝန်းရိုက်နှက်ခဲ့သူများကို ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးရာမှ လူငှား၍ရိုက်နှက်ရန် ခိုင်းစေခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်

 


ရန်ကုန်၊ စက်တင်ဘာ ၂၈

၂၁.၉.၂၀၁၆ ရက်နေ့ ၀၈၂၀ အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်နေ ဦးမြတ်သူရထွန်း သည် ဒေါပုံမြို့နယ်၊ တပ်ဖွဲ့ထိပ်ကားမှတ်တိုင်၌ ၎င်း၏အငှားယာဉ်ဖြင့် ခရီးသည်စောင့်ဆိုင်းနေစဉ် အမျိုးသား(၄)ဦးမှ သန်လျင်မြို့နယ်၊ ကုလားဝဲတံတားအလွန်သို့ ယာဉ်စီးခ ၇၀၀၀ ကျပ်ဖြင့် ငှားရမ်းသဖြင့် လိုက်ပါပို့ဆောင်ပေးရာ သန်လျင်မြို့၊ ၆ လမ်းသွား လမ်းဆုံအနီးအရောက် ယာဉ်အားခေတ္တရပ်ခိုင်းပြီး ယာဉ်ငှားရမ်းခကို အခြားတစ်ဦးမှလာရောက် ပေးမည်ဖြစ်ကြောင်းပြောဆိုသဖြင့် စောင့်ဆိုင်းနေစဉ် CC---- ပရိုဘောက် အငှားယာဉ် တစ်စီးရောက်ရှိလာပြီး ၎င်းယာဉ်ပေါ်မှ အမျိုးသားတစ်ဦးဆင်းလာကာ ငွေကျပ် ၃၀၀၀ သာပါရှိကြောင်းပြောဆိုသဖြင့် ဦးမြတ်သူရထွန်းမှ ယာဉ်စီးခမပေးတော့ရန်ပြောပြီးပြန်မည်ပြုစဉ် ၎င်းအမျိုးသားများမှ “မင်းအငယ်လေးလား”ဟုပြောဆိုပြီး ၀ိုင်းဝန်းထိုးကြိတ်ကာ ခဲဖြင့်ထုရိုက်ခဲ့ကြသဖြင့် ဒဏ်ရာများရရှိခဲ့ပြီး ၎င်းမောင်းနှင်သည့်အငှားယာဉ်ကို ထုရိုက်ကြသဖြင့် မော်တော်ယာဉ်မှာလည်း ပျက်စီးခဲ့ပါသည်။

ယင်းသို့ အခင်းဖြစ်ပွားကြောင်း သတင်းရရှိသည်နှင့် သန်လျင်မြို့မရဲစခန်းမှ လှည့်ကင်းမီးတန်းယာဉ်တာဝန်ကျ တပ်ဖွဲ့ဝင်များနှင့် အမှတ်(၆၁)ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူများအား လိုက်လံဖမ်းဆီးခဲ့ရာ ၆ လမ်းသွားလမ်းဆုံအနီးတွင် ယင်းသို့ကျူးလွန်သူ သန်လျင်မြို့နယ်နေသူများဖြစ်သည့် သန့်ဇင်ဦး၊(၂၂)နှစ်၊ အငွေလေး၊ (၄၃)နှစ်၊ ဇော်ဝင်း၊ (၄၇)နှစ်၊ကျော်မိုးခိုင်၊ (၃၇)နှစ်နှင့် ၀င်းရွှေ၊ (၅၀)နှစ်တို့(၅)ဦးကိုဖမ်းဆီးရမိခဲ့ပြီး သန်လျင်မြို့မရဲစခန်း (ပ)၁၆၆၅/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ-၄၄၀/၃၂၅/၁၁၄ဖြင့် အမှုဖွင့်အရေးယူခဲ့ပါသည်။

၎င်းတို့အားစစ်ဆေးချက်အရ ဦးမြတ်သူရထွန်းအား ယင်းကဲ့သို့ရိုက်နှက် ပေးရန် ခိုင်းစေသူများသည် သာကေတမြို့နယ်နေ ဇော်ဝင်း(ခ)ဇော်ကြီး၊ (၄၆)နှစ်နှင့် ဒေါပုံမြို့နယ်နေ ဆန်းဦး၊ (၄၅)နှစ်တို့ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့(၂)ဦးအား ဆက်လက်ဖမ်းဆီးခဲ့ပါသည်။

စစ်ဆေးချက်များအရ ယခင်က ဇော်ဝင်း(ခ)ဇော်ကြီးတို့ မိသားစုချင်း စိတ်ဝမ်းကွဲအောင် ဦးမြတ်သူရထွန်းမှ ပြောဆိုခဲ့သည်ဟု ဇော်ဝင်း(ခ)ဇော်ကြီးမှ မကျေမနပ်ဖြစ်နေပြီး ဦးမြတ်သူရထွန်းကို နာကျင်ဒဏ်ရာရရှိ
အောင်ပြုလုပ်ပေးရန် ဆန်းဦးအားငှားရမ်းခဲ့၍ ဆန်းဦးမှတစ်ဆင့် ငွေကျပ် ၇ သိန်းဖြင့် သန့်ဇင်ဦးပါ ၅ ဦးကို ထပ်ဆင့်ငှားရမ်းခဲ့ပြီး ကြိုတင်ကြံစည်ကာ ကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ပေါ်ပေါက်ချက်များအရ ၎င်းတို့ထံမှ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် သက်သေခံပစ္စည်းများအား သိမ်းဆည်းခဲ့ပြီး ၎င်းတို့(၇)ဦးကို အမှုဖြင့် ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments: