Thursday, September 29, 2016

ဘတ်ဂျက်စာမျက်နှာ ၀က်ဆိုဒ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့၏ အသုံးစရိတ်ဘတ်ဂျက်နှင့် ဗဟိုအစိုးရ၏ အသုံးစရိတ် ဘတ်ဂျက် ဟူ၍ ခေါင်းစဉ်နှစ်မျိုးဖြင့် တင်ပြမည်

ပွင့်လင်းမြန်မာ့ရှေ့ဆောင်မှ ပြုလုပ်မည့် ဘတ်ဂျက်စာမျက်နှာ ၀က်ဆိုဒ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့၏ အသုံးစရိတ် ဘတ်ဂျက်နှင့် ဗဟိုအစိုးရ၏ အသုံးစရိတ် ဘတ်ဂျက်ဟူ၍ ခေါင်းစဉ်နှစ်မျိုးဖြင့် တင်ပြသွား မည်ဖြစ်ကြောင်း ပွင့်လင်းမြန်မာ့ရှေ့ဆောင်မှ Project Coordinater ကိုကျော်သူဟန်က The Ladies သို့ ပြောကြားသည်။

 

ခေါင်းစဉ်နှစ်မျိုးဖြင့် တင်ပြရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့၏ ဘတ်ဂျက်အသုံးစရိတ်ကို ခေါင်းစဉ်တစ်မျိုး တည်းဖြင့် သာ ဖော်ပြ မည်ဖြစ်သော်လည်း ဗဟို အစိုးရ၏ ဘတ်ဂျက်အသုံးစရိတ်သည် ရရှိသည့် အခွန်၊ အခွန်အများဆုံး ရရှိသည့် ကဏ္ဍ၊ ရရှိသည့် အခွန်များကို အသုံးပြုမည့် ကဏ္ဍများ အစရှိသဖြင့် ခေါင်းစဉ်ခွဲများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

 

“၀က်ဆိုဒ်မှာ အစိုးရက ထုတ်ပြန်တဲ့ ဒေတာတွေကို ပြည်သူလူထု သိအောင် ချပြမှာပါ။ နိုင်ငံတကာနဲ့ ယှဉ်ရင်နေတော့ ပွင့်လင်းမြင်သာမှုက လိုသေး တယ်။ ဘတ်ဂျက် ကဏ္ဍမှာလည်း စုစုပေါင်းပမာဏတွေပဲ သိရသေးတယ်။ အသေးစိတ်တွေကို မသိရဘူး။ ပြည်သူကလဲ ဒါတွေကို စိတ်ဝင်စား တယ်”ဟု ကိုကျော်သူဟန်က ပြောသည်။

 

ဘတ်ဂျက်ဒေတာများ ချပြရာတွင် ဒေတာတစ်ခုတည်း ချပြရုံဖြင့် မသိရှိ နိုင်သောကြောင့် ဘတ်ဂျက်ရရှိသည့် ၀န်ကြီးဌာန အချင်းချင်း နှိုင်းယှဉ်ကာ ချပြမှသာလျှင် ဘတ်ဂျက်အနေအထားကို သိရှိနိုင်မည်ဟု ဆိုသည်။ ပွင့်လင်း မြန်မာ့ရှေ့ဆောင်မှ ပြုလုပ်သော ဘတ်ဂျက်စာမျက်နှာ ၀က်ဆိုဒ်ဖြစ်သည့် budget.omimyanmar.org တွင် ၀င်ရောက်ကြည့်ရှု နိုင်ကြောင်း သိရသည်။

 

ဝသန်

The Ladies News

No comments: