Friday, September 30, 2016

လွှတ်တော်ဥက္ကဋ္ဌနှင့် ဝန်ကြီးချုပ်တို့ အကြို ညှိနှိုင်းခြင်းသည် အခြေခံဥပဒေကို ချိုးဖောက်ရာ ရောက်ကြောင်း အတိုက်အခံ ပါတီများ ဝေဖန်

ရန်ကုန်၊ စက်တင်ဘာ ၂၉

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်သော အစိုးရအဖွဲ့နှင့်  တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့သည် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် တတိယအကြိမ် ပုံမှန် အစည်းအဝေး မစတင်မီ တစ်ရက် အလိုက  မေးခွန်းများ၊ အဆိုများ အကြို ညှိနှိုင်းခြင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ရာ ရောက်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

စက်တင်ဘာလ ၂၈ ရက်နေ့၌ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အပါအဝင် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ဥက္ကဋ္ဌနှင့် ဒု-လွှတ်တော် ဥက္ကဋ္ဌ တို့သည် မေးခွန်းများ၊ အဆိုများ အကြို ညှိနှိုင်း အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း ဦးဖြိုးမင်းသိန်း၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ဖော်ပြခဲ့သည်။

“ဦးဖြိုးမင်းသိန်းက ဖွဲ့စည်းပုံကို လိုက်နာဖို့ လိုတယ်။ အုပ်ချုပ်ရေး တာဝန်ယူတဲ့ အစိုးရအဖွဲ့နဲ့ ဥပဒေပြု လွှတ်တော်ဆိုတာ သီးခြား အဖွဲ့အစည်းတွေ ဖြစ်တယ်။ လွှတ်တော် ကိစ္စတွေကို ဝန်ကြီးချုပ်က စွက်ဖက်သလို ဖြစ်နေတာ သူ ကိုယ်တိုင် ကြီးမားတဲ့ အမှားကို လုပ်ဆောင်နေခြင်း ဖြစ်တယ်”ဟု ဦးစိုင်းညွန့်လွင်က ပြောဆိုသည်။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၁ (က)(ခ)တွင် နိုင်ငံတော် အချုပ်အခြာ အာဏာ၏ ခက်မ သုံးဖြာဖြစ်သည့် ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေး အာဏာနှင့် တရားစီရင်ရေး အာဏာတို့ အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်းတို့ ပြုသည်ဟု ဖော်ပြထားသည်။

အလားတူ ထိုပိုင်းခြားထားသည့်  နိုင်ငံတော် အာဏာရပ် သုံးခုကို ပြည် ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်စုများအား ခွဲဝေ အပ်နှင်းထားသည်ဟု ဆက်လက် ဖော်ပြထားသည်။

“ဒီမိုကရေစီစံနဲ့ ကိုက်ညီခြင်း မရှိဘဲ ဖွဲ့စည်းပုံ ဥပဒေကို အပြည့်အဝ ချိုးဖောက်နေတယ်”ဟု အမျိုးသား ဒီမိုကရေစီ ပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်က မှတ်ချက်ပေးသည်။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် ဖြစ်ပေါ်လာသော အစိုးရအဖွဲ့သည် ဖွဲ့စည်းပုံကို လေးစား လိုက်နာရန် လိုအပ်ပြီး၊ ရန်ကုန်တိုင်း အစိုးရအဖွဲ့သည်  တိုင်းလွှတ်တော်၏ အထက်ကို ရောက်ရှိနေကြောင်း ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဆိုသည်။

“ဖွဲ့စည်းပုံကြောင့် ဖြစ်လာတဲ့အစိုးရက ဖွဲ့စည်းပုံကို လိုက်နာဖို့လိုတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၅၁ မှာ အတိအလင်း  လုပ်ပိုင်ခွင့်တွေကို ပြဋ္ဌာန်းထားပြီး ဖြစ်တယ်”ဟု ဦးအေးမောင်က ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၅၁ ၌  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရသည် ပြည်ထောင်စု အစိုးရက ချမှတ်ထားသော မူဝါဒများနှင့်သော်လည်းကောင်း၊ ပြည်ထောင်စု ဥပဒေများနှင့်သော်လည်းကောင်း မဆန့်ကျင်ဘဲ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စပ်လျဉ်းသည့် စီမံကိန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်၏ သဘော တူညီချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဟု ဖော်ပြထားသည်။

No comments: